Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Friday, June 5, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈ ရက်မြောက်နေ့ 8th day of 900 miles for Long March

ဇွန်လ၊ ၄၊ ၂၀၀၉ ခုနှစ် (ကြာသာပတေး)
မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်ချီတက်ခြင်း စတင်ခဲ့သည်မှာ ၈ ရက်ပြည့် မြောက် သွားပါပြီ
Ohio ပြည်နယ် က Ottawa မြို့  ကြိုဆိုရေး ဆိုင်းဘတ်လေးပါ၊
လက်ရှိမှာတော့ Gilboa ဆိုတဲ့ ရွာလေးကို ရောက်နေပါတယ်
နေပူပူကျဲကျဲမှာ အခုလို စွမ်းစွမ်းတမံ အလံများကို လွှင့်ထူပြီး ရှောက်လှမ်းနေဆဲပါ

သတင်းသမားများကလည်း အားကြိုးမန်တက် ဓါတ်ပုံများ ရိုက်ယူ၍

ခရီးသွားများကလည်း UN သို့ တင်သွင်းမည့် စာများတွင် စိတ်ဝင်တစား ကားများကို ရပ်နား၍ လက်မှတ်ထိုးပေးကြ၊ အဝေးရောက် မြန်မာပြည်သားများ အိပ်ပျော်နေချိန်မှာ နိုင်ငံခြားသားများက မြန်မာ့အရေးကို စိတ်ဝင်တစားနဲ့ လေးစားလောက်စရာ

ဘယ်နေရာမှာ တွေ့တွေ့ ဆင်းလာကာ လက်မှတ်ထိုးပေးမြဲ၊ မေးမြန်းမြဲ

ကျုပ်တို့ကလဲ ကြိုးစားဆဲ၊ တနေ့တလံ ပုဂံ ဘယ်ရွေ့  မလဲပေါ့
ကျုပ်တို့ ရဲ့  ဆုံးဖြတ်ချက်တွေနဲ့ ခံယူချက်တွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးမဖက်ခဲ့ပါဘူး၊ ယခုလို ကျုပ်တို့ ရဲခေါင်းဆောင်ကို အတင်းဖမ်းဆီး ထောင်ချနေချိန်မှ ကျုပ်တို့ က တော့ လက်ပိုက်မကြည့်နေနိုင်ပေါင်
ဒီကနေ့တော့ ဒီလောက် ဓါတ်ပုံသတင်းနဲ့ပဲ၊ ခရီးစဉ်၏ ၈ ရက်မြောက်နေ့မှာ Ottawa မြို့ ဖြတ်သန်းနေဆဲ

Thursday, June 4, 2009

၇ ရက်တာ ပြီးခဲ့သော ခရီးစဉ်ပြ မြေပုံ ဇွန်လ၊ ၀၃၊ ၂၀၀၉ ခုနှစ်


View Larger Map

The Putnam County Sentinel မှ သတင်းစာတွင်ပါဝင်သော မိုင် ၉၀၀ ခရီးရှည် အကြောင်းသတင်း


မိုင် ၉၀၀ ခရီးရှည် ချီတက်ခြင်း ၇ ရက်မြောက်နေ့တွင် ရောက်ရှိသော Ottawa မြို့ မှ The Putnam Sentinel သတင်းစာမှ လာရောက် ရယူသွားသောသတင်းကို အောက်ပါလင့်ခ်တွင် သွားရောက် ကြည့်ရှု့နိုင်ပါသည်။

http://putnamsentinel.com/index.asp

မိုင် ၉၀၀ ခရီး၏ ၇ ရက်မြောက်နေ့ 7th day of 900 miles for Long March


Kalida မှ Ottawa သို့
ဇွန်လ ၂ ရက်။ ၂ဝဝ၉ (၇ ရက်မြောက်ခရီး)
တနေကုန် မြူဆိုင်းနေသည်၊ လေအေးများတိုက်နေ၏၊ မနက်ပိုင်းမှာပင် kalida မြို့ငယ်လေးကို ဖြတ်ကျော်ခဲ့ သည်၊၊

ကျွန်ုပ်တို့ အများစုမှာ ခြေထောက်အနည်းငယ်နာနေသည်မှလွဲ၍ လမ်းလျှေက်ရသည်မှာ အဆင်ပြေလေ၏၊ ရဲဘော်ကျော်ရှိန်တယောက် ခြေသလုံးကြွက်တက်သဖြင့် ၂ မိနစ်ခန့်နားပြီး ဒဏ်ကြေဆေးလိမ်းကာ ဆက်လျှောက်နိုင်ခဲ့သည်၊

မနက်စာနှင့်ညနေစာကတော့ ယနေ့အထိ ရောစားနေရဆဲပါ၊ ညနေ ၃ နာရီတွင် Ottawa နယ်နိမိတ်ထဲသို့ရောက်ကြသည်၊ ကျွန်ုပ်တို့ချီတက်နေသည်ကို Ottawa မြို့ ကကြိုသိနေသည်၊ နယ်နိမိတ်အစတွင် Ottawa, Ohio, The Putnam County Sentinal
(အရံသင့်စောင်းဆိုင်းနေသော သတင်းထောက် အမျိုးသမီး)
သတင်းစာမှ အမျိုးသမီး သတင်း ထောက် Jaime Yant ရောက်လာပြီး မိတ်ဆက်လာသည်၊ ကျွန်ုပ်တို့၏ ဦးတည်ချက်။ ရည်ရွယ်ချက်တို့အပြင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုပါ မေးမြန်းသည်၊ Jaime Yant က ဒေါ်အောင်ဆန်းစုကြည်ကို သိနေပြီးသူဖြစ်၏၊ ဘန်ကီမွန်းထံပေးပို့မည့်စာကိုဖတ်ကြည့်ပြီး ထောက်ခံလက်မှတ် ရေးထိုးသွားသည်၊၊

(စိတ်ဝင်တစားနှင့် မြန်မာပြည်အကြောင်း လာရောက်မေးကြရင်း လက်မှတ်ထိုးပေးသွားကြသော ကျောင်းသူလေးများ)
ညနေ ၃ နာရီခွဲတွင် Ottawa မြို့ ကို စတင်မြင်ရ၏၊ Ottawa မြို့ ရှိကျောင်းသူကျောင်းသားအမြောက်အများ အားပေးကြသည်၊ အိမ်တအိမ်မှ အလယ်တန်းကျောင်းသူတစုပြေးထွက်လာပြီး သောက်ရေအလိုရှိပါသလားဟု မေးမြန်းကာ သောက်ရေဗူးများ လက်ဆောင်ပေးသည်၊ စိတ်ဝင်တစားမေးမြန်းသည်၊ ၄င်းတို့ကိုယ်တိုင်တက်ကြွ နေ၏၊ မြို့ နေလူတချို့က ကားဖြင့်လိုက်ကြည့်ကြသည်၊

(လာရောက် လက်မှတ်ထိုး ပေးနေကြသော တက္ကသိုလ် ကျောင်းသား နှစ်ဦး)

မြို့ တွင်းတနေရာတွင် တက္ကသိုလ်ကျောင်းသား ၂ ဦး ကားဖြင့်လိုက်လာပြီး စိတ်ဝင်တစားမေးမြန်းကာ အထွေထွေအတွင်းရေးမှူးချုပ်ထံ တင်ပြမည့်စာကို လက်မှတ်ရေးထိုးကြလေ၏၊ ကျွန်ုပ်တို့နှင့်အမှတ်တရ ဓာတ်ပုံတွဲရိုက်သူများလည်းရှိကြသည်၊ မြို့ တွင်းဖြတ်လျှောက်ချီတက်နေကြစဉ် Hi ဟုနှုတ်ဆက်ကြသူ အမြောက်အများကြုံရလေ၏၊ အလယ်တန်း ကျောင်းသားအရွယ် လူငယ်အမြောက်အများ ပြေးလိုက်ကြည့်ကြသည်၊


ကျွန်ုပ်တို့ ပင်ပန်းနေကြပြီဖြစ်၍ Ottawa မြို့  တနေရာတွင် ဒီကနေ့ အနားယူလိုက်ကြလေ တော့၏၊

သတင်းဓာတ်ပုံနှင့်တင်ပြသူ၊ ၊ ရဲဘော်ကျော်ထွန်း

Wednesday, June 3, 2009

မိုင် ၉၀၀ ခရီး၏ ၆ ရက်မြောက်နေ့ 6th day of 900 miles Long March

Ottoville ကိုဖြတ်ကျော်ပြီ
(၆ ရက်မြောက်နေ့)
ဇွန်လ ၁၊ ၂ဝဝ၉၊ တနင်္လာနေ့
ယနေ့ Ohio State ရဲ့  224E လမ်းကြောင်းအတိုင်း Ottoville ကို မွန်းလွဲ ၂ နာရီမှာကျော်ဖြတ်သွားခဲ့ကြသည်။
နံနက်ခင်းက မိုးအနည်းငယ်ရွာ၏။ ရာသီဥတုက အနေတော်။ သို့သော် Ottoville မြို့ငယ်လေးကို ဖြတ်ကျော်ပြီး ချိန်တွင် နေသည် အပူရှိန်ပြင်းထန်ချိန်ဖြစ်၏။ အရိပ်မရှိ။ နားချင်သည်။ သို့သော်မနားဖြစ်ကြ။ အခြားတမြို့သို့ ခရီးဆက်သည်။
Ottoville ၏အရှေ့ဖက် ၆ မိုင်အကွာတွင်ရှိသော Kalida မြို့ငယ်လေးဆီသို့ဖြစ်၏။ ညနေ ၅ နာရီတွင် Kalida မြို့သို့ရောက်သည်။ ဒီကနေ့မြို့အစပ်တနေရာတွင် အဆုံးသတ်လိုက်ကြသည်။ အားလုံးမလှုပ်ချင်ကြတော့။
သတင်းဓာတ်ပုံနှင့်တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

မိုင် ၉၀၀ ခရီးစဉ်၏ ၅ ရက်မြောက်နေ့ 5th day of 900 miles of Long March

Van Wert မြို့ကိုနှုတ်ဆက်ပြီ
မေ ၃၁၊ ၂ဝဝ၉၊ တနင်္ဂနွေ (၅ ရက်မြောက်)


Van Wert မြို့မှ US 224 E ဟိုင်းဝေးလမ်းမကြီးအတိုင်းထွက်ပြီး ၃ မိုင်ကျော်လောက်မှစ၍ စိုက်ပျိုးရေးလုပ်ကိုင် နေကြသော ကျေးလက်ဒေသကို တောက်လျှောက်ဖြတ်သန်းကြရသည်။ ထွန်ယက်နေဆဲနေရာများ၊ စိုက်ပျိုး နေဆဲနှင့် အသီးရင့်နေသော ဂျုံပင်စိုက်ခင်းကြီးများကို မျက်စိတဆုံးမြင်ရလေ၏။ ဂျုံစိုက်ခင်းများကို ဖြတ်တိုက်လာသောလေနုအေးကြောင့် နေပူကျဲကျဲထဲက ကျွန်ုပ်တို့ အမောပြေရပါ၏။

ကျေးလက်ဒေသဖြစ်သည့်အတွက် လမ်းဘေးဝဲယာတွင် အိမ်ခြေသိပ်မတွေ့ရ တမျှော်လောက်ဝေးမှ တခြံမျှတွေ့၏။ အရိပ်ကင်းမဲ့လှ၏။ သို့သော် စိုက်ခင်းကိုဖြတ်တိုက်လာသောလေက အေးနေ၏။ ထို့ကြောင့်အမောပြေစေ၏ ။US 224E သည် Van Wert မြို့မှ Ottoville သို့ ဦးတည်နေလေ၏။ ကျွန်ုပ်တို့၏ရှေ့ခရီးကိုမျှော်တွေးရင်း ခြေလှမ်းကသွက်နေလေ၏။

အနည်းငယ်မျှပြောရပေဦးမည်။ စားသောက်ဆိုင်မရှိ၊ ဈေးဆိုင်မရှိ၊ ဓာတ်ဆီဆိုင်မတွေ့ရသော US 224E လမ်းတွင် ကျွန်ုပ်တို့အပေါ့အပါးမည်သို့သွားရအံ့နည်း။ အပေါ့သွားရန်လွယ်စေဦး အလေးသွားရန်ခက်လေ၏။ လမ်းဘေးအကွယ်မရှိသော ဤနေရာသည် လက်တွေ့တွင် ဘယ်လိုမှမဖြစ်နိုင်ပါ။

ဖြတ်လျှောက်ရာလမ်းကြောင်းတိုင်းတွင် ကားဟွန်းတီး၍အားပေးသော အမေရိကန်ပြည်သူတို့ကို များစွာတွေ့ရလေ၏။ ထိုဟွန်းသံများသာ ထောက်ခံလက်မှတ်များအဖြစ် ထင်ကျန်လာခဲ့မည်ဆိုပါက ကျွန်ုပ်တို့၏ ကျောပိုးအိတ်ဖြင့် စာရွက်များထမ်းပိုးနိုင်တော့မည်မဟုတ်ပါ။ ယခုလျှောက်နေသော US 224E ဟိုင်းဝေး လမ်းသည် တောလမ်းဟု ဆိုရပေမည်။ နေ့လည် ၁၂ နာရီခန့်တွင် ဆိုင်ကယ်စီးလာသော


အမေရိကန်ပြည်သူတဦးက ကျွန်ုပ်တို့၏သတင်းကားအနီးတွင် လာရပ်ကာ စိတ်ဝင်တစားမေးမြန်းလာလေ၏။ မေးမြန်းသမျှ စိတ်ရှည်လက်ရှည် ပြန်လည်ရှင်းလင်းပြောပြကြရလေ၏။ ခရီးရှည်ချီတက်နေသည့် ရည်ရွယ်ချက်၊ ဦးတည်ချက်၊ လုပ်ဆောင်ချက်တို့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ တင်ပြမည့်စာကိုပါ ပေးဖတ်လိုက်လေ၏။ စာဖတ်ပြီးသည်နှင့် ၄င်းလည်းလက်မှတ်ထိုးရန်အသင့်စီစဉ်ထားသော စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်လေ၏။


၎င်းလက်မှတ်ထိုးနေစဉ်မှာပင် Ohio Van Wert မြို့မှသတင်းစာသတင်းသမားတဦး ကင်မရာကိုင်ကာ ကားပေါ်မှဆင်းလာလေ၏။ ဤလမ်းဤခရီးမျိုးတွင် သတင်းသမားတွေ့လိမ့်မည်ဟု မျှော်လင့်မထားပါ။ သို့သော် သတင်းသမားက ကားဖြင့်ယခုရောက်ရှိနေလေပြီ။ သူ့အမည်က Ron Dunn ။ ကျွန်ုပ်တို့စိတ်ရှည်လက်ရှည် ရှင်းပြရပြန်လေ၏။ သတင်းဓာတ်ပုံများမှတ်တမ်းတင်ပြီးသည်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့မည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးလိုက်လေ၏။

၎င်းတို့၏အားပေးစကားသည် ကျွန်ုပ်တို့၏ခြေလှမ်းများကို ပိုမိုသွက်လက်သွားစေလေ၏။ US 224 E လမ်းမကြီး ကတော့ ဖြောင့်တန်းနေဆဲ။ မျက်စိတဆုံးမြင်နေရလေ၏။ ကောင်းကင်ကြီင်္းလည်း တိမ်မှိုတိမ်လိတ်တချို့သာ ရှိလေ၏။ ဒီကနေ့မျှော်လင့်မထားသော ထူးခြားမှု ၃ ခုကိုကြုံတွေ့ခဲ့ကြရ၏။ ပထမတခုမှာ တောလမ်းလိုနေရာမျိုးတွင် သတင်းသမားရောက်ရှိလာသောအချက်ဖြစ်၏။ ဒုတိယအချက်မှာ လွင်တီးခေါင်ပြင် ကြီးထဲက US 224E လမ်းကြောင်းဘေးတွင် ကြီးမားသော အရိပ်ရ သစ်ပင်ကြီး ၂ ပင်ကိုမြင်တွေ့ရခြင်းပင်။ သဲကန္တာရတွင် အရိပ်တွေ့ရသကဲ့သို့ ကျွန်ုပ်တို့၏ရင်ထဲ အံ့သြဖွယ်ရာ ခံစားလိုက်ရလေ၏။ ထိုနေရာတွင် ခေတ္တနားရင်း နေ့လည်စာကို စားလိုက်ကြလေတော့၏။

နေပူထဲတွင် ထမင်းရေဆမ်းနှင့် ဘဲဥပြုတ်က အလှူအိမ်ကဒန်ပေါက်ကြက်မြှုပ်ထက်ပို၍ အရသာရှိလေ၏။ အချိန်က မွန်းလွဲ ၁ နာရီခွဲ။ အချိန်ရှိတုန်း US 224E ပေါ်ချီတက်ကြရဦးမည်။ စားသောက် တအောင့်နားပြီး ခရီးဆက်ကြစဉ် မိနစ် ၃ဝ ခန့်တွင် တတိယထူးခြားမှုကို ကြုံရပြန်လေ၏။ ရှားရှားပါးပါးခြံဝင်းတခုထဲက မိသားတစုထွက်လာပြီး ကျွန်ုပ်တို့ကိုနှုတ်ဆက်လေ၏။ စိတ်ဝင်တစားမေးမြန်းလာလေ၏။ မြန်မာပြည် အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ကျွန်ုပ်တို့ကိုင်ဆောင်လာသော NLD အလံ၊ ကျောင်းသားအလံ၊ သာသနာ့အလံများအကြောင်း၊ စုံနေတာပါဘဲ။ ၄င်းတို့မိသားစု ကျွန်ုပ်တို့ ဘန်ကီမွန်းထံ ပေးပို့မည့်စာတွင် ထောက်ခံလက်မှတ် ရေးထိုးကြလေ၏။ ညနေ ၃ နာရီတွင် Ottoville မြို့ကိုလှမ်းမြင်ရလေ၏။ ထိုနေရာတွင် ခရီးတထောက် နားဖြစ်ကြသည်။

သတင်းဓာတ်ပုံနှင့်တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

Monday, June 1, 2009

မိုင် ၉၀၀ ခရီး၏ စတုတ္ထ နေ့ Fourth day of 900 miles

မိုင် ၉၀၀ ခရီး၏ စတုတ္ထနေ့ မှတ်တမ်းပါ၊ Fourth day of 900 miles Long March
မိုင် ၉၀၀ ခရီးစဉ်၏ စတုတ္ထ နေ့ စမထွက်ခင် ရဲဘော်များက သစ္စာပြုနေကြစဉ် သတင်းထောက် ရဲဘော် ကျော်ထွန်းက ရိုက်ယူထားတာပါ၊
ချီတက်ရာ ခရီးစဉ်တွင် လုံခြုံရေးနှင့် အရေးပေါ်လိုအပ်မှုများကို ကူညီစောင့်ရှောက်ရန် အသုံးပြုနေသော ကားကို အမှတ်တရ ရိုက်ကူးထားပါ။
လက်ရှိရောက်ရဲဘော်များ ဖြတ်သန်းနေရသော လမ်းခရီးမှာ လူများနှင့် အလွန်ဝေးခေါင်ပြီး လမ်းဘေးတလျှောက်မှာ လယ်ကွင်းနှင့် မြေကွက်လပ်များကိုသာ တွေ့နေရပါတယ်။
တက်ညီလက်ညီဖြင့် ပင်ပန်းသော်လည်း စနစ်တကျ မြို့တွင်းသို့ ချီတက်လာနေသာ ရဲဘော်များကို ရိုက်ကူးထားတာပါ။
ရဲဘော်များ လက်ရှိချီတက်နေသော လမ်းခရီးမှာ လူသူများနှင့် ဝေးလံသော ဒေသနှင့် Internet access ရရန် ခက်ခဲသော နေရာများ ဖြစ်နေတာကို တွေ့ရပါတယ်၊ ဒါကြောင့် ရှေ့တန်းရဲဘော်များ သတင်းပြန်မပို့ နိုင်ချိန်မှာ သတင်းများကို စောင့်ပြီးဖတ်ကြပါလို့ တောင်းပန်ပါရစေ။

Followers