Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead
Showing posts with label Long March. Show all posts
Showing posts with label Long March. Show all posts

Friday, September 11, 2009

မိုင်ပေါင်း (၉ဝဝ) ခရီးစဉ်၏ ၉၀ ရက်မြောက်နေ့ 90th day of 900 miles for Long March reached to United Nation building NOW!


မိုင်ပေါင်း (၉ဝဝ) ခရီးရှည် ကုလသမဂ္ဂဌာနချုပ်သို့ ဆိုက်မြိုက်စွာရောက်ရှိခြင်း
စက်တင်ဘာလ (၈) ရက်၊ အင်္ဂါနေ့၊ ၂ဝဝ၉

ယနေ့သည် အင်ဒီးယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်း၊ ငြိမ်းချမ်းရွှေပြည် ဓမ္မစေတီ မှ စတင်ချီတက် ခဲ့သော မိုင်ပေါင်း (၉ဝဝ)ခရီးရှည်သည် ပန်းတိုင်ဖြစ်သော နယူးယောက်မြို့တော် ကုလသမဂ္ဂဌာနချုပ်သို့ အောင်မြင်စွာရောက်ရှိပြီဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး၊ နိုင်ငံတကာ လှုပ်ရှားမှု၊ ခရီးရှည်ချီတက်ခြင်းနှင့် အစာငတ်ခံဆန္ဒပြခြင်းတိုက်ပွဲသည် ပထမပိုင်းကို ဤနေ့ ဤနေရာတွင် ပြီးမြောက်ပြီဖြစ်၏။
ယနေ့ချီတက်မှုတွင် Ithaca မြို့မှ Jeffry ရောက်လာကာ အားဖြည့်ချီတက်ရင်း ချီတက်မှုတောက်လျှောက်ကို ဗီဒီယိုမှတ်တမ်းတင်ပါသည်။ နံနက် (၉) နာရီ (၄၅) မိနစ်တွင် W 108 St လမ်းမှ စတင်ခြင်းဖြစ်သည်။ Broadway လမ်းသည် မြို့ပြရပ်ကွက်တခုဖြစ်သည့်အားလျော်စွာ သူ့အလုပ်သူလုပ်လျက်ရှိ၏။ ကျွန်ုပ်တို့၏ ချီတက်မှုကို သတိမူမိသူလည်းရှိ၏။ မသိသူလည်းရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ကို သိသူလည်းရှိ၏။ မြန်မာပြည် ဆိုသည်ကိုပင် လုံးလုံးမသိသူလည်းရှိ၏။

ထိုသို့ရှိသည့်အခါမျိုးတွင် လက်ကမ်းစာစောင်ကို ဝေလိုက်ပါ၏။ တခါတရံ အတူလိုက်လျှောက်နေသော Jeffrey က မြန်မာပြည်သည် အရှေ့တောင်အာရှ၏ တိုင်းပြည်တခုဖြစ်ကြောင်းကို ရှင်းပြနေ၏။
မြို့ပြသည် တဖြည်းဖြည်းဖြင့် ရှုပ်ထွေးပြည့်ကျပ်လာ၏။ အဆောက်အဦတို့မှာ မိုးထိုးနေ၏။ လူအသွားအလာ တို့ကလည်း မြို့ပြနှင့်ပိုတူလာသည်။ သို့ဖြင့်တလမ်းပြီးတလမ်းကျော်ဖြတ်သွားကြ၏။ (၁၁) နာရီထိုးရန် (၁၅) မိနစ် အလိုတွင် CNN သတင်းဌာနအဆောက်အဦရှေ့တွင် ခဏနားကြသည်။ Columbas Cir လမ်းနှင့် Central Park ဆုံရာ နေရာဖြစ်သည်။ ၎င်း Central Park နေရာသည် စည်စည်ကားကားရှိ၏။ လူကြိုနေသော ဆိုက်ကားများ၊ မြင်းလှည်းများ စုံနေသည်။ ခရီးသွားတို့မှာ ပျားပန်းခတ်မျှ။

ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည် ဤနေရာတွင် မောပန်း၍နားခြင်းမဟုတ်ပါ။ အချိန်ပိုနေသဖြင့် အံကိုက်ဖြစ်အောင် လျှောက်နေခြင်းဖြစ်သည်။ ထိုသို့နားနေစဉ် အမျိုးသမီးနှစ်ဦးရောက်လာ၏။ မင်္ဂလာပါဟု မြန်မာလိုနှုတ်ဆက် ပါသည်။ သူတို့သည် မကြာသေးမီ (၆) လခန့်က မြန်မာပြည်မှ ပြန်လာကြခြင်းဖြစ်သည်။ အခြေအနေ မည်သို့ ရှိပါသနည်းဟုမေးသော် နိုင်ငံခြားသားတိုးရစ်များအတွက်မူ အိုကေသည်ဟုဆိုပါသည်။ ပြည်သူလူထု အတွက်မူ မအိုကေနိုင်သည်ကို ဆိုလိုသလော။

ဤမျှဗဟုသုတရှိသည်ကို သိရသဖြင့် ကောင်းလှပါဘိ။ ကုလသို့တင်မည့်စာတွင်လည်း လက်မှတ်ထိုးပေးကြ ပါသည်။ ထူးခြားသောနေရာတွင် ထူးထူးခြားခြားတွေ့ရသော ထူးခြားရှား အမျိုးသမီးတို့ပေတည်း။ Broadway လမ်း၏ကျက်သရေကို ကောင်းစွာဆောင်သော နယ်မြေတို့ကို ဖြတ်လျှောက်ခဲ့ပြီ။

(၁၁) နာရီမခွဲခင် Broadway လမ်းနှင့် 42 St လမ်းဆုံသောနေရာတွင် ခဏနားရင်း အချိန်စောင့်ကြသည်။ ကျွန်ုပ်တို့စောင့်နေသည်မှာ ဆိုင်တဆိုင်၏ အဝင်ဝဖြစ်နေသောကြောင့် ဝင်ထွက်နေသောလူအပေါင်းတို့ ကြည့်ရှုစရာဖြစ်နေ၏။ တခုခုကိုကြော်ငြာနေသည်ဟု ထင်နေမလားမသိပါ။ အမှန်တော့လည်း မြန်မာပြည် လွတ်လပ်ရေးကို ကြော်ငြာနေခြင်းပင်မဟုတ်လော။

ဆက်လက်ချီတက်သော် (၁၂) နာရီ (၂ဝ) မိနစ်တွင် ကုလသမဂ္ဂဌာနချုပ် အဆောက်အဦရှေ့ Ralph Bunche Park ပန်းခြံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိကြ၏။ သင်္ခါရသဘောကို နားလည်ခြင်းမရှိသော ကုလရုံးချုပ် သည် ခါတိုင်းနှစ်များကဲ့သို့လည်းကောင်း၊ နေ့တိုင်းကဲ့သို့လည်းကောင်း တုံဏှိဘာဝေ ရပ်တည်လျက်ရှိ၏။


မိတ်ဆွေဖြစ်နေသော ဤပန်းခြံကလေးရှေ့တွင် ခဏနားရင်း ဓါတ်ပုံရိုက်ကြသည်။ ရိုက်သည်ဆိုရာတွင် အလံတလူလူဖြင့်ရှိနေကြသော ကျွန်ုပ်တို့ကို ထူးဆန်းသဖြင့် လာရောက်လည်ပတ် လေ့လာသူများကလည်း ဓါတ်ပုံရိုက်ကြခြင်းဖြစ်သည်။ ထို့နောက် မျက်စောင်းထိုး၌ရှိသော ဒတ်ဟန်းမားရှိုးပန်းခြံသို့ ချီတက်ကြသည်။ ထိုနေရာတွင် တရာ့တပါးသောလူမျိုးတို့ စုရုန်းနေကြနေရာဖြစ်သည်။ ထိုနေရာသည် ကျွန်ုပ်တို့၏ ဆွေမျိုးညာတိလည်းဖြစ်၏။


ရောက်လျှင် ဘားမားပွိုင့်မှ ကိုမိုးချမ်း၊ Myra တို့စောင့်နေသည်။ Myra သည် ကိုသောင်းထွန်း၏ Burma Office ရုံးတွင် တာဝန်ထမ်းရွက်နေသူဖြစ်၏။ ကိုမိုးချမ်းသည် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ကော်မတီတွင်လည်း ကုလသမဂ္ဂဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ Myra က ကျွနု်ပ်တို့အဖွဲ့ကို ကော်ဖီ၊ ရေ စသည်တို့ ဝယ်တိုက် ပါသည်။ မစန္ဒီလည်းရောက်လာပါသည်။ မစန္ဒီသည် နယူးယောက်မြို့အမျိုးသမီးအဖွဲ့မှဖြစ်ပါသည်။ နယူးယောက် Queen မှ ကိုဇော်ဇော် ကလည်း ငွေ (၂ဝ) လှူဒါန်းပါသည်။ နိုင်ငံခြားသားတဦးလည်း ရောက်လာသည်။ ထိုသူသည် NCGUB တွင် အမှုထမ်းသူဖြစ်သည်ဟုဆိုသည်။


သိပ်မကြာမီ အဖွဲ့တဖွဲ့ရောက်လာကာ ဆန္ဒပြနေကြသည်။ တရုပ်အဖွဲ့ဖြစ်ပါ၏။ စာတမ်းမှာ China Democracy Party ဖြစ်၏။ အဆိုအမိန့်မှာ ‘ဒီမိုကရေစီနှင့် လူအခွင့်အရေးကို ကာကွယ်ခြင်းသည် အပြစ်တခုမဟုတ်’ ဟူ၏။ ဒီမိုကရေစီဘက်တော်သား တရုပ်လူမျိုးများဖြစ်ပါ၏။ အနာဂတ်တွင်လည်းကောင်း၊ လောလောဆယ်တွင် လည်းကောင်း ကွန်မြူနစ်ဝါဒနှင့် ဒီမိုကရေစီဝါဒ မည်သို့အတူတကွ နေကြမည်နည်း ဆိုသည်ကို မစဉ်းစား တတ်ပါ။ ကိုယ့်အလုပ်မဟုတ်သော်လည်း နောက်ပိုင်း ကိုယ့်အလုပ်ဖြစ်မလာဟု ပြော၍မရ။


မွန်းလွဲ (၁) နာရီတွင် ဤနယ်မြေတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ ထောက်လှမ်းရေးအရာရှိ ရောက်လာသည်။ တင်ကြို၍ အကြောင်းကြားဖိတ်ခေါ်ထားခြင်းဖြစ်ပါသည်။ အရေးအကြောင်းရှိက ဆက်သွယ်ရန် ကဒ်ပြားတခုပေးခဲ့ပါသည်။ (၂) နာရီခွဲတွင် ယနေ့အဖို့ကို ရုပ်သိမ်းလိုက်ကြသည်။ မနက်ဖြန် စက်တင်ဘာလ (၉) ရက်မှ စက်တင်ဘာလ (၁၇) ရက်အထိ ထိုင်သပိတ်ပြုလုပ်မည်ဖြစ်၏။ နေ့စဉ် မနက် (၉) နာရီမှ ညနေ (၆) နာရီအထိပြုလုပ်မည်ဖြစ်ပါ၏။


အစာငတ်ခံဆန္ဒပြခြင်းအစီအစဉ်ကို စက်တင်ဘာလ (၁၈)ရက်၊ စစ်တပ်ကအာဏာသိမ်းသည့် (၂၁) နှစ်မြောက် နေ့မှ စက်တင်ဘာလ (၂၇) ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Thursday, September 10, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၉ ရက်မြောက်နေ့ ခရီး 89th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၈၉) ရက်မြောက်
စက်တင်ဘာလ (၆) ရက်၊ ၂ဝဝ၉

နံနက် (၈) နာရီ (၂၅) မိနစ်တွင် Fort Lee မြို့လယ်မှ စတင်ချီတက်သည်။ မြို့ကလေးသည် သူ့ကျက်သရေ၊ သူ့လှုပ်ရှားမှုဖြင့် နိစ္စဓူဝ ဖြစ်တည်မှုပဓာနကို ဆောင်ရွက်နေ၏။ ကျွန်ုပ်အဖွဲ့သည် စည်အပြင်မှလာသူများဖြစ်၏။ မြို့ကလေးနှင့် လားလားမျှမသက်ဆိုင်။ သို့သော် မြို့ကလေးသည် သူစိမ်းပြင်ပြင်တော့ သိပ်မရှိလှ။ အမှန်စင်စစ် တွင် မြို့အပေါင်းတို့သည် သူ့အဓိကဖြင့်သာ များသောအားဖြင့် ရှင်သန်လှုပ်ရှားနေတတ်ကြသည် မဟုတ်လော။

(၈) နာရီ (၃၅) မိနစ်တွင် တံတားသို့ စတက်၏။ တက်သည်နှင့်ပင် စက်ဘီးသမားများနှင့် ထွေးရောလျက်ရှိ၏။ ယခင့်ယခင်နှစ်တွင် ဤတံတားထိပ်၌ ဓါတ်ပုံရိုက်ခွင့်မပြုဟူသော ဆိုင်းဘုတ်ဆွဲထားသည်။ ယခုနှစ်တွင် ၎င်း ဆိုင်းဘုတ်မတွေ့ရပါ။ တံတားထိပ်တွင် တံတားဖြတ်ခြင်းအထိမ်းအမှတ် ဓါတ်ပုံမှတ်တမ်းတင်ရာ စက်ဘီးသမား တဦးက သူရိုက်ပေးရမလားဟုဆိုပြီးသော် ကျွန်ုပ်တို့အဖွဲ့ကို ဓါတ်ပုံရိုက်ပေးပါသည်။


တံတားပေါ်ရှိ လူလျှောက်သောလမ်းကျဉ်းကလေးတွင် စက်ဘီးသမား၊ အပြေးသမား၊ လမ်းလျှောက်သမားများ နှင့်တကွ၊ ကျွန်ုပ်တို့အဖွဲ့သည် လုံးထွေးလျက်ရှိ၏။ အလံတလူလူကို ကိုင်ဆောင်လာကြသည့်အတွက် စက်ဘီးများကို ရှောင်နေရသည်။ မြန်မာပြည်နှင့်ဒေါ်အောင်ဆန်းစုကြည်ကို သိကြသူများလည်းရှိ၏။ တချို့လူများ အားပေးထောက်ခံကြသည်။

မြစ်ပြင်သည် အပြန့်ကျယ်လှ၏။ အားကစားသမားများ လာကြမည်ဆိုက လာချင်စရာပင်ဖြစ်သည်။ စက်ဘီးသမားအုပ်စုများ၊ တကိုယ်တော်စက်ဘီးသမားများ ဥဒဟိုဖြတ်သန်းနေကြသည်။ မြစ်ကိုကျော်၍ ကြည့်သော် နယူးယောက်မြို့တော်သည် အချွန်အတက်များဖြင့် အဆောက်အဦးများ မိုးထိုးလျက်ရှိ၏။ ဤအရပ်သည် လူအပေါင်းတို့၏ အိပ်မက်ကမ္ဘာပင်မဟုတ်လော။

(၉) နာရီတွင် တံတားပေါ်ဖြတ်ခြင်းကိစ္စ ပြီးစီး၏။ Manhattan အရပ်သို့ W 178 St လမ်းအတိုင်းလိုက်ကြသည်။ (၉) နာရီ ထိုးပြီးသော် ရပ်ကွက်ထဲသို့ရောက်၏။ Broadway လမ်းနှင့် W 178 St လမ်းဆုံရာGeorge Washington Bridge Bus Station တွင် ခဏနားကြသည်။

(၉) နာရီ (၅) မိနစ်တွင် W 178 St လမ်းမှ Broadway လမ်းအတိုင်းလျှောက်ကြသည်။ မြို့တော်ကို တံတားပေါ်မှ လှမ်းကြည့်စဉ်က စိတ်ကူးယဉ်ဖွယ်ရာကောင်းလှသော အိပ်မက်တိုင်းပြည် အတိုင်း တွေ့ရသည်။ ယခုအခါ ကျွန်ုပ်တို့သည် ရပ်ကွက်ထဲတွင် ရောက်နေပြီဖြစ်၏။ ကုလားတန်းရပ်ကွက်သည် သူ၏ ရပ်တည်ချက်ဖြစ်သော မဆလာကို မည်သည့်အခါမှ မစွန့်သကဲ့သို့လည်းကောင်း၊ တရုပ်တန်းသည် ဂေါ်ဖီထုပ်ကိုမစွန့်သကဲ့သို့လည်းကောင်း ခေါင်းမာသော ကျွန်ုပ်တို့အဖွဲ့ကလည်း ဤ Broadway လမ်းကို အကြိမ်ကြိမ်လျှောက်ခဲ့ကြပြီဖြစ်၏။

ဤလမ်းကြောကို ဖြတ်သန်းပြီးမှ ကြီးကျယ်လှသောနေရာသို့ရောက်မည်ဖြစ်၏။ ကုလရုံးစိုက်ရာ ဌာနချုပ်သို့ရောက်မည်ဖြစ်၏။ လူမျိုးပေါင်းစုံတို့လာရောက်၍ဆန္ဒပြရာ၊ တိုင်တန်းရာ၊ အော်ဟစ်ရာ နေရာဖြစ်ပါ၏။ တနည်းဆိုသော် ဤနေရာသည် ကျိန်စာသင့်နေသော ဌာနကြီးမဟုတ်ပေလော။

Broadway လမ်းအတိုင်းလျှောက်နေစဉ် လူငယ်တဦးကိုတွေ့ရ၏။ မြန်မာနှင့်ဘားမား အမည်ပြောင်းလဲထားခြင်း အပေါ် မည်သို့သဘောရသနည်းဟု ဆိုပါ၏။ မြန်မာပြည်ကို သိသူဖြစ်၏။ ကျွန်ုပ်အနေဖြင့်ဆိုသော် မည်သို့မှ သဘောမရပါ။ တိုင်းပြည်တပြည်၏ အမည်နာမသည် ပေါက်တတ်ကရ ကိစ္စမဟုတ်သော်လည်း ယခုအချိန်တွင် ဤကိစ္စသည် စာရင်းရှင်းစရာမဟုတ်။

စာရင်းရှင်းချင်သည်ဆိုသော် စတုတ္ထမြန်မာနိုင်ငံကိုလည်းကောင်း၊ လွန်ခဲ့သော နှစ်ပေါင်းတထောင်ကို လည်းကောင်း၊ နှစ်ပေါင်း (၃) ထောင်ကိုလည်းကောင်း၊ နှစ်ပေါင်း တသောင်းတထောင်ကိုလည်းကောင်း ပြန်လည်တူးဖေါ်ရပေအံ့။

လောလောဆယ်ကတော့ ကိုယ့်ကိစ္စ ကိုယ်တူးဖေါ်ဖို့လိုသည်။ အခက်အခဲသည် မည်သို့ရှိပါသနည်း။ လက်နက်၊ ခဲယမ်း၊ ရိက္ခာ၊ လမ်းကြောင်း၊ ကင်းဆက်၊ ရန်သူ့အခြေအနေသည် မည်သို့ရှိပါသနည်း။ မိမိအခြေအနေသည် မည်သို့ရှိပါသနည်း။ စသည်တို့ဖြစ်သည်။

(၁ဝ) နာရီ (၁၅) မိနစ်တွင် Broadway လမ်းရှိ W 108 St လမ်းတွင် ယနေ့အဖို့ ပြီးဆုံးသည်။ နောက်တနေ့တွင် ကုလသမဂ္ဂဌာနချုပ်သို့ချီတက်ကြမည်ဖြစ်ပါ၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Friday, September 4, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၈ ရက်မြောက်ခရီး 88th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၈) ရက်မြောက်
စက်တင်ဘာ (၄) ရက်၊ ၂ဝဝ၉

နယူးဂျာစီတွင် ဖြစ်ပါသည်။ တံတားကို ကျော်ပြီးသော် နယူးယောက်မြို့သို့ ဝင်မည်ဟု အစီအစဉ်ရှိခဲ့၏။ နံနက် (၈) နာရီ (၄ဝ) မိနစ်တွင် ဆိုင်ရှေ့မှ စတင်ချီတက်သည်။ တောလမ်းသည် မနေ့ကအတိုင်း ခတ်မဆိတ်ပင်။

တံတားကိုဖြတ်မည်ဖြစ်သော်လည်း အခြေအနေအရ အစီအစဉ်ပြောင်းသွားသည်။ လောလောဆယ်တွင် အခြေအနေ (၂) ရပ်ရှိ၏။ တနင်္ဂနွေနေ့တွင် ကုလသမဂ္ဂရုံးရှေ့အရောက်သွားခြင်းနှင့် အင်္ဂါနေ့တွင် အရောက် သွားခြင်းဖြစ်၏။ ဗေဒင်နီတိ၏အလိုအရမူ (၈) ရက်နေ့၊ သို့မဟုတ် (၉) ရက်နေ့ဝင်ရမည်ဖြစ်၏။ ဘဏ္ဍငွေကြေး အခြေအနေ၏ အလိုအရမူ စောစောပွဲပြတ်လေ ကောင်းလေဖြစ်၏။

သဘာဝတရားသည် ကမ္ဘာကြီးကို ဖန်တီးစဉ်က ပြီးပြည့်စုံစွာရှိခဲ့သည်ဟု ယူဆရသည်။ လူ့သမိုင်းသည် ရှည်လျားလှပြီဖြစ်၏။ ကာလကြာမြင့်လာသည်နှင့်အမျှ တိုးတက်လာသောသဘောရှိသည်။ ထိုသို့ တိုးတက်လာလေလေ မပြည့်စုံလေလေပင်ဖြစ်၏။ ပြည့်စုံသောအဖြစ်သို့ရောက်ရန်ကား ကျွန်ုပ်တို့သည် လူမတိုင်မီဖြစ်သော မူလကမ္ဘာဦးသို့ပြန်သွားရပေအံ့။

တောလမ်းအတိုင်းလျှောက်၍လာရာ တဖြည်းဖြည်းနှင့် စည်ကားသောအနေအထားရှိလာ၏။ နယူးယောက်မြို့ သို့ ချက်ချင်းလက်ငင်းဝင်ရန် အစီအစဉ်မဟုတ်သောကြောင့် အေးဆေးစွာလျှောက်လာကြကုန်၏။ (၁ဝ) နာရီခွဲပြီးသော် ကျယ်ပြန့်သောလမ်းသို့ ရောက်လာ၏။ မြို့၏အရိပ်နမိတ်များဖြစ်၏။ ကုမ္ပဏီကြီးများကို တွေ့ရ၏။

ဤလမ်း၌လျှောက်နေစဉ်တွင် ရဲကားတစီးရောက်လာ၏။ အလံများနှင့်လာသည်ကို တပါးသူတို့ အကြောင်းကြားသဖြင့် လာမေးမြန်းခြင်းဖြစ်သည်ဟုဆို၏။ မြန်မာပြည်အတွက် လမ်းလျှောက် နေသည်ဟု ဆိုလိုက်ရာ ရဲသည်နှုတ်ဆက်၍ ပြန်လည်ထွက်ခွာသွားပါသည်။ ကမ္ဘာမှာမြန်မာဟေ့ဆိုသည်မှာ အင်မတန် မှန်ကန်လှ၏။ မဟုတ်သောနေရာတွင် နာမည်ဆိုးဖြင့် လူသိများလှသည်မဟုတ်လော။

တခြားမဆိုပါနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင်ပင် မြန်မာဆိုလျှင် အော်တိုမစ်တစ် အထင်သေးပြီး သားဖြစ်၏။ ဒုက္ခသည်အဖြစ်ထွက်ပြေးလာသည်ဖြစ်စေ၊ အလုပ်လာလုပ်ကိုင်သူဖြစ်စေ၊ လူရိုသေရှင်ရိုသေ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့်လာသည်ဖြစ်စေ၊ အထင်သေးရန် ရာနှုန်းအပြည့် အသင့်ရှိသည်။ ထိုကြောင့် လည်း ကိုယ်တို့ ဖိလစ်ပီတွေပါညီလေး ဟုဆိုနေရသည်မဟုတ်လော။


အေးအေးဆေးဆေးလျှောက်ရင်းဖြင့် မြို့ဧရိယာသို့ရောက်လာ၏။ လမ်းတလျှောက်လုံး ကုမ္ပဏီများ၊ ရုံးကန္နား များ၊ ဆိုင်များ၊ စသည်တို့ဖြင့် ပြည့်နှက်နေသည်။ (၁၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် North Jersy Sugery Center အဆောက်အဦဘေးတွင် ခဏနားကြသည်။

(၁၁) နာရီ (၁၅) မိနစ်တွင် လမ်းဆုံမီးပွိုင့်တွင် လမ်းကူးရန် စောင့်နေစဉ် Remax Fortune Properties အမည်ရှိသော အဆောက်အဦထဲမှ မောင်နှတစုံထွက်လာ၏။ လှမ်း၍နှုတ်ဆက်သည်။ လက်ကမ်းစာစောင် ကိုပေးလိုက်၏။ မိုင် (၉ဝဝ) ဆိုင်းဘုတ်ကို မြင်သောအခါ လန့်သွားလေသည်။ ပုရိသ ဖြစ်သူက ခဏနေဦး ဟုဆိုကာ အတွင်းသို့အမြန်ဝင်သွား၏။ ပြန်ထွက်လာသောအခါ ကင်မရာယူလာပြီး ဓါတ်ပုံရိုက်ခြင်းဖြစ်သည်။ အပြန်အလှန် ဓါတ်ပုံရိုက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးအတွက် လက်မှတ်များလည်း ထိုးပေးကြပါသည်။


လမ်းကူးပြီးနောက်ဆက်လက်ချီတက်ကြ၏။ ကျွန်ုပ်တို့သည် နယူးဂျာစီ၊ Fort Lee မြို့လယ်သို့ရောက်နေခြင်း ဖြစ်သည်။ လမ်းကွေ့တခုရှိ ဘဏ်တခုရှေ့တွင် ခရီးရှည်အဖွဲ့ထိုင်၍ဆန္ဒပြခဲ့ဖူးပြီဖြစ်၏။ ဂျူးဘာသာ ဘုရားကျောင်းကဖိတ်ကြားသဖြင့် သွားရောက်ခဲ့ဖူးပြီဖြစ်၏။

နေ့လည် (၁၂) နာရီတွင် ဝါရှင်တန်တံတားနှင့် မဝေးလှသော လမ်းတနေရာရှိ ဘဏ်တခုရှေ့တွင် ယနေ့အဖို့ ပြီးဆုံးသည်။ စနေနေ့တွင် နယူးယောက်မြို့တွင်းသို့ဝင်ပေအံ့။ သို့သော် ကုလအဆောက်အဦရှေ့သို့ မချီတက်သေး။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၈၇ ရက်မြောက်နေ့ခရီး 87th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၇) ရက်မြောက်၊ နယူးဂျာစီသို့ဝင်ပြီ
စက်တင်ဘာလ (၃) ရက်၊ ၂ဝဝ၉
သစ်တောနယ်မြေဖြစ်သောကြောင့် ရာသီဥတုသည် အသင့်အတင့်ဖြစ်နေ၏။ နေမပူပါ။ နံနက် (၉) နာရီ (၄ဝ) မိနစ်တွင် Rockland Lake ပန်းခြံဘေးမှ စတင်ချီတက်သည်။ တောကြီးနှစ်ခုကြားတွင်ရောက်နေ၏။ သဘာဝ လျောက်တောဖြစ်သောကြောင့် မည်သည့်အချိန်က ပန်းခြံနယ်မြေကို ကျော်လွန်သွားသည်မသိပါ။

တောလမ်းတွင် လူလျှောက်စရာလမ်းကျဉ်းမြောင်းလှ၏။ တောကြီးနှစ်ခုကြားတွင် ရောက်နေခြင်းဖြစ်သည်။ ချုံနွယ်ပိတ်ပေါင်းများသည် လမ်းပေါ်သို့ထိုးထွက်နေသဖြင့် လမ်းမှာကျဉ်းသထက်ကျဉ်းသွားသည်။ ရှေ့မှကားလာလျှင် ရှောင်ရ၏။ ရပ်စောင့်နေရ၏။ ဆောလျင်စွာ ကဆုန်စိုင်း၍ မရနိုင်ပါ။

(၁ဝ) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင်Village of Upper Nyack ရွာသို့ရောက်သည်။ ငါးမိနစ် ဆက်လျှောက်သော် Nyack High School ကို ဖြတ်လျှောက်၏။ ရပ်ကွက်လေးတခုဖြစ်ပါသည်။ ဘုရားကျောင်း၊ အလုပ်ဌာနများ၊ ရုံးများဖြင့် သူ့နည်းသူ့ဟန်တော့ အဆင်ပြေမှုရှိပါသည်။


(၁ဝ) နာရီ (၅) မိနစ်တွင် Village of Nyack သို့ ရောက်ရှိသည်။ မဆိုးလှသာရွာတရွာဖြစ်သည်။ လောလောဆယ် ရွာကိုဖြတ်သော ဟိုင်းဝေးလမ်းကိုသာ တွေ့ရခြင်းဖြစ်၏။ ကြီးကျယ်လှသော Nyack Hospital ဆေးရုံကိုတွေ့ရ၏။ ဆေးရုံ၏ရှေ့တည့်တည့်တွင်မူ သင်္ချိုင်းတခုဖြစ်ပါ၏။ ထူးခြားသော အိုင်ဒီယာ မဟုတ်ပါလော။

လမ်းဆုံမီးပွိုင့်သို့ရောက်လျှင် မြို့တမြို့ကဲ့သို့စည်ကားလာသည်။ လမ်းဆုံတို့၏သဘောအရ ရှိသင့်သောဆိုင်များ၊ ကန္နားများ အစုံအလင် ရှိ၏။ (၁ဝ) နာရီ (၂ဝ) မိနစ်တွင် Village of South Nyack သို့ ရောက်ရှိသည်။ ဆယ့်ငါးမိနစ်ဆက်လျှောက်သော် Upper Grandview သို့ ရောက်၏။

စည်ကားသောရွာနယ်မြေမှသည် တောလမ်းသို့ရောက်၏။ ယနေ့လျှောက်သောလမ်းသည် လူသွားလမ်း ကျဉ်းမြောင်းသောနေရာများချည်းဖြစ်၏။ လိုကယ်ဟိုင်းဝေးလမ်းများဆုံရာကို ဖြတ်၍ ကျော်၍ 9 W လမ်း အတိုင်းလိုက်ရသည်။ ကုန်းတက်ကုန်းဆင်းကိစ္စကလည်း မပြီးပြတ်သေး။ တက်လိုက်ဆင်းလိုက် ရှိတုန်း ပင်ဖြစ်ပါသည်။

ဟဒ်ဆင်မြစ်ကြီးကတော့ ခပ်တည်တည်ပင်။ ရှည်လျားလှသော တံတားတစင်းဖြတ်ထားသည်ကို ကုန်းပေါ်မှ လှမ်း၍တွေ့ရသည်။ ကုန်းသည် အတော်အတန်မြင့်သောကြောင့် မြစ်၏ရှုခင်းကို အပြန့်ကျယ်စွာတွေ့ရ၏။ ဤတံတားသည် Tappan Zee Bridge တံတားဖြစ်ပါ၏။ ကျွန်ုပ်တို့်လျှောက်နေသောလမ်းသည် တခါတရံ မြစ်နှင့်နီးလာလိုက်၊ တခါတရံဝေးသွားလိုက်ဖြစ်၏။

(၁၁) နာရီတွင် ခဏနားကြသည်။ ဆက်လက်ချီတက်သော် (၁၁) နာရီ (၁၅) မိနစ်တွင် Village of Piermont ဆိုင်းဘုတ်ကို တွေ့ရသည်။ ဝင်ဝင်ချင်းပင် လမ်းပြင်နေသည်ကိုတွေ့ရ၏။ တူးဝေးတွင် တလမ်းကို ပိတ်ထားပြီး၊ ကားများကို အချက်ပြ၍ မောင်းနှင်စေသည်။ ဤသို့ကျပ်ကျဉ်းသောနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

သို့သော်ကောင်းသွားပါသည်။ အကြောင်းမူ လမ်းပြင်အင်ဂျင်နီယာအဖွဲ့မှ ခေါင်းဆောင်ဖြစ်ဟန်တူသူသည် ကျွန်ုပ်တို့ကိစ္စကို စိတ်ဝင်စားမှုရှိ၏။ မည်သို့သောအကြောင်းဖြစ်သည်ကို မေးမြန်း၏။ မြန်မာပြည်သည် မည်သည့်နေရာတွင်ရှိသည်ကိုလည်း ဖြုန်းကနဲဆို ထိုသူတို့မသိပေ။ ရုရှလူမျိုးများဖြစ်ဟန်တူ၏။



ရှင်းလင်းပြပြီး၊ လက်ကမ်းစာစောင်ကိုလည်းပေးပြီး၊ ဘန်ကီမွန်းထံတင်မည့်စာကိုလည်းပြပြီးသော် ရှင်းလင်းသွားပါ၏။ ခေါင်းဆောင်လုပ်သူကပင် တောင်အာဖရိကနိုင်ငံ၏ အကြောင်းကို ဥပမာ ပြောပြနေပါသေးသည်။ လက်မှတ်ထိုးပြီးလျှင် သူ၏အဖွဲ့ကိုလည်းထိုးစေ၏။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ကို များစွာထောက်ခံအားပေးပါသည်။ ကြံကြံဖန်ဖန်ရှိလှသောလမ်းတွင် ရရှိသော လက်မှတ်များဖြစ်ပါ၏။ နှုတ်ဆက်ပြီးသော် ဆက်လက်ထွက်ခွာကြ၏။

လမ်းကလည်းကျဉ်း၊ လမ်းနှစ်ဖက်စလုံး ကားများကလည်း ရှုပ်ထွေးနေသည့်ကြားက ကားပေါ်မှနေ၍ ဆိုင်းဘုတ်လှည့်ပြခိုင်းသူများလည်းရှိ၏။ အားပေးချင်၍ဖြစ်ပါသည်။ မည်သို့ဖြစ်စေ လှိုက်လှဲစွာကြိုဆိုပါသည်။ မိုင်ပေါင်း (၉ဝဝ) ကို လျှောက်နေကြသည်မှာ ဤသည်ပင်လျှင် အကြောင်းမဟုတ်ပေလော။ လူများများသိလေ ကောင်းလေပင်ဖြစ်၏။


တောကြီးအုပ်မိုးထားသဖြင့် တောရိပ်တောင်ရိပ်တို့ဖြင့် အေးချမ်းလှ၏။ (၁၁) နာရီခွဲတွင် Tappan Zee Elementary ကျောင်းကို ဖြတ်ကျော်သည်။ ဆက်လက်၍ ကွန်ဒိုအိမ်ယာများကို ဖြတ်သည်။ ဟိုင်းဝေးမှနေ၍ အတွင်းလမ်းသို့ဝင်သော် ၎င်းရပ်ကွက်သို့ရောက်မည်ဖြစ်သည်။


နေ့လည် (၁၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် Sparkill Business District သို့ဝင်ရောက်သည်။ အတွင်းလမ်းသို့ဝင်ခြင်းမဟုတ်။ လိုကယ်လမ်းအတိုင်းလျှောက်ခြင်းဖြစ်သောကြောင့် စီးပွားရေးရပ်ကွက်ကို မတွေ့ရပါ။ ရှည်လျားသော တံတားတခုကိုဖြတ်သည်။ ဘေးနှစ်ဖက်ကို အကာအရံ အခိုင်အမာ မြင့်စွာ ပြုလုပ်ထား၏။ ဤတံတားသည် ရပ်ကွက်တခု၊ တောအုပ်တခုကို ကျော်ခွထားသောတံတားဖြစ်သည်။

(၁၂) နာရီတွင် ခဏနားကြသည်။ တောရိပ်ခင်းသော မြိုင်လယ်တကြောဖြစ်၏။ ဆက်လက်၍ ချီတက်သော် (၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Boro of Alpine သို့ဝင်ရောက်သည်။ ထိုနောက် တဆက်တည်းပင် Wecome to New Jersy ဆိုင်းဘုတ်ကို တွေ့ရ၏။ နယူးဂျာစီသို့ဝင်ရောက်ပြီ။ ကုန်းကြောတကြောကို တက်၏။ ကောင်းချီးသြဘာပေးသူများရှိသည်။ ရေယူမလားဟု မေးမြန်းသူများရှိ၏။ ကားပေါ်မှလှမ်း၍ အားပေးနှုတ်ဆက်သူများမှာ နေ့တိုင်းလိုလိုရှိပါ၏။

(၁ဝ) နာရီခွဲတွင် Ruckman Rd လမ်းကို ကျော်ပြီးနောက် Kiku Alpine ဆိုင်တခုရှေ့တွင် ယနေ့အဖိုးပြီးဆုံးသည်။ စားသောက်ဆိုင်ကို လှပသော အဆောက်အဦပုံစံဆောက်ထား၏။ ဆိုင်နှင့်ပင်မတူပါ။ တောလမ်းတွင် အမောအပန်းဖြေရန် ဆောက်ထားခြင်းဖြစ်ဟန်တူသည်။ မနက်ဖြန်တွင် ဝါရှင်တန်တံတားကို ဖြတ်ကျော်ကြပါစို့။

လမ်းလျှောက်ချီတက်ရဲဘောတဦးတင်ပြသည်။

Wednesday, September 2, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၆ ရက်မြောက် ခရီး 86th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၆) ရက်မြောက်
သြဂုတ်လ (၁) ရက်၊ ၂ဝဝ၉



နေသာသောနေ့ဖြစ်၏။ နံနက် (၉) နာရီ (၂ဝ) မိနစ်တွင် Stony Point အရပ်မှထွက်ခွာသည်။ စထွက်သော် တံတားပြင်နေသဖြင့် လမ်းပိတ်ထားသည်။ ထိုကြောင့် ဘေးသို့ဆင်းသွားသော လမ်းကလေးမှ လျှောက်ကြ သည်။ ကားများသည်လည်းကောင်း၊ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည်လည်းကောင်း ထိုလမ်းကလေးမှ သွားကြရ၏။ ကျဉ်း၏။ ကြည့်ရှုသွားရ၏။ ကြံကြံဖန်ဖန်လမ်းကလေးဖြစ်ပါသည်။


လမ်းကလေးကို ကွေ့ကောက်သွားပြီးသော် လမ်းမသို့ရောက်၏။ တစုံတရာစည်ကားပါသည်။ (၉) နာရီ (၄ဝ) မိနစ်တွင် Historic Stony Point မှ ထွက်ခွာသွားပါသည်။ ဆက်လက်၍ Helen Haynes Hospital ဆေးရုံကိုဖြတ်ကျော်သည်။ ထို့နောက် Village of West Haverstraw သို့ ရောက်ရှိသွားပါသည်။


ရွသည်တဖြည်းဖြည်းနှင့် စည်ကားလာပါသည်။ ရွာတွင်းအခြေအနေကိုမူ မသိရပါ။ ရွာကိုဖြတ်သော ဟိုင်းဝေးလမ်းအတိုင်းလျှောက်ကြခြင်းဖြစ်သည်။ မဆိုးလှသောရွာလမ်းဖြစ်၏။ ဈေးဆိုင်တန်းများ တောက်လျှောက်အပြည့်ဖြစ်သည်။


တနေရာရောက်သော် ကျပ်တည်းလှသော ကုန်းတခုကိုတက်ကြ၏။ လူသွားလမ်းလုံးဝမရှိပါ။ မျက်နှာချင်းဆိုင်မှ လာနေသောကားများနှင့် မဟာမိတ်ပြု၍လျှောက်ကြရသည်။ ကျွန်ုပ်အဖို့ မဟန်သဖြင့် ချောက်အတွင်းသို့ ဆင်းပြီး ရထားလမ်းနှင့်အပြိုင်ကပ်လျက် လျှောက်ရ၏။ ဝေးဝေးတော့မဟုတ်ပါ။


(၁ဝ) နာရီ (၃၅) မိနစ်တွင် ၎င်းရထားလမ်းဘေးတွင်ပင် ခဏနားကြသည်။ ဤကုန်းကို ဖြတ်စဉ် မြစ်ကမ်းပါးတွင် အဆောက်အဦအသစ်တခု ဆောက်နေသည်ကို တွေ့ရသည်။ ရပ်နားသောနေရာတွင်မူ ကျောက်မိုင်း၊ ကျောက်ကြိတ်ခွဲသောစက်ရုံတရုံကို တွေ့ရ၏။ ဆူညံ၍ပွက်လောရိုက်နေသည်။ ဆောက်လုပ်ရေးမှကားများ၊ ထရပ်ကားအမျိုးမျိုးတို့ ဥဒဟို သွားနေကြသည်။


ကျွန်ုပ်အဖို့မူ ဤမြစ်ကမ်းပါးတွင် ညုကလီးယားဓါတ်ပေါင်းဖိုနှင့် တခြားသောစက်ရုံအမျိုးမျိုးတည်ထားခြင်းသည် မြစ်၏ကျက်သရေကို ဖျက်နေသော အကုသိုလ်များဟု ထင်ပါသည်။ ကျက်သရေကို ဖျက်ရုံ ဆိုလျှင်အကြောင်းမဟုတ်လှသော်လည်း အသက်ဇီဝတို့၏မူလဖြစ်သော မြစ်ရေကို ဖျက်နေသည်ဆိုမူကား အနာဂတ်မကောင်းလှပါ။


မည်သို့ဆိုစေ ဟဒ်ဆင်မြစ်ပြင်ကျယ်ကား နေခြည်တွင် ဘော်ငွေရောင်တဖိတ်ဖိတ်တောက်နေ၏။ သောကကိုသိမ်းဆည်းပြီး ဝေဒနာကိုတွန်းလှန်ကာ ရှင်သန်ရပ်တည်မှုကို ကြိုးပမ်း၍ စီးမြဲတိုင်းစီးဆင်းနေလေ၏။
ရထားလမ်းဘေးမှ ဆက်လက်ထွက်ခွာ၏။ တောလမ်းသို့ရောက်သည်။

ထိုနောက် ဟိုင်းဝေးသို့ရောက်ပြန်၏။ (၁၁) နာရီ (၂ဝ) မိနစ်တွင် Congers သို့ရောက်ရှိသည်။ စီးပွားရေးအဆောက်အဦတို့ကို တွေ့ရ၏။ (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် Rockland State Park ပန်းခြံသို့ရောက်ရှိသည်။ တောလမ်းတွင် မိုတယ်တချို့နှင့် ဆိုင်တချို့တွေ့ရ၏။ အိမ်လေးများကိုလည်း ကျိုးတိုးကျဲတဲတွေ့ရသည်။


(၁၂) နာရီ (၁၅) မိနစ်တွင် Business District မှ ထွက်ခွာသွားပါ၏။ (၁၂) နာရီခွဲတွင် Rockland Lake ဆိုင်းဘုတ်ကို တွေ့ရသည်။ ရေကန်မူမတွေ့ရပါ။ အတွင်းသို့ဝင်မှ ဖြစ်မည်။ ဆက်လျှောက်လျှင် ပန်းခြံ၏အခြားတဖက်ဖြစ်သောနေရာတွင် Rockland State Park အဝင်ဝကို ဖြတ်ကျော်သည်။ လမ်းတောက်လျှောက်လုံးသည် ပန်းခြံနယ်မြေသာဖြစ်ပါ၏။

မွန်းလွဲ (၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ဤပန်းခြံဘေး၌ပင် ယနေ့အဖို့ပြီးဆုံးသွားပါ၏။ ပန်းခြံသည် သဘာဝလျောက်ဖြစ်သော ဘေးမဲ့တောဖြစ်၏။ နေပြောက်ပင်မထိုးပါ။ အတွင်းတွင် အုံ့မှိုင်းနေ၏။ မြင့်မားသောတောင်ကုန်းလည်းရှိသည်။ သစ်တောဖုံးလွှမ်းနေ၏။ အေးအေးလူလေူနေသော သမင်ကလေးများကို လှမ်းတွေ့ရသည်။

မြန်မာ့အရေးပြီးဆုံးခြင်းသို့ရောက်လျှင် မိဂဒါဝုန်သို့ အလည်တခေါက်သွားရောက်ကြပါစို့။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Monday, August 31, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၅ ရက်မြောက်ခရီး 85th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၈၅) ရက်မြောက်
သြဂုတ်လ (၃၁) ရက်၊ ၂ဝဝ၉



ခရီးရှည်အဖွဲ့သည် နံနက် (၉) နာရီထိုးရန် (၅) မိနစ်အလိုတွင် Highlands မြို့ ဝံသာနုဥယျာဉ်မှ စတင်ချီတက် သည်။ ငါးမိနစ်ခန့်လျှောက်ပြီးသော် လမ်းတွင် လူတဦးနှင့်တွေ့သည်။ ဘတ်ဖလိုးမြို့တွင် လမ်းလျှောက်ကြစဉ်က ဘုန်းတော်ကြီးများ ပါဝင်သည်ကို သူတွေ့ခဲ့ရကြောင်း၊ အခုလောလောဆယ် ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့တွင် သံဃာများကို မတွေ့ရသဖြင့် မေးမြန်းပါသည်။

ခရီးစဉ်တလျှောက် မြို့အသီးသီးကို ဖြတ်သန်းခိုက် မြို့ခံလူများက အားဖြည့်ကူညီချီတက်ကြပုံကို ရှင်းပြရသည်။ ထိုသူသည် ကျွန်ုပ်တို့၏ ချီတက်မှုကို အထူးအားပေး၏။ ဘန်ကီးမွန်းထံတင်ပြမည့်စာတွင်လည်း လက်မှတ် ထိုးပေးပါသည်။ အောင်မြင်စေကြောင်းဆုတောင်းပေးပါ၏။

(၉) နာရီ (၁ဝ) မိနစ်တွင် Front Montgomery State Historic Site ဆိုင်းဘုတ်ကို တွေ့ရသည်။ (၉) နာရီ (ဝ) မိနစ်တွင် လမ်းဆုံလမ်းခွသို့ရောက်သော် 9 W S သို့ ဖြတ်ဝင်ကြသည်။ လမ်းမအတိုင်းဝင်ရောက်သော် Bear Mt. State Park ပန်းခြံကိုကျော်ဖြတ်သည်။ လက်ယာဘက်ဘေးတွင် ကျောက်တောင်စောင်းတွင် ရှည်လျား သောရေကန်တခုကိုတွေ့ရသည်။
တဆက်တည်းပင် Rockland County သို့ ဝင်ရောက်သွားပါသည်။ တောလမ်းသို့ရောက်ကြခြင်းဖြစ်၏။ တော နှင့်တောင်နှင့် ရေကန်နှင့်ဖြစ်ပါသည်။ (၁ဝ) နာရီ (၄ဝ) မိနစ်တွင် Iona Island Bird Sanctuary သို့ ရောက်ရှိ၏။ ရှည်လျားကျယ်ပြောသောနယ်မြေတခုဖြစ်ပါသည်။ ရေဝပ်သော ကိုင်းတောကြီး ဖြစ်၏။ ရေ၌ကျက်စားသောငှက်အပေါင်း၏ ပျော်စံရာဖြစ်ပါသည်။
လမ်း၏လက်ယာဘက်သည် ကျောက်တောင်ကြီးဖြစ်၏။ သစ်တောများဖုံးလွှမ်းနေသည်။ ရေပျော်ငှက် အပေါင်း၏ဌာနချုပ်ဖြစ်သော ကိုင်းတောလွင်ပြင်ကို တောင်ကုန်းပေါ်မှ ဆီးကြည့်သော် ကျယ်ပြန့်လှသည်ကို တွေ့ရ၏။ အလယ်တွင် ကျောက်တောင်တခုတည်ရှိသည်။ ချောင်းကလေး၊ မြောင်းကလေးများမှာ ဟိုမှသည်မှ စီးဆင်းနေကြသည်။ ဤတော၏အလွန်တွင်ကား စိမ်းမြရေနဒီ ကျောက်ကမ်းပါးခွေလည် နေခြည်ကိုကြိုနှင့်၏။

လှပသောရှုခင်းဖြစ်ပါသည်။ ဟိုမှာဘက်ကမ်းကို လှမ်းမြင်နေရ၏။ အဆောက်အဦများ၊ တံတားများ၊ လမ်းများကို တွေ့ရသည်။ အတက်အဆင်းရှိသော မှိုင်းညို့နေသော တောလမ်းအတိုင်းဆက်လက်ချီတက်သော် Vietnam Veteran Memorial Highway သို့ရောက်ရှိသည်။ (၁ဝ) နာရီ (၄၅)မိနစ်တွင် ဟဒ်ဆင်မြစ်ကမ်းတနေရာ ရောက်သော် Department of Commerce Maritime Administration/1971 ဟု ကျော်တုံးတွင် ထွင်းထု ထားသည်။ တဖက်ကမ်းသို့လှမ်းကြည့်သော် ညုကလီးယားဓါတ်ပေါင်းဖိုကို တွေ့ရ၏။ အရေးထဲတွင် ကင်မရာဓါတ်ခဲ ဒေါင်းသွားလေ၏။

ဤနေရာသို့ လွန်ခဲ့သော (၂) နှစ်တွင် ခရီးရှည်အဖွဲ့ရောက်ခဲ့ပြီ။ ဂရက်ဖတန်မြို့ ငြိမ်းချမ်းရေးဘုရားမှ ဂျပန် သီလရှင်သည် ထွက်စ နေဝန်းနီနီကို ဤနေရာမှ ပူဇော်၍ ဂါထာရွတ်ခဲ့သည်။ တချို့သော အမှတ်အသား နေရာသို့ရောက်သော် အတိတ်ကိုသတိရ၏။ ဖြတ်သန်းသွားသော ကားများကလည်း နှုတ်ဆက်ကြ၏။

(၁၁) နာရီ (၁ဝ) မိနစ်တွင် Tomkins Cove သို့ဝင်ရောက်၏။ ဆယ့်ငါးမိနစ်ခန့်ဝင်ပြီးသော် Tomkins Cove Public Libarary ကို တွေ့ရသည်။ ရွာဟုဆိုရမလား၊ ရပ်ကွက်ဟုဆိုရမလား မသိသော်လည်း မြစ်ကမ်းအနီး တောက်လျှောက်တွင်ကား ဖွဲ့စည်းပုံ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ (၁၁) နာရီခွဲတွင် Elm Ave လမ်း၌ ခဏနားကြ၏။

တလမ်းလုံးသည် အတက်အဆင်းများဖြစ်သော်လည်း ပြေပြေပြစ်ပြစ်ရှိ၏။ အေးအေးချမ်းချမ်းရှိသော ရက်ကွက်ကို ကျော်ဖြတ်သည်။ နေ့လည် (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် စက်ဘီးစီးသောလူတဦးကို တွေ့ရသည်။ ဖြတ်ကျော်သွားပြီးမှ ပြန်လှည့်လာကာ ဓါတ်ပုံရိုက်ခွင့်တောင်း၏။ နယူးယောက်မြို့တွင် နေထိုင်သူဖြစ်သည်။ ကနေဒါနိုင်ငံသားဖြစ်၏။ မြန်မာပြည်နှင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို သိရှိသူဖြစ်သည်။ အားပေးထောက်ခံ၏။ လက်မှတ်လည်းထိုးပေးသွားပါသည်။

ှStony Point သို့ ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းစည်ကားလာသော ရပ်ကွက်ကို ကျော်ဖြတ်သည်။ (၁၂) နာရီ (၁၅) မိနစ်တွင် 108 လမ်းဆုံအနီး၊ Hudson Corner/The Tanning Point အဆောက်အဦရှေ့တွင် ယနေ့အဖို့ပြီးဆုံးသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Sunday, August 30, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၄ ရက်မြောက်ခရီး 84th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၄) ရက်မြောက်
သြဂုတ်လ (၃ဝ) ရက်၊ ၂ဝဝ၉


နံနက် (၈) နာရီခွဲခါနီးတွင် Continental လမ်းမှ စတင်ထွက်ခွာသည်။ တောင်ကြောကြီးကို စိတ်ကူး၍ တက်ရ မည်ဖြစ်သည်။ စိတ်ကူးယဉ်၍ပင်အချိန်မရလိုက်။ စထွက်သည်နှင့် တောင်ကို စတက်ရတော့၏။ လိုကယ် ဟိုင်းဝေးလမ်းသည် ဤနေရာတွင် လမ်းလျှောက်ရန်အတွက် မသင့်တော်သော နေရာဖြစ်နေသည်။


တောက်ကြောကို တောက်လျှောက်တက်ပြီး (၉) နာရီထိုးလျှင် တောင်ကုန်းထိပ်တခုသို့ရောက်ရှိသည်။ ဤနေရာတွင်ခဏနားကြသည်။ တောတောင်တို့ကို မြူတို့ဖုံးလွှမ်းထားသကဲ့သို့ ချောက်အတွင်းတွင်လည်း မြူတို့ဖြင့်အတိပြီးသောကြောင့် ပင်လယ်လော ကောင်းကင်လော ခွဲခြား၍မသိနိုင်ပါ။ ဖြူတူတူမှလွဲ၍ အရာ တခုကိုမျှမမြင်ရပါ။ ချောက်အတွင်းမှတက်လာသော အနီးရှိတောင်ထွတ်တခုကိုတွေ့ရသည်။ မြူတို့ ရစ်ဆိုင်း နေ၏။

“မြူခိုးရယ်မှောင် ဟိုတောင်ကြော့ခါးပန်း ရွှေဥဒေါင်းငယ်တို့” ဟု စာကဆိုရာ လောလောဆယ် တောင်ခါးပန်း တွင် မြူခိုးတို့မှောင်နေပြီ၊ ကျွန်ုပ်တို့ထမ်းလာသော အလံသည် ရွှေဥဒေါင်းပင်မဟုတ်ပါလား။ လမ်းတွင် တွေ့သော ဝါးရုံတောမှ ဝါးသုံးချောင်းကို ရဲဘော်မင်းဆွေဦးက အမှတ်တရ ခုတ်ယူလာရာ စာဆို၏ကဗျာနှင့် ကျွန်ုပ်တို့အခြေအနေသည် များစွာကိုက်ညီသွားလေတော့၏။ ဤလမ်းတွင် ကြံကြံဖန်ဖန်ဝါးရုံကို တွေ့ရခြင်း ဖြစ်သည်။



ဤတောင်ကြားလမ်းသည် ကျောက်တောင်ကြီးကြားတွင်ရှိသောလမ်းဖြစ်သည်။ အမည်မှာ ‘လွတ်မြောက်ရေး လမ်း Freedom Rd ဟူ၏။ တောင်ထိပ်ရှိဆိုင်းဘုတ်တွင်ရေးထိုးထားသည်မှာ အောက်ပါ အတိုင်းဖြစ်သည်။







Freedom Rd
The Route Traveled by the 52 American Hostages from Stewart Airport to West Point after Their Release from Captivity in Iran/ January 25, 1981



(၁၉၈၁) ခုနှစ်တွင် အမေရိကန် ၅၂ ယောက်သည် အီရန်နိုင်ငံတွင် ဓါးစာခံအဖြစ်မှ ပြန်လည်လွတ်မြောက် လာသောအခါ ဤလမ်းမှခရီးသွားကြသည်ဆို၏။ ကျွန်ုပ်တို့မူကား အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် ဤလမ်းမှ ချီတက်နေကြခြင်းဖြစ်သည်။



ခဏနားပြီး ပြန်ထွက်သည်နှင့် မြူထဲသို့တိုးဝင်သွားရ၏။ ကားအသွားအလာသတိထားရသည်။ မီးထိုးပြီး မောင်းနေကြ၏။ (၉) နာရီခွဲတွင် တောင်ကြောတနေရာရောက်သော် Town of Highlands ဟူသော ဆိုင်းဘုတ်ကို တွေ့ရသည်။ ဘာမျှမရှိသောနေရာ မြို့ဆိုင်းဘုတ်တပ်ထားခြင်းမှာ ဆန်းတော့ဆန်းနေ၏။





ဆိုင်းဘုတ်ကိုလွန်လျှင် နေသည်လင်းကနဲပွင့်လာ၏။ သို့သော်ရှေ့လျှောက်သော် မြူတို့အကြီးအကျယ် ပိတ်နေသဖြင့် ချီတက်မှုကို ရပ်ဆိုင်းထားရသည်။ အကြောင်းသော် အလွန်အန္တရာယ်ကြီး၏။ ရဲဘော်မသေ သေသော်ငရဲမလားဘဲ တခါထဲနတ်ပြည်ရောက်သွားနိုင်သည်။ တဖန် နေရောင်လင်းလာပြန်၏။ သို့သော် နေရောင်ကတခြား မြူဖုံးနေသည်က တခြားသာဖြစ်သည်။




ဤကျောက်တောင်ကြီးအောက်တွင် အဘယ်သို့သော ကျောက်သံပတ္တမြားတို့ကို နဂါးတို့ဝှက်ထားဘိသနည်း။ ကျောက်တောင်ကြောကြီးကို တောအုပ်ဖြင့်ဖုံးလွှမ်းထားသည်။ လက်ဝဲဘက်ရှိတောကိုလည်း မြင့်မားသော သံကြိုးတောက်လျှောက်ခတ်၍ US Military Reservation ဟု ဆိုင်းဘုတ်ရေးထားသည်။




နေအပွင့်တွင် နှင်းအပျယ်ကို စောင့်ပြီးနောက် ဝိုးတဝါးကြားတွင်ပင် ဆက်လက်ချီတက်ကြ၏။ သည်းထိပ် ရင်ဖိုရှိလှသော တောင်ခါးပန်းစောင်းအကွေ့တခုကို လျှောက်ရသည်။ လူတစုသည် မြူအထုတွင် အလံထူ၍ တရိပ်ရိပ်ရွေ့လျားနေသည်ကို ကားများကတော့အမြင်ကပ်မည့်ပုံပေါ်သည်။ အကြောင်းမူ ဤကျပ်တည်း လှသော တောင်ကြောလမ်းအကွေ့အကောက်တွင် မြူပိတ်နေသဖြင့် လမ်းကို သတိထား နေရသည် မဟုတ်လော။




အတန်ငယ်လျှောက်မိလျှင် နေသည်အတန်အသင့်လင်းလာ၏။ သို့ဖြင့် ကျောက်သံပတ္တမြားကြော သို့မဟုတ် နာဂါဂီရိ ဟုဆိုအပ်သော နဂါးပြည်မှသက်သော် မြေအပြင်သို့ရောက်၏။ မြေပြန့်ဆိုသော်လည်း ဤဒေသ သည် တောင်ကုန်းဒေသဖြစ်သောကြောင့် တောင်ကြောတနေရာတွင်သာ ရှိနေပါသေးသည်။




ဆိုင်ကယ်အုပ်စုများ၊ ကားများကလည်း တဝီးဝီးမောင်းနှင်လျက်ရှိသည်။ ကားမောင်းရန်အတွက်သာ ရည်ရွယ်သောဤလမ်းတွင် လျှောက်နေရသဖြင့် နည်းနည်းတော့ခက်ခဲသည်။ (၁၁) နာရီတွင်ခဏနားကြသည်။ ထို့နောက်ဆက်ထွက်သော် (၁၁) နာရီ (၂၅) မိနစ်တွင် West Point Museum ဟူသောဆိုင်းဘုတ်ကို တွေ့ရသည်။




နေ့လည် (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် Fort Montgomery အရပ်သို့ရောက်၏။ ဆိုင်ကယ် အုပ်စုတစုကို တွေ့ရသည်။ သူတို့သည် ဓါတ်ဆီဆိုင်တဆိုင်တွင် ခဏနားကြ၏။ သူတို့လည်း တစုံတခုသော ခရီးကို ချီတက်နေကြဟန်တူသည်။ (၁၂) နာရီတွင် Highlands မြို့၊ Patriot Garden ယနေ့အဖို့ ခရီးစဉ်ပြီးဆုံး သည်။ ဘေးတွင် တောရိပ်တို့ရှိသဖြင့် အေးချမ်းလှသော ရေကန်တကန်ကို တွေ့ရသည်။






ယနေ့သည် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ Beacon မြို့ မိတ်ဆွေတယောက်၏အိမ်တွင် တည်းခိုနေရာမှ နယူးဂျာစီသို့ ပြောင်းရွှေ့တည်းခိုသောနေ့ဖြစ်ပါသည်။ မနက်ဖြန်တွင် Highlands မြို့မှ ပြန်လည်စတင်ပါဦးမည်။





လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Saturday, August 29, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၃ ရက်မြောက်နေ့ခရီး 83th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၃) ရက်မြောက်
သြဂုတ်လ (၂၉) ရက်၊ ၂ဝဝ၉

နံနက် (၈) နာရီတွင် Balmville ရပ်ကွက်၊ Balmville School ကျောင်းဘေးမှ စတင်သည်။ အခုတလော ရာသီဥတုသည် မလင်းပါ။ မလင်းသည့်အပြင် မိုးမှုန်တို့ကျနေသည်။ ကျောင်းကိုလွန်သော် တောလမ်းသို့ ရောက်၏။ ကျဉ်းသောလမ်းရှိသည်။ သို့သော်တော်ပါသေးသည်။ ကားအသွားအလာသိပ်မရှိပါ။

တောလမ်းကိုလွန်သော် မြို့ပြနယ်မြေသို့ ရောက်ပြန်၏။ တိတ်တိတ်ဆိတ်ဆိတ်ရှိ၏။ စနေနေ့ဖြစ်သောကြောင့် ထင်ပါသည်။ မြို့၏လမ်းဆုံလမ်းခွများသည် တစုံတရာကျယ်ဝန်းမှုရှိ၏။ မဆိုးလှသောမြို့ကလေးဖြစ်ပါသည်။ (၃) မိုင်ခရီးကို လျှောက်မိလျှင် မြို့လယ်သို့ရောက်၏။ သို့သော်ဆက်လျှောက်ကြ၏။ စထွက်ကတည်းက ကဆုန်စိုင်း လာကြသဖြင့် စောစောရောက်ခြင်းဖြစ်သည်။

သမင်ကလေး၊ ဒရယ်ကလေးများသည် အမိဝမ်းဗိုက်မှထွက်၍ မြေသို့ကျသည်နှင့် လေသလပ်သော် ထရပ်ရန်ကြိုးစားကြ၏။ ထို့နောက် ကဆုန်ပေါက်ပြေးတော့သည်။ မပြေး၍မဖြစ်။ ကျေးဇူးရှင်တို့က စောင့်နေကြသည်မဟုတ်လော။ ဤသည်ကား တော၏ဥပဒေဖြစ်၏။ ကျွန်ုပ်တို့အဖွဲ့သည် အနောက်က ကျေးဇူးရှင်လိုက်လာသကဲ့သို့ပင် သဘောထား၍ နေရောင် လုံးဝမထွက်သော ဤနေ့တွင် ကဆုန် ပေါက်ချီတက်ကြတော့၏။

အင်္ဂုလိမာလနှင့် တဖြည်းဖြည်းနီးစပ်လာပြီ။ အင်္ဂုလိမာလသည် မျက်စိတဆုံးတွင် ပြေးနေသောမြင်းနောက်သို့ တဟုန်တည်းလိုက်၍ လူကိုဖမ်းသည်ဆို၏။ သူသည် လူ၏လက်ညိုးကိုဖြတ်ရန် ပြေးလွှားနေခြင်းဖြစ်၏။ ဗုဒ္ဓနှင့်တွေ့သော် အမှန်တကယ်ငြိမ်းချမ်းခြင်းသို့ရောက်၏။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအလို့ငှာ လမ်းလျှောက်နေကြသူများဖြစ်၏။ ဗုဒ္ဓနှင့်ကား ရှေးဟောင်းပစ္စည်းဆိုင်တွင် တွေ့ဆုံခဲ့ပြီ။ သို့သော် မငြိမ်းချမ်း သေး။

(၉) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် လမ်းဆုံတခု၌ ခဏနားကြသည်။ ဆက်လျှောက်သော် တောင်ကြော တခုသို့တက်သွား၏။ အဝေးတွင် မြစ်၏အခြားတဖက်၌ တောင်တန်းသည် မြူခိုးတို့ဖြင့်ဖုံးလွှမ်းလျက်ရှိ၏။ မိုးဖွဲဖွဲကျနေသည်ဖြစ်၍ ပတ်ဝန်းကျင်သည် တောတို့အထက်တွင် မိုးမြူတို့ဖြင့် ရစ်သိုင်းထား၏။ မြို့အတွင်း တွင်ပင် ဝေဝေမှိုင်းမှိုင်းဖြစ်ပါသည်။



မြို့လမ်း၊ တောလမ်း စသည်တို့ကို ဖြတ်ကျော်ပြီးနောက် (၁ဝ) နာရီထိုးရန် (၅) မိနစ်အလိုတွင် Applied Systems Technology System, Inc. အဆောက်အဦဘေးတွင် ခဏနားကြသည်။ (၁ဝ) နာရီထိုးပြီးသော် ပြန်ထွက်ကြသည်။ Orange County Radiation Oncology အဆောက်အဦတခုကို တွေ့ရ၏။ နေသည်လုံးဝ မလင်းသည့်အပြင် မိုးဖွဲဖွဲတို့သည် တမနက်လုံးကျနေ၏။


ကားအသွားအလာသိပ်မရှိဟု ထင်ခဲ့မိသည်။ တဖြည်းဖြည်းဖြင့် များပြားလာ၏။ လမ်းကျဉ်းမြောင်းလှ၍ လူသွားလမ်းပင်မရှိသလောက်ဖြစ်ပြီး အကွေ့အကောက်များလှသောလမ်းတွင် မိုးကြောင့်စိုစွတ်သောလမ်းတွင် ကြည့်ရှောင်ပြီး ကြည့်လျှောက်နေရ၏။


(၁ဝ) နာရီ (၄ဝ) မိနစ်တွင် Conwell မြို့မှထွက်သည်။ မြို့မှထွက်ပြီးသည်နှင့်ပင် (၁၁) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် Continental Rd လမ်းတွင် ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးပါသည်။ Hudson Highlands Nature Museum, Wildlife Education Center ဆိုင်းဘုတ်ရှေ့တွင်ဖြစ်ပါသည်။ မိုးဖွဲကလည်း ကျတုန်းဖြစ်ပါ၏။ အရှေ့တွင် မြူနှင်းတို့ဆီးဆို့နေသော တောင်ရှိ၏။ မနက်ဖြန်ကျော်ဖြတ်ကြပါစို့။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၈၂ ရက်မြောက်နေ့ခရီး 82nd day of 900 mils for Long March

ခရီးရှည်ချီတက်ခြင်း (၈၂) ရက်မြောက်
သြဂုတ်လ (၂၈) ရက်၊ ၂ဝဝ၉

မှုန်မှိုင်းသောရာသီဥတုရှိသည်။ နံနက် (၈) နာရီတွင် မနေ့ကရပ်နားခဲ့ရာဆိုင်ဘေးမှ စတင်ထွက်ခွာသည်။ ကားအလွန်ရှုပ်ထွေး၏။ အခုတလောကားအသွားအလာများပြားလှသည်။



(၈) နာရီ (၄၅) မိနစ်အချိန်တွင် Town of Marlborough သို့ရောက်ရှိသည်။ သေးငယ်သော ဟိုင်းဝေးလမ်းဘေးမြို့ကလေးဟုဆိုရမည်။ ကျိုးတိုးကျဲတဲမြို့ကလေးဖြစ်၏။ မြို့သို့အဝင်တွင် လမ်းလျှောက်စရာ လူသွားလမ်းပင်မရှိ၊ ရေစီးသောလမ်းဘေးမြောင်းသာရှိသည်။ ဤနေရာတွင် လမ်းလျှောက်ချင်လျှင် မြောင်းထဲကလျှောက်ကြလော့ဟုဆိုချင်သလို။ ကားများသည် ဒလကြမ်းမောင်းနေကြရာ မြောင်းထဲက ဆင်းလျှောက်ရသည်။ မြောင်းလောက်တော့အသေးအဖွဲပါ။

(၉) နာရီ ထိုးခါနီးတွင်ခဏနားကြသည်။ မြို့ကလေးသည် အဝင်တွင်ကျဲလှသော်လည်း တဖြည်းဖြည်းတော့ ဟုတ်တိပတ်တိရှိလာပါသည်။ ကျောင်းနှင့် ဝင်းနှင့် ဆိုင်နှင့် ကန္နားနှင့်ဖြစ်လာပါသည်။ လမ်းတောက်လျှောက် တွင် ကားများတဝုန်းဝုန်းဖြင့် ပြတ်သည်မရှိ။ (၉) နာရီခွဲတွင် မြို့တွင်းသို့ရောက်လာသည်။

ခြောက်ခြောက်သွေ့သွေ့ဖြစ်နေသည်ကလွဲ၍ အဆိုးကြီးတော့မဟုတ်ပါ။ ဈေးတန်းနှင့် လူနေရပ်ကွက်များကို ဖြတ်ကျော်သည်။ တနေရာတွင် အမျိုးသမီးတဦးကိုတွေ့ရ၏။ အားကြိုးမာန်တက်ကြိုဆိုသည်။ အလွန်တက်ကြွနေ၏။ ကျွန်ုပ်တို့၏လမ်းလျှောက်မှုကို အထူးအားပေးပါသည်။ အံ့သြဖွယ်ရာဖြစ်သည်ဟုလည်း ဆိုပါသည်။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ထိုးပေးသည်။



အရှေ့တွင် Newburgh ခေါ်သောမြို့ရှိကြောင်း၊ ၎င်းသို့မရောက်မီ သတင်းထောက်ကို လမ်းတွင်တွေ့စေရန် သူခေါ်ပေးမည်ဆို၏။ သူ၏လိပ်စာကဒ်ပြားကိုလည်း ပေးလိုက်ပါသည်။ အမည်မှာ Karen Enamorado ဖြစ်ပါ သည်။ နိုင်ငံရေးအသိဉာဏ်ရှိပုံရ၏။ သူပေးသော ကဒ်ပြားမှာ မဲထည့်သော ကဒ်ပြားဟု ယူဆရသည်။

(၁ဝ) နာရီတွင် Marlboro မြို့  သို့ရောက်ရှိသွားသည်။ မြို့သို့ဝင်သည်နှင့် ခဏနားကြသည်။ သတင်းထောက် ရောက်ချင်လည်းရောက်လာနိုင်သည်။ ကြည့်ရမည်။ ကျွန်ုပ်တို့သည် ၂ဝဝ၇ ခုနှစ်က လျှောက်ခဲ့သော လမ်းအတိုင်း လျှောက်နေကြခြင်းဖြစ်သည်။

၂ဝ၁ဝ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ပြန်လာစရာအကြောင်းမရှိတော့ပါ။ သို့သော် လောလောဆယ်တွင် အမေရိကန်က မြန်မာပြည်အပေါ် မူပြောင်းရန်စဉ်းစားနေသည်။ လူသား ဆန်သော အကူအညီကိုပေးရန်စဉ်းစားနေသည်ဆို၏။ သို့ဆိုလျှင်တော့ ခွေးကိုလူလုပ်ပေးလိုက်ခြင်း ဖြစ်တော့မည်။ ကိုညွန့်ခူးတို့ ပွသွားသည်ဟုဆိုရမည်။

စစ်အုပ်စုတို့၏ယုတ်မာမှုကို သိပ်မတင်ပြချင်တော့ပါ။ သူတပါးလှူသောဒုက္ခသည်ပစ္စည်းကို လုယူပြီးရောင်းစား နေသော လူမသမာများကို လူဆန်သောအကူအညီကိုပေးမည်ဆိုပါစို့။ သန်းရွှေ၏သမီးသည် လူမဆန်တော့ဘဲ ဝက်တိရိစ္ဆာန် ဘဝမှ ပြိတ္တာဘဝသို့ကူးပြောင်းသွားပေလိမ့်မည်။ ထူးဆန်းသောအမေရိကန် စဉ်းစားနည်း ပေတည်း။

နားနေရင်း ခပ်လှမ်းလှမ်းတွင် 86th Blackhowk Infantry Division Memorial Highway ဆိုင်းဘုတ်ကို လှမ်းမြင်နေရသည်။ ‘အမှတ် (၈၆) သိမ်းနက် ခြေလျင်တပ် အထိမ်းအမှတ် လမ်းမ’ဟုဆိုရမည်။ သမိုင်း မည်သို့ ရှိခဲ့သည်တော့မသိနိုင်ပါ။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည် အမှတ်မရှိ၊ လမ်းမရှိ ခွပ်ဒေါင်းဝါ လမ်းလျှောက် အဖွဲ့ဖြစ်၏။ မတူသော်လည်း နည်းနည်းတော့ဆိုင်နေသလိုလိုပင်။

လူ့သမိုင်းတွင် လူတို့သည် ကြီးစွာသောအမှုကိုပြုခဲ့ကြ၏။ ထိုကြောင့် ကြီးစွာသော အထိမ်းအမှတ်ကျန်ခဲ့၏။ ဥပမာ အာဏာရှင်ဗိုလ်နေဝင်းသည် သေခါနီး “ရုတ်ရုတ်မလုပ်ကြနဲ့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်”ဟု ကြီးစွာသော သူရဲဘောကြောင်မှု၊ မိုက်လုံးကြီးမှုဖြင့် ပြည်သူလူထုကို စိန်ခေါ်ခဲ့သည်မဟုတ်လော။ ထိုကြီးစွာသောအမှုကို ငရဲပြည်တွင် မှတ်တမ်းတင်ထားပါသည်။

ဤလမ်းသို့လာသော စစ်ဗိုလ်များသည် ဤမှတ်တမ်းကိုမြင်လျှင် ဦးနေဝင်း၏ကြီးစွာသောစကားကို အမှတ်ရ စေရန် ဖြစ်၏။ အလျှံညီးညီးရှိသော ဤအရပ်သို့ သင်တို့သည် အကြောင်းမဲ့ လာကြကုန်သည်မဟုတ် ဟူသော အဓိပ္ပါယ်ပင်ဖြစ်၏။ အကြောင်းမူ နောက်လိုက်ဆွယ်ပွားများသည် ဤလမ်းသို့ရောက်ရန် တနေ့တခြား ကြိုးပမ်းအားထုတ်နေကြကုန်၏။

(၁ဝ) နာရီ (၃၅)မိနစ်အချိန် Ceder Hill ခေါ်သော၊ တံတိုင်း မုခ်တို့ရှိသော ကြီးကျယ်လှသော သင်္ချိုင်းတခု၏အဝတွင် အဖိုးအဖွာမောင်နှံကို တွေ့ရသည်။ ဤနေရာသည် Larrabee လမ်းအနီး၌ဖြစ်၏။ တဦးချင်းစီကို လက်ဆွဲနှုတ်ဆက်၏။ ကြိုဆို၏။ ထောက်ခံအားပေး၏။ အဖိုးကြီးသည် ဗီယက်နမ် စစ်ပြန်တဦးဖြစ်၏။ လမ်းတလျှောက်တွင် လူတို့ဆက်ဆံပုံကို အဖွားကြီးက မေးမြန်း၏။ သူတို့တွင် လောလောဆယ် စားစရာပါမလာသည်ကို စိတ်မကောင်းဖြစ်နေသည်။ မည်သို့ဆိုစေ ဤမြို့ကလေးသည် မဆိုးလှပါ။


ဆက်လက်ချီတက်ရာ (၁၁) နာရီတွင် ဓါတ်ဆီဆိုင်တခုရှေ့ လူတဦးတွေ့ပြန်သည်။ ထိုသူက တွေ့တွေ့ချင်း ကျွန်ုပ်တို့အဖွဲ့ကို ဓါတ်ပုံရိုက်၏။ ထို့နောက် စကားအနည်းအကျဉ်းပြောဆိုပြီး လက်မှတ်ထိုးပေးပါသည်။ စည်ကားသောမြို့၏အပိုင်းကို ဆက်လက်ချီတက်ကြ၏။ (၁၁) နာရီ (၃၅) မိနစ်တွင် ယနေ့အတွက် သတ်မှတ် ထားသောခရီး ပြီးဆုံးပါ၏။

လမ်းလျှောက်ရဲဘော်တဦးတင်ပြသည်။

Friday, August 28, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၁ ရက်မြောက်နေ့ခရီး 81st day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၁) ရက်မြောက်
သြဂုတ်လ (၂၇) ရက်၊ ၂ဝဝ၉



နံနက် (၉) နာရီထိုးရန် (၅) မိနစ်အလိုတွင် မနေ့ကရပ်နားခဲ့ရာနေရာမှ စတင်ထွက်ခွာသည်။ Black Creek ကိုကျော်လွန်သွားပြီဖြစ်၏။ ယခုအခါ West Park ရပ်ကွက်သို့ ဝင်ရောက်သွားခြင်းဖြစ်သည်။ ကောင်းမွန်သော ရာသီဥတုရှိ၏။ တောလမ်းဖြစ်ပါသည်။ ကားအသွားအလာ အလွန်ရှုပ်ထွေးများပြားလှ၏။ ရုံးတက်ချိန် ဖြစ်သောကြောင့် ဖြစ်ပါလိမ့်မည်။ တချို့နေ့များတွင်လည်း ယခုကဲ့သို့ ကားအသွားအလာ ရှုပ်ထွေးခြင်း များရှိခဲ့ပါသည်။ မိုးရွာသောနေ့များဆိုလျှင် ပို၍သတိထားရပါသည်။


ယနေ့စောစောသည် အကုသိုလ်တက်သောနေ့ဖြစ်သည်။ အကြောင်းမူ စတင်ထွက်ခွာပြီး ဆယ်မိနစ်ခန့် အကြာတွင် ကျွန်ုပ်တို့ချီတက်အဖွဲ့၏အနောက်ဖက် ပေ (၁ဝဝ) ခန့်အကွာတွင် ယာဉ်တိုက်မှုဖြစ်ပွားသည်။ အဖြောင့်အတိုင်းသွားနေသောကားနှင့် လမ်းဆွယ် တောလမ်းမှ တက်လာသောကားတို့ တိုက်မိကြခြင်း ဖြစ်သည်။

မည်သို့ဖြစ်သည်မသိ စူးရှရှည်လျားသော ဘရိတ်ဆွဲသံနှင့် ဂျိန်းကနဲသံတို့ကြောင့် အနောက်သို့လှည့်ကြည့်ရာ ကားတစင်းသည် မီးခိုးအူလျက် လမ်းဘေးသို့ထိုးဝင်သွားလေသည်။ လူကို ထိခိုက်မိသလား မသိနိုင်ပေ။ ဆွမ်းခံရင်း ငှက်သင့်နိုင်သဖြင့် ဆက်လက်ထွက်ခွာချီတက်ကြသည်။ လမ်းကလည်းကျဉ်းမြောင်း၊ ကားကလည်း များပြား၊ အားလုံးအရှိန်နှင့်ချည်း၊ အလုအယက်မောင်းနေကြသည်။ အန္တရာယ်ကြီးလှ၏။

(၉) နာရီခွဲအချိန်တွင် West Park ရပ်ကွက်မှ ထွက်ခွာသွားပြီဖြစ်သည်။ (၉) နာရီ (၃၅) မိနစ်တွင် Esoups မြို့မှ ထွက်ခွာသွားပြီဖြစ်၏။ (၁ဝ) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Cross Creek Run လမ်း၌ ခဏနားကြသည်။

ဤမှပြန်ထွက်လျှင် စည်ကားသောနယ်မြေသို့ရောက်ရှိ၏။ ရှည်လျားသောနယ်မြေဖြစ်၏။ စီးပွားရေး နယ်မြေဖြစ်၏။ အနီးအနားရှိ မြို့ရွာအပေါင်းသည် ဤနေရာတွင်လာ၍ ဈေးဝယ်ကြဟန်တူသည်။ လမ်းတလျှောက်လုံးသည် ဆိုင်တန်းဆိုင်ဝင်းများဖြင့်သာပြည့်နေသည်။

(၁၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ခဏနားကြ၏။ ထိုနောက်ဆက်လျှောက်ကြ၏။ စည်ကားသောနယ်မြေကိုကျော်လျှင် တောလမ်းသို့ရောက်ပြန်၏။ တောလမ်းဖြစ်စေ၊ စည်ကားသော လမ်းဖြစ်စေ ဤနေ့တွင် ကားများမှအားပေးမှုများမှာ တောက်လျှောက်ဖြစ်သည်။

တောလမ်းတွင် အတန်ငယ်လျှောက်ပြီးနောက် စည်ကားရာနယ်မြေသို့ တဖန်ရောက်ပြန်၏။ ပို၍ပင် စည်စည်ကားကားရှိလာသကဲ့သို့ဖြစ်သည်။ Economic Zone တကြောလုံးဖြစ်တော့၏။ 9 W လမ်း အတိုင်း ဖြစ်ပါသည်။ နေ့လည် (၁၂) နာရီတွင် ကားရောင်းသောဆိုင်တဆိုင်ရှေ့တွင် ယနေ့ခရီးသည် ပြီးဆုံး၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၈၀ ရက်မြောက်နေ့ခရီး 80th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈ဝ) ရက်မြောက်
သြဂုတ်လ (၂၆) ရက်၊ ၂ဝဝ၉



နံနက် (၉) နာရီခွဲတွင် မနေ့က ရပ်နားခဲ့ရာနေရာ Kingston မြို့ထိပ်မှ စတင်ထွက်ခွာသည်။ မြို့တွင်းသို့ ဝင်၏။ ယနေ့တွင် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့၏ မူလပုရိသ (၅) ဦးသာဖြစ်ပါသည်။ ဤနေ့သည် Rensselaer မြို့တွင် တည်းခိုနေရာမှ ထွက်တော်မူမြို့က နောက်ဆုံးခွာသောနေ့ဖြစ်၏။ ရာသီဥတုသာယာပါသည်။

မထွက်ခွာမီ ညကတည်းကပင် ကိုမောင်သန့်က ပုစွန်ခြောက်ငန်ပြာရည်ချက်တဗူး ချက်ပြုတ်ပေးလိုက်သည်။ ရဲဘော်ဇော်ကိုနိုင်က ဘာလချောင်ကြော်တဗူး နှင့် ငရုတ်သီးငန်ပြာရည်ကြော်တဗူး၊ ဓမ္မဝါဒီအောင်မြေ မင်္ဂလာကျောင်းမှ သီလရှင်ဆရာကြီးက ဘာလချောင်ကြော်တဗူးနှင့် ငါးသေတ္တာဗူးများ၊ မခိုင်၏သမီး သီလရှင်လူထွက် နန္ဒာခိုင်က ဘာလချောင်ကြော်တဗူး၊ ဆရာတော်က ဆန်တအိတ်နှင့် ဆီတပုံး စသည်ဖြင့် ရိက္ခာအတွက် ပေးလိုက်ကြပါသည်။

တည်းခိုခွင့်ပြုသော အစစအရာရာကူညီသော ရဲဘော်မိုးကျော်၊ မအေးအေးမျိုး၊ ကိုလတ်၊ ကိုဇော်ကိုနိုင်၊ ကိုနောင်နောင်၊ ကိုဆန်းဆန်း၊ ကိုလေးညို၊ ကိုဖြိုး၊ ကိုထွန်းထွန်း၊ စသောရဲဘော်အပေါင်းကို ကျေးဇူးတင်ရှိ ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ နောက်နှစ်တွင်လည်း ‘မြန်မာပြည်လွတ်မြောက်ရေး’ ခရီးရှည် အဖွဲ့ ပြန်လာမည၏်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

စထွက်ပြီးမကြာခင်တွင်ပင် အုတ်သဲကျောက်ထုပ်လုပ်ရေး Kingston Block and masonry Product ကိုတွေ့ရသည်။ ၎င်းကုမ္ပဏီရှေ့ တဖက်လမ်းတွင်Ulster Highway Complex ကိုတွေ့ရသည်။ 9 W လမ်းကြီးသို့ ကွေ့ဝင်သည်။ (၁ဝ) နာရီ (၁၅) မိနစ်တွင် 86th Blackhawk Infantry Divisionn Memorial Highway မြစ်ကူးတံတားကြီးတခုကို ကျော်သည်။ တံတားအောက်တွင် တခြားသောလမ်းများရှိ၏။ လှပစွာ ဖန်တီးထားသော မော်တော်ဆိပ်တခုကိုလည်းတွေ့ရသည်။ Hudson Private Museum စသည်ဖြင့် တွေ့ရ၏။ လူတို့အပမ်းဖြေနားနေရန် စံမံထားပုံရသည်။

(၁ဝ) နာရီ (၂၅) မိနစ်တွင် Town of Espous သို့ရောက်ရှိသည်။ (၁ဝ) နာရီခွဲတွင် Broadway လမ်းနှင့် N Broadway လမ်းဆုံရာ အကွေ့တွင် ခဏနားကြသည်။ ခပ်လှမ်းလှမ်းတွင် Hudson မြစ်ကြီးကို လှမ်းတွေ့ နေရသည်။ ဟဒ်ဆင်မြစ်သီတာသည် ညီညာပြန့်ပြူးသော ရေသင်ဖြူးကို ခင်းထား၏။ ရှေ့တွင် ကျောင်းရှိသည်ဟူသော ဆိုင်းဘုတ်တခုကိုလည်း တွေ့ရသည်။ အေးချမ်းလှသောနေရာဖြစ်၏။

(၁၁) နာရီ (၂ဝ) မိနစ်တွင် Lakeshow Villas, Apartment Homes နယ်မြေကို ဖြတ်ကျော်သည်။ (၁၁) နာရီခွဲတွင် အရှေ့တွင် လူတဦး ကားဖြင့်ရပ်စောင့်နေသည်ကို တွေ့ရသည်။ နှုတ်ဆက်မေးမြန်း၏။ ထို့နောက်ပြန်လည်ထွက်ခွာသွားသည်။


(၁၁) နာရီ (၃၅) မိနစ်တွင် The Lake Motel ကိုတွေ့ရသည်။ ငြိမ့်ညောင်းစွာ စီးဆင်းနေသောမြစ်၏ ကမ်းနဖူးတွင်တည်ဆောက်ထားခြင်းဖြစ်သည်။ ဤမိုတယ်ရှေ့တွင်ပင် ခဏနားကြ၏။ ဤနေ့သည်ထူးခြား၏။ ရဲဘော်မင်းဆွေဦး အဘယ်ကရှာဖွေလာသည်မသိ၊ ဆိုင်က ဝယ်လာသောနေ့လည်စာကို စားကြသည်။ ကျွန်ုပ်တို့သည် နေ့လည်စာ မစားကြသည်မှာကြာပြီဖြစ်၏။ အစာငတ်ခံဆန္ဒပြရန်ကျင့်ထားခြင်းတော့မဟုတ်ပါ။
လမ်းဆုံတခုကိုဖြတ်လျှောက်နေစဉ် လူတဦးပိုက်ဆံလှူဒါန်းပါသည်။ (၁) နာရီထိုးရန် (၁၅) မိနစ်လိုချိန်ဖြစ်၏။ ဆက်လက်ချီတက်ရာ ခရီးဆုံးခါနီး (၁) နာရီ (၅) မိနစ်တွင် Broadway လမ်းနှင့် Weitz လမ်းအနီး Black Creek တွင် ပုဂ္ဂိုလ်တဦးနှင့်တွေ့ဆုံသည်။ သူ၏အမည်မှာ David ဖြစ်ပါသည်။ ခရီးရှည်အကြောင်း၊ မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းများကို မေးမြန်းသည်။ လက်မှတ်လည်းထိုးပေးပါသည်။




Black Creek ဆိုသည့်အတိုင်း ဝင်လိုက်သည်နှင့်အေးမြသွားလေသည်။ မေပယ်ပင်၊ သစ်အယ်ပင်၊ ထင်းရူးပင်များ ထူထပ်စွာပေါက်နေသောတောကြီးအောက်တွင် အေးမြကြည်လင်သော စမ်းချောင်းလေး တခုစီးဆင်းနေသည်မဟုတ်လော။ ထို့နောက် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့နှင့်အတူ တမိုင်နီးပါးခန့် ကူညီအားဖြည့်ချီတက်ပေးပါသည်။ ခရီးဆုံးတွင် ရရှိသော နောက်ဆုံးအောင်ပွဲခံခြင်းပေတည်း။


တပ်ပေါင်းစုမူဖြင့်တော့မဟုတ်သေး။ ဤမူက လာမည်၊ ကြာမည်၊ ဖြည်းဖြည်း။ အတူချီတက်သော ထိုပုဂ္ဂိုလ်က ကွဲပြားသော ကျွန်ုပ်တို့၏ အလံများအကြောင်းကို မေးမြန်း၏။ ကွဲပြားနေရခြင်းမှာ အကွဲကွဲအပြားပြား ဖြစ်နေခြင်းကြောင့်တော့မဟုတ်။ မြန်မာပြည်ကိုကပင် ထိုကဲ့သို့သော တိုင်းပြည်အမျိုးအစား ဖြစ်သည် မဟုတ်ပါလော။

နောက်ဆုံးတမိုင်ကို ချီတက်ကြပြီးနောက် ဤနေရာတွင်ပင် ယနေ့အဖိုးပြီးဆုံးသည်။ ၎င်းပုဂ္ဂိုလ်က ငါးမိုင်ဝေး သော သူ၏နေရာသို့အလည်ခေါ်၏။ ကျွနု်ပ်တို့တွင် အချိန်ရှိနေသေးသောကြောင့် ခေါ်ရာသို့လိုက်သွားသည်။ သူသည် ကွန်မြူနီတီတခုတွင် နေသူဖြစ်ကြောင်းပြောပြသည်။ မိသားစု (၈ဝ) ရှိသည်ဆို၏။ တဦးပိုင် ဥစ္စာ ပိုင်ဆိုင်မှုဟူ၍ မရှိကြဘဲ သခင်ယေရှုခရစ်၏အလို့ငှါသာ နေထိုင်ကြသည်ဆို၏။


သို့ဖြစ်ရာ ဤနေရာသည် လွန်ခဲ့သော (၂) နှစ်က ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ တည်းခိုဖူးသော နေရာဖြစ်နေမလား ဟု စဉ်းစားမိ၏။ ရွာအဝင် ဆိုင်းဘုတ်ကိုမြင်မှပင် ယခင်နေရာပင်ဖြစ်ကြောင်း သေချာသွားလေ၏။ Maple Ridge ဖြစ်ပါသည်။ ဤနေရာသို့ ၂ဝဝ၇ ခုနှစ်က ခရီးရှည်အဖွဲ့ ထိုစဉ်က အင်အား ဆယ်ဦးရှိပါသည် လာရောက်တည်းခိုဖူးခဲ့သည်ဖြစ်၏။ မိမိတို့ရွာကို ပြင်ပကိစ္စများနှင့် ပတ်သက်စေခြင်းမရှိဘဲ ဘာသာတရားသက်သက်အတွက် စုဖွဲ့နေထိုင်ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်က လာခဲ့သော ဂျာမန်နွယ်တို့ဖြစ်ကြ၏။


အလွန်သေသပ်သောရွာကလေးဖြစ်သည်။ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့်၊ အလုပ်ရုံနှင့် စိုက်ခင်းနှင့် စသည်ဖြင့်ရှိပါသည်။ လူတိုင်းနေ့စဉ် သူ့အလုပ်နှင့်သူ အလုပ်များနေကြသည်။ အံ့သြဖွယ်ရာနေရာပေ။ နောက်ပေါက်လူငယ်တို့သည် ဤအဖွဲ့အစည်းကို ပုန်ကန်ခြားနားသွားခြင်းမရှိဘဲ အဓွန့်ရှည်စွာ တသက်လုံးနေကြသလော။ တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုတို့သည် ဤအရပ်၌အမှန်တကယ်မရှိလေသလော။


Maple Ridge ကွန်မြူနီတီတွင် ရောက်ရှိစဉ်အခိုက် ရေ နှင့် သစ်စေ့များ၊ ချော့ကလက်များဖြင့် ဧည့်ခံပါသည်။ David ကညီမဖြစ်သူ Anna နှင့် မိတ်ဆက်ပေးပါသည်။ ကျောင်းတက်နေကြသော ကလေးများ ကို တွေ့ရသည်။ တွန်းလှည်းလေးတွင် ထည့်၍သွားနေသော ကလေးပေါက်စလေးများကိုလည်း တွေ့ရသည်။ ငြိမ်းချမ်းသောနယ်မြေဖြစ်၏။ စစ်ရေးကိုဖြစ်စေ၊ စစ်သားစုဆောင်းခြင်းကိုဖြစ်စေ လုံးဝ ဝါသနာမပါသော လူတန်းစားများဖြစ်သည်။


ထိုနေရာမှ ပြန်လာကြပြီးနောက် ယနေ့တည်းခိုမည့်နေရာသို့ ထွက်ခွာသွားကြသည်။ အိမ်တအိမ်မှ တည်းခိုရန်အတွက် ဖိတ်ကြားထားပြီးဖြစ်သည်။ ဤနေရာတွင် လေးရက်ခန့်တည်းခိုကြမည်ဖြစ်၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Thursday, August 27, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၉ ရက်မြောက်နေ့ခရီး 79th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၇၉) ရက်မြောက်
သြဂုတ်လ (၂၅) ရက်၊ ၂ဝဝ၉


ဂရက်ဖတန်မြို့ တွင် သီတင်းသုံးနေသော ဂျပန်သီလရှင် ဂျွန်ဆန်

လှပသောနေ့တနေ့ဖြစ်ပါသည်။ ယနေ့ခရီးစဉ်တွင် ဂရက်ဖတန်မြို့မှ ဂျပန်သီလရှင် ဂျွန်ဆန် လိုက်ပါ ချီတက်သည်။ ကိုလတ်၏သား မောင်ဖိုးသားလည်း ပါဝင်ချီတက်သည်။ နံနက် (၉)နာရီ (၂၅) မိနစ်တွင် Saurgerties ရွာမှ စတင်ထွက်ခွာသည်။ မထွက်ခွာမီ ထုံးစံအတိုင်း သီလရှင်ဂျွန်ဆန်က ဂါထာရွတ်၍ ဆုတောင်းသမှုပြုသည်။ ပြီးလျှင် ကျွန်ုပ်တို့၏ရွတ်ဆိုနေကြကိစ္စကို ဆောင်ရွက်သည်။



ရဲဘော်မောင်မောင်တိတ်က မိုင် (၉ဝဝ) ဆိုင်းဘုတ်နှင့် သာသနာ့အလံကိုကိုင်ကာ ရှေ့ဆုံးမှ ချီတက်သည်။ အဓိပ္ပါယ်မှာ သာသနာနေလ သာတော့မည်။ တိုင်းပြည်အေးချမ်းတော့မည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တော့မည်ဟူသော နိမိတ်ပေတည်း။ ထိုနောက် သီလရှင်က အောင်စည်ကို တီးလျက် ဂါထာကို ရွတ်လျက်။ ထို့နောက် မောင်ဖိုးသား ကလည်း သာသနာ့အလံကို ကိုင်လျက် အစဉ်အတိုင်းချီတက်ကြသည်။

နေ့တိုင်းနှင့်မတူ တမူထူးခြားသည်ကား သီလရှင်ပါဝင်နေခြင်းနှင့် အောင်စည်ကိုတီးခတ်နေခြင်းပေတည်း။ ထိုအသံကြောင့်ပင် လူအများပိုမို အာရုံစိုက်ဖွယ်ရာလည်းဖြစ်နေပေသည်။ ရွာ၏ စည်ကားသောနယ်မြေကို ဖြတ်လျှောက်ကြ၏။ တချို့လူများ လေးလေးစားစားနှုတ်ဆက်ကြသည်။ တချို့လူများ ထူးထူးဆန်းဆန်း ကြည့်ကြသည်။ တချို့လူများမှာ ဤသူများသည်ကား မြန်မာပြည်မှ လာကြကုန်၏ဟု သိရှိကြ၏။

သို့ဖြင့် စည်ကားသောရွာအပိုင်းကို ကျော်လာ၏။ ရှေးဟောင်းပစ္စည်းရောင်းသောဆိုင်တဆိုင်ကို တွေ့ရသည်။ ဗုဒ္ဓြွဆင်းထုတော်များ၊ ရဟန္တာပုံတော်များကိုတွေ့ရသည်။ တရုပ်ယဉ်ကျေးမှုမှ ပုဂ္ဂိုလ်များ၏ပုံများကိုလည်း တွေ့ရသည်။ ဆရာကြီးဦးတင်မိုး၏ ‘ဗုဒ္ဓနှင့်တွေ့တွေ့ဆုံခြင်း’သည် ဤနေရာနှင့်လည်း အကြုံးဝင်နေ၏။

တဖြည်းဖြည်းနှင့် နီးစပ်လာပြီ။ ကိစ္စပြတ်ခါနီးပြီထင်၏။ အာဏာပြင်းလှသော ဦးနေဝင်းသည်လည်း သူ့ကိုယ်သူအသက် နှစ်ထောင် ရှည်သောဂုရုကြီးဟု ထင်ခဲ့သူဖြစ်၏။ ဘုန်းမီးနေလထွန်းတောက်ခဲ့၏။ တချို့သောငမိုက်သားများသည် ဦးနေဝင်းကို ယခုတိုင်ကြောက်ရွံ့နေဆဲဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကိစ္စပြတ်ချိန် တန်လျှင် ငယ်မွေးခြံပေါက်များ၏ လက်ချက်ဖြင့်ပင် အကျဉ်းစံထီးဖုရားဖြစ်ခဲ့ပြီး ရန်ကုန်မြစ်တွင် ရေစုန်မျော သွားသည်မဟုတ်လော။

ယခုလည်းထိုနည်းတူပင်ဖြစ်သည်။ ကျတ်ကုန်းနေပြည်၏ ဘုရင်ရူးကြီး သန်းရွှေသည် သူ့ကိုယ်သူ အသက်နှစ်ထောင်ရှည်သည်ဟု ထင်နေပြန်၏။ အကြောင်းမူ သူတီထွင်ထားသော ကျတ်ကုန်းနေပြည် နှင့် တကွ သောနုတ္ထိုရ်ဥမင်လိုဏ်၊ ညုကလီးယား စသည်တို့သည် ရဲဘော်မောင်အေးအတွက် စေတနာ သုံးတန် ပြဌာန်းပြီး တီထွင်ထားခြင်းမဟုတ်ကြောင့်ပေတည်း။ ရဲဘော်မောင်အေး ကလည်း အောက်လက်အနာခံပြီး သန်းရွှေ သေမည့်အချိန်အထိ ခဲတန်ချွန်ပြီးထိုင်စောင့်နေမည် မဟုတ်ပါ။ တွေးကြည့်လျှင်တော့ ကြက်သီးမွေးညှင်း ထစရာကောင်းလှသည်။

ကျွန်ုပ်တို့၏ လမ်းလျှောက်ချီတက်အဖွဲ့သည် (၁ဝ) နာရီ (၂၅) မိနစ်တွင် ခဏနားကြသည်။ ဤတကြော့ ဆက်လျှောက်လျှင် သီလရှင်က ကျွန်ုပ်တို့လမ်းလျှောက်ရဲဘော်များကို အရှေ့က လျှောက်စေပြီးလျှင် သူကတော့ အနောက်ဆုံးမှနေ၍ ဆုတောင်းရွတ်ဖတ်၊ အောင်စည်တီးလျက် ချီတက်သည်။


တောလမ်းသို့ရောက်၏။ (၁၁) နာရီ (၂၅) မိနစ်တွင် Town of Ulster သို့ရောက်ရှိသည်။ (၁၁) နာရီခွဲလျှင်Ulster မီးသတ်ဌာနဘေး၊ ကားပစ္စည်းရောင်းသောဆိုင်ဘေးတွင် ခဏနား၍ သီလရှင်က နေ့ဆွမ်းကို စားသည်ဆိုရုံမျှ အနည်းငယ်စားသည်။ သစ်သီးများသာဖြစ်၏။

ထိုနောက်ဆက်ထွက်လျှင် စည်ကားသောနယ်မြေကို ဖြတ်လျှောက်ရသည်။ ကားဝပ်ရှော့ဆိုင်များ၊ ကားပစ္စည်း ရောင်းသောဆိုင်များ၊ ကားရောင်းသောဝင်းများ၊ တခြားသောဆိုင်အမျိုးအမျိုးတို့ဖြင့် စည်ကားသော နေရာဖြစ်သည်။ တဖြည်းဖြည်းဆက်လျှောက်လျှင် ပို၍ပို၍စည်ကားလာပါသည်။ ရှည်လျားလှသော Shopping Center နယ်မြေကို ဖြတ်လျှောက်နေခြင်းဖြစ်သည်။

(၁၁) နာရီ (၄ဝ) မိနစ်တွင် ဆိုင်တန်းများရှေ့ ကားရပ်ရာနေရာတခု၌ ပုဂ္ဂိုလ်တဦးက လှမ်း၍နှုတ်ဆက်ပြီးလျှင် အေးစက်နေသောရေဗူးများ ပေးပါသည်။ နေ့လည်စာ စားရန်ဆိုပြီး ငွေလည်း နှစ်ဆယ်လှူလိုက်ပါသည်။



(၁) နာရီထိုးခါနီးတွင် ဘီဘီစီက သတင်းမေးလာပါသည်။ ဘီဘီစီနှင့် ကျွန်ုပ်တို့၏တာဝန်ခံ ရဲဘော် မောင်မောင်တိတ်တို့ စကားပြောကြပြီးနောက် သီလရှင်အားလည်းမေးမြန်းသဖြင့် ဂျွန်ဆန်ကလည်း ရှင်းလင်း ပြနေရသည်။ ကျွန်ုပ်တို့၏လမ်းစဉ်နှင့် သီလရှင်၏လမ်းစဉ်ကတော့ ငြိမ်းချမ်းရေးခရီးရှည် ဆိုသော် လည်း တူနိုင်မည်တော့မဟုတ်ပါ။

ခရီးဆုံးခါနီးချိန်တွင် တွန်းလှည်းဖြင့် ဈေးရောင်းနေသောဆိုင်တဆိုင်မှ ပုဂ္ဂိုလ်တဦး ကလည်း ရေလှူပါသေး သည်။ မွန်းလွဲ (၁) နာရီတွင် Ulster မြို့အထွက်၊ Kingston မြို့ထိပ်တွင် ယနေ့ခရီးစဉ် ပြီးဆုံး၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Wednesday, August 26, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၈ ရက်မြောက်နေ့ခရီး 78th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၇၈) ရက်မြောက်
သြဂုတ်လ (၂၄) ရက်၊ ၂ဝဝ၉

နံနက် (၉) နာရီ၊ (၂၅) မိနစ်တွင် ကက်စကဲရွာ 32 လမ်းဆုံမှ စတင်ထွက်ခွာသည်။ စထွက်လျှင်ထွက်ချင်း ဖိုးဖွားမောင်နှံသည် ကားဖြင့်ရောက်လာပြီး နှုတ်ဆက်၏။ လမ်းဆုံသည် တစုံတရာစည်ကားမှုရှိ၏။ စီးပွားရေါးအဆောက်အဦများကို တွေ့ရ၏။ နွားခြံတခုကိုလည်းတွေ့ရသည်။ 32 လမ်းအတိုင်းလျှောက်ကြ၏။


ကားများမှ ဟွန်းတီးအားပေးမှုများကို မကြာခဏတွေ့ရသည်။ ဤရွာတွင် အတိတ်၌ ကျွန်ုပ်တို့၏ခြေရာရှိ၏။ ယနေ့ကား အတိတ်ခြေရာကို လာထပ်နေခြင်းဖြစ်သည်။ အကြောင်းကိုဆိုသော် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ခရီးရှည်ကို ယခင့်ယခင်နှစ်က ဤရွာမှပင် ဖြတ်သန်းသွားခဲ့ပါ၏။ (၁ဝ) နာရီထိုးရန် (၅) မိနစ်အလိုတွင် Ulster County သို့ရောက်၏။

ရွာနယ်မြေကိုလွန်သော် တောလမ်းသို့ဝင်၏။ တောသည် သိပ်သည်းလှ၏။ တချို့နေရာများတွင် နေရောင် မဖေါက်နိုင်။ တချို့နေရာများတွင် တောကြီးထဲ အိမ်လေးများကို တွေ့ရသည်။ လူ့တို့၏အရပ်ကို စိတ်ပျက်ကုန်သူတို့သည် တောသို့ဝင်၍ ငြိမ်းအေးရာကို ရှာမှီးကြကုန်၏။ ကျွန်ုပ်တို့ကား ငြိမ်းအေးရာကို တော၌လာရှာသည်မဟုတ်၊ တရံတဆစ်ဖြတ်သန်းသွားခြင်းမျှသာဖြစ်ပါ၏။

(၁ဝ) နာရီခွဲခါနီးအချိန်တွင် ခဏနားကြသည်။ ဆက်လျှောက်သော်Hudson Valley Lawn Service နှင့် Mountain View Apartment နယ်မြေကို ဖြတ်လျှောက်ကြသည်။ သန့်ရှင်းသပ်ရပ်လှ၏။ သာယာသော တောတောင်ရှိသည်။ အသီးအရွက်အမျိုးမျိုးရောင်းသောဆိုင်တန်းကလေးတခုကို တွေ့ရသည်။ ကားများမှ ဟွန်းတီးအားပေးကြ၏။ လက်ပြနှုတ်ဆက်ကြ၏။


(၁၁) နာရီခွဲတွင် Old RTE 32 လမ်း၌ ခဏနားကြသည်။ ဆက်လက်ထွက်ခွာသော် ဟိုင်းဝေးလမ်းများသည် တဖြည်းဖြည်းကြီးလာ၏။ လမ်းများလည်းများပြားလာသည်။ စည်ကားလာသည်။ မြို့နှင့်နီးပြီဖြစ်၏။ နေ့လည် (၁၂) နာရီခွဲတွင် Saugerties မြို့ ဆိုင်းဘုတ်ကို ကျော်ဖြတ်သွားကြသည်။ မြို့ကိုကားဝင်ခြင်းမဟုတ်။ မြို့သည်အတွင်းလမ်းသို့ဝင်သွားခြင်းဖြစ်သောကြောင့် အပြင်လမ်းအတိုင်းလျှောက်ကြခြင်းဖြစ်သည်။

မကြာခင်တွင်ပင် Village of Saugerties ဆိုင်းဘုတ်ကို တွေ့ရပြန်၏။ ရွာထဲသို့ဝင်ရောက်သွားကြသည်။ လူ အပေါင်းသည် နည်းနည်းတော့ထူးထူးဆန်းဆန်းကြည့်ကြ၏။ ကြည့်လေမြင်လေမဟုတ်ပါလော။ စည်ကား၏။ ရွာသည် မြို့နှင့်မခြားလှပါ။ ယနေ့အဖို့ခရီးဆုံးခါနီးအချိန်တွင် အအေးသောက်ချင်သောစိတ်ဖြစ်လာ၏။ ငွေအသပြာဟူ၍ ရှိသမျှအကြွေ တဒေါ်လာပြည့်မည်မဟုတ်။


ထိုသို့စိတ်ကူး၍ချီတက်နေစဉ် လမ်းဘေးတွင် ကားရပ်ထားသော အဖွားကြီးတဦးသည် အရှေ့က လျှောက်သွားသော ရဲဘော်များကို အအေးဗူးများကမ်းနေပါ၏။ ကျွန်ုပ်အလှည့်သိုရောက်သော် အအေးဗူးကုန်သွားသဖြင့် ငွေ (၅) ဒေါ်လာထုတ်ပေး၏။ အအေးသောက်ရန်ဟူ၍ဆိုပါသည်။


ရေငတ်နေခိုက် ရေတွင်းနှုတ်ခမ်းသို့ရောက်သွားခြင်းဖြစ်သည်။ ဒေဝတာတို့သည် ကျွန်ုပ်၏စိတ်ကူးကို သိနေပေသလော။ တဖြည်းဖြည်းတော့တိုးတက်လာပြီဟုဆိုရမည်။ သို့ဖြစ်လျှင် အရေးတော်ပုံသည် ပန်းတိုင်သို့မဝေးတော့ပေ။ နတ်တို့သိသကဲ့သို့ မစ္စတာဘန်ကီမွန်းကလည်းသိရန်လည်း လိုအပ်လှပါသည်။ မြန်မာ့အရေးသည် ငါ့အရေးမဟုတ်ဟု မဆိုခဲ့သော် နည်းနည်းတော့တော်ပါသေးသည်။


မည်သို့နားလည်ရမှန်းမသိသော အာစီယံပဍ္ဍိညာဉ်ကို မည်သည့်ပညာရှိရေးသည်မသိ။ အပြုသဘော ဆက်ဆံရေးမူကို ကိုင်စွဲသည်ဟုတဖန်ဆိုပြန်၏။ တိုင်းပြည်တပြည်သည် တခြားသောတပြည်ကို ဗြောင်ဓါးပြ မတိုက်ရေး၊ သို့သော်တရားမဝင်စီးပွားရေးနည်းဖြင့်လူပါးဝလျှင်ကား မဆိုတတ်ပေ။ မည်သည့်အခါက တရားရှိခဲ့ပါသနည်း။ နိုင်ငံရေးအကျဉ်းသားမရှိပါ၊ ဆင်းရဲမွဲတေမှုမရှိပါ၊ ငတ်ပြီးမသေပါ၊ သဘာဝဘေးဒုက္ခမရှိပါ၊ ဒုက္ခသည်မရှိပါ ဟုဆိုနေသော၊ ကြွေးကြော်နေသောနိုင်ငံတွင် ဘေးအမျိုးမျိုးကျရောက်နေသဖြင့် တခြားနိုင်ငံက ခေါက်ဆွဲခြောက်ထုပ်များ လာမလှူရ။ လှူချင်လျှင် စစ်ဗိုလ်တို့၏သားသမီးများကိုလှူပါဟု ဆိုသော် ထိုမူသည် မနုဿအဂ္ဂမူ မှတပါး တခြားမူမဖြစ်နိုင်ပါ။


သူ့မူသည် မည်သည့်မူဖြစ်ဖြစ် ကျွန်ုပ်တို့လမ်းစဉ်ကိုမူ ဆက်လက်လျှောက်လှမ်းရဦးမည်ဖြစ်၏။ လျှောက်ရင်းဖြင့် နေ့လည် (၁) နာရီထိုးခါနီးတွင် ရွာလေး၏တနေရာတွင် ယနေ့အဖို့ ခရီးပြီးဆုံးပါ၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Followers