ခရီးရှည်ချီတက်ခြင်း (၈၉) ရက်မြောက်
စက်တင်ဘာလ (၆) ရက်၊ ၂ဝဝ၉
စက်တင်ဘာလ (၆) ရက်၊ ၂ဝဝ၉
နံနက် (၈) နာရီ (၂၅) မိနစ်တွင် Fort Lee မြို့လယ်မှ စတင်ချီတက်သည်။ မြို့ကလေးသည် သူ့ကျက်သရေ၊ သူ့လှုပ်ရှားမှုဖြင့် နိစ္စဓူဝ ဖြစ်တည်မှုပဓာနကို ဆောင်ရွက်နေ၏။ ကျွန်ုပ်အဖွဲ့သည် စည်အပြင်မှလာသူများဖြစ်၏။ မြို့ကလေးနှင့် လားလားမျှမသက်ဆိုင်။ သို့သော် မြို့ကလေးသည် သူစိမ်းပြင်ပြင်တော့ သိပ်မရှိလှ။ အမှန်စင်စစ် တွင် မြို့အပေါင်းတို့သည် သူ့အဓိကဖြင့်သာ များသောအားဖြင့် ရှင်သန်လှုပ်ရှားနေတတ်ကြသည် မဟုတ်လော။
(၈) နာရီ (၃၅) မိနစ်တွင် တံတားသို့ စတက်၏။ တက်သည်နှင့်ပင် စက်ဘီးသမားများနှင့် ထွေးရောလျက်ရှိ၏။ ယခင့်ယခင်နှစ်တွင် ဤတံတားထိပ်၌ ဓါတ်ပုံရိုက်ခွင့်မပြုဟူသော ဆိုင်းဘုတ်ဆွဲထားသည်။ ယခုနှစ်တွင် ၎င်း ဆိုင်းဘုတ်မတွေ့ရပါ။ တံတားထိပ်တွင် တံတားဖြတ်ခြင်းအထိမ်းအမှတ် ဓါတ်ပုံမှတ်တမ်းတင်ရာ စက်ဘီးသမား တဦးက သူရိုက်ပေးရမလားဟုဆိုပြီးသော် ကျွန်ုပ်တို့အဖွဲ့ကို ဓါတ်ပုံရိုက်ပေးပါသည်။
တံတားပေါ်ရှိ လူလျှောက်သောလမ်းကျဉ်းကလေးတွင် စက်ဘီးသမား၊ အပြေးသမား၊ လမ်းလျှောက်သမားများ နှင့်တကွ၊ ကျွန်ုပ်တို့အဖွဲ့သည် လုံးထွေးလျက်ရှိ၏။ အလံတလူလူကို ကိုင်ဆောင်လာကြသည့်အတွက် စက်ဘီးများကို ရှောင်နေရသည်။ မြန်မာပြည်နှင့်ဒေါ်အောင်ဆန်းစုကြည်ကို သိကြသူများလည်းရှိ၏။ တချို့လူများ အားပေးထောက်ခံကြသည်။
မြစ်ပြင်သည် အပြန့်ကျယ်လှ၏။ အားကစားသမားများ လာကြမည်ဆိုက လာချင်စရာပင်ဖြစ်သည်။ စက်ဘီးသမားအုပ်စုများ၊ တကိုယ်တော်စက်ဘီးသမားများ ဥဒဟိုဖြတ်သန်းနေကြသည်။ မြစ်ကိုကျော်၍ ကြည့်သော် နယူးယောက်မြို့တော်သည် အချွန်အတက်များဖြင့် အဆောက်အဦးများ မိုးထိုးလျက်ရှိ၏။ ဤအရပ်သည် လူအပေါင်းတို့၏ အိပ်မက်ကမ္ဘာပင်မဟုတ်လော။
(၉) နာရီတွင် တံတားပေါ်ဖြတ်ခြင်းကိစ္စ ပြီးစီး၏။ Manhattan အရပ်သို့ W 178 St လမ်းအတိုင်းလိုက်ကြသည်။ (၉) နာရီ ထိုးပြီးသော် ရပ်ကွက်ထဲသို့ရောက်၏။ Broadway လမ်းနှင့် W 178 St လမ်းဆုံရာGeorge Washington Bridge Bus Station တွင် ခဏနားကြသည်။
(၉) နာရီ (၅) မိနစ်တွင် W 178 St လမ်းမှ Broadway လမ်းအတိုင်းလျှောက်ကြသည်။ မြို့တော်ကို တံတားပေါ်မှ လှမ်းကြည့်စဉ်က စိတ်ကူးယဉ်ဖွယ်ရာကောင်းလှသော အိပ်မက်တိုင်းပြည် အတိုင်း တွေ့ရသည်။ ယခုအခါ ကျွန်ုပ်တို့သည် ရပ်ကွက်ထဲတွင် ရောက်နေပြီဖြစ်၏။ ကုလားတန်းရပ်ကွက်သည် သူ၏ ရပ်တည်ချက်ဖြစ်သော မဆလာကို မည်သည့်အခါမှ မစွန့်သကဲ့သို့လည်းကောင်း၊ တရုပ်တန်းသည် ဂေါ်ဖီထုပ်ကိုမစွန့်သကဲ့သို့လည်းကောင်း ခေါင်းမာသော ကျွန်ုပ်တို့အဖွဲ့ကလည်း ဤ Broadway လမ်းကို အကြိမ်ကြိမ်လျှောက်ခဲ့ကြပြီဖြစ်၏။
ဤလမ်းကြောကို ဖြတ်သန်းပြီးမှ ကြီးကျယ်လှသောနေရာသို့ရောက်မည်ဖြစ်၏။ ကုလရုံးစိုက်ရာ ဌာနချုပ်သို့ရောက်မည်ဖြစ်၏။ လူမျိုးပေါင်းစုံတို့လာရောက်၍ဆန္ဒပြရာ၊ တိုင်တန်းရာ၊ အော်ဟစ်ရာ နေရာဖြစ်ပါ၏။ တနည်းဆိုသော် ဤနေရာသည် ကျိန်စာသင့်နေသော ဌာနကြီးမဟုတ်ပေလော။
Broadway လမ်းအတိုင်းလျှောက်နေစဉ် လူငယ်တဦးကိုတွေ့ရ၏။ မြန်မာနှင့်ဘားမား အမည်ပြောင်းလဲထားခြင်း အပေါ် မည်သို့သဘောရသနည်းဟု ဆိုပါ၏။ မြန်မာပြည်ကို သိသူဖြစ်၏။ ကျွန်ုပ်အနေဖြင့်ဆိုသော် မည်သို့မှ သဘောမရပါ။ တိုင်းပြည်တပြည်၏ အမည်နာမသည် ပေါက်တတ်ကရ ကိစ္စမဟုတ်သော်လည်း ယခုအချိန်တွင် ဤကိစ္စသည် စာရင်းရှင်းစရာမဟုတ်။
စာရင်းရှင်းချင်သည်ဆိုသော် စတုတ္ထမြန်မာနိုင်ငံကိုလည်းကောင်း၊ လွန်ခဲ့သော နှစ်ပေါင်းတထောင်ကို လည်းကောင်း၊ နှစ်ပေါင်း (၃) ထောင်ကိုလည်းကောင်း၊ နှစ်ပေါင်း တသောင်းတထောင်ကိုလည်းကောင်း ပြန်လည်တူးဖေါ်ရပေအံ့။
လောလောဆယ်ကတော့ ကိုယ့်ကိစ္စ ကိုယ်တူးဖေါ်ဖို့လိုသည်။ အခက်အခဲသည် မည်သို့ရှိပါသနည်း။ လက်နက်၊ ခဲယမ်း၊ ရိက္ခာ၊ လမ်းကြောင်း၊ ကင်းဆက်၊ ရန်သူ့အခြေအနေသည် မည်သို့ရှိပါသနည်း။ မိမိအခြေအနေသည် မည်သို့ရှိပါသနည်း။ စသည်တို့ဖြစ်သည်။
(၁ဝ) နာရီ (၁၅) မိနစ်တွင် Broadway လမ်းရှိ W 108 St လမ်းတွင် ယနေ့အဖို့ ပြီးဆုံးသည်။ နောက်တနေ့တွင် ကုလသမဂ္ဂဌာနချုပ်သို့ချီတက်ကြမည်ဖြစ်ပါ၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment