ထိုင်သပိတ် (၄) ရက်မြောက်နေ့
စက်တင်ဘာလ (၁၂) ရက်၊ ၂ဝဝ၉
ရာသီဥတုသည် စထွက်ကတည်းက မှိုင်းမှုန်နေ၏။ ကားဘီးမပြင်ရသေးသဖြင့် ရထားနှင့်ချီတက်ရ၏။ Nickerboucker Station ရထားဘူတာမှ လှမ်းကြည့်သော် ကုလရုံးစိုက်ရာ ရပ်ကွက်တခိုသည် မိုးမြူတို့ဖြင့် ပိတ်ဖုံးနေ၏။ ညိုမှိုင်းနေ၏။ အခြေအနေကတော့ မသာယာလှပေ။
ရဲဘော်ဦးရှိန်သည် ငှက်တုပ်ကွေးမိသဖြင့် ယနေ့မလိုက်နိုင်။ ရဲဘော်မင်းဆွေဦးကလည်း ကားကိစ္စ ဆောင်ရွက် ရန်ရှိသဖြင့် ကျန်ခဲ့ရသည်။ ကိုဂျက်ကို ဖုန်းလှမ်းခေါ်ထား၏။ ကိုဂျက်လာမှ ကားကိစ္စလိုက်လံရှာဖွေပြီး ပြင်ဆင် ရမည်ဖြစ်သည်။ သို့ဖြင့် သိတ်မှောက်ပုရိသ (၃)ဦးသည် မိမိတို့၏ ဆန္ဒပြကရိယာများကို ထမ်းပိုးလျက် ရထား တတန်၊ မြေအောက်တတန် ချီတက်လာခြင်းဖြစ်သည်။
အရေးထဲတွင် အလံတိုင်သည် ရထားအမိုးထက်ပိုရှည်နေသဖြင့် ရထားထဲတွင် ကို့ယို့ကားယားဖြစ်နေ၏။ ကျွန်ုပ်တို့၏ တိုက်ပွဲဝင်ကားသည် ပုံမှန်ပြန်အလုပ်လုပ်နိုင်ရန် အရေးကြီး၏။ စုတ်ပြဲကွာကျသွားသော စာတမ်း ပိတ်စအတွက် လောလောဆယ် ပြန်လည်အစားမထိုးနိုင်သေး။ ပန်းခြံသို့ရောက်သည်ရှိသော် စင်ထိုးထား သည်ကိုတွေ့ရ၏။ တိုင်ဝမ်အဖွဲ့ဖြစ်ပါသည်။ စင်အနီးတွင် တီရှပ်အစိမ်းဝတ်ထားသော တိုင်ဝမ်လူမျိုး တယောက်စ နှစ်ယောက်စ တွေ့ရသည်။
ရဲဘော်ကဘောယူ ကလည်း ထိုသူများထံသို့ သွားရောက်မိတ်ဆက်၊ စာစောင်ပေးပြီး ပြောဆိုနေသည်ကို တွေ့ရ၏။ နေ့လည် (၁၂)နာရီထိုးလျှင် တိုင်ဝမ်ဆန္ဒပြအဖွဲ့ကြီးသည် လူကိုမမြင်ရခင်ကတည်းကပင် ဘင်ခရာ များတီးမှုတ်လျက် စနစ်တကျ ချီတက်လာ၏။ တီရှပ်အစိမ်းများကို လူတိုင်းဝတ်ဆင်ထားကြ၏။ အင်အားမှာ (၆ဝဝ) ခန့်ရှိမည်ဖြစ်သည်။ စင်နှင့်တကွ တကြောလုံးစိမ်းနေ၏။ အာဖရိကလူမည်းများနှင့် ဆင်ဆင်တူသော လူမျိုးများက ရှေ့တန်းမှ တီးမှုတ်လျက်လာခြင်းဖြစ်သည်။
ဤနေ့သည် ကျွန်ုပ်တို့အတွက်လည်း ထူးခြား၏။ အကြောင်းမူ အင်အားများပြားလှသော တိုင်ဝမ်အဖွဲ့က ကျွန်ုပ်တို့အဖွဲ့ကို ဖိတ်ခေါ်လျက် စင်ပေါ်တွင် စကားပြောရန် ကမ်းလှမ်းသောကြောင့်ဖြစ်သည်။ တိုင်ဝမ်အဖွဲ့ သည် အစီအစဉ်များကို တခုပြီးတခုပြုလုပ်ပြီးနောက် ကျွန်ုပ်တို့ကို စင်ပေါ်တက်ရန် လာအကြောင်း ကြား၏။
စင်ပေါ်ရောက်ပြီးသော်လည်း သူတို့ကိစ္စ (၃)ခုခန့် ဆက်တိုက်ရှိနေသဖြင့် ကျွန်ုပ်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ ပိုစတာများကိုကိုင်လျက် စင်ပေါ်တွင်ပင် ရပ်နေကြရာ ကြော်ငြာသလိုဖြစ်နေ၏။ ဆိုးတော့မဆိုးလှပေ။ အခန်းအနားစီစဉ်သူ၏ အကြံအဉာဏ်ဖြစ်၏။ ကျွန်ုပ်တို့အလှည့်သို့ရောက်သောအခါ ရဲဘော်ကဘောယူက ရှေးဦစွာ မြန်မာပြည်အကြောင်းနှင့်ကျွန်ုပ်တို့အကြောင်းကို စကားပြောကြား၏။ တိုင်ဝမ် လူထု၏ လွတ်လပ်ရေးလှုပ်ရှားမှုကို ကျွန်ုပ်တို့မြန်မာပြည်သား၊ ဆန္ဒပြအဖွဲ့ကလည်း ထောက်ခံကြောင်းကို ပြောပြ၏။
ထို့နောက် ရဲဘော်မောင်မောင်တိတ် စကားအနည်းငယ်ပြောဆို၏။ မြန်မာပြည်အတွက် မိုင်ပေါင်း (၉ဝဝ) ချီတက်လာကြောင်းကို ပြောကြား၏။ ဆက်လက်၍ "Free Free Aung San Su Kyi, Free Free Free Burma, We Support Taiwan, We Support President, Chan" ဟု ဟစ်အော်၍ ကြွေးကြော်သံကို တိုင်ပေးရာ တိုင်ဝမ်ပရိသတ်ကလည်း အလားတူကြွေးကြော်ကြကုန်၏။ ထူးခြားသောနေ့ မဟုတ်ပေလော။
တိုင်ဝမ်အဖွဲ့မှ လူမည်းများသည် ရိုးရာဝတ်စုံကို ဝတ်ဆင်ထား၏။ ရွှေအဆင်းရှိသော လက်ဝါးကပ်တိုင်ကြီး တခုကိုလည်း ကိုင်ဆောင်လာကြသည်။ ထိပ်ဆုံးတွင် ကနုတ်ပန်းသဏ္ဍာန်ရှိသော ပစ္စည်းတခုကို လေးလေး စားစားထမ်းလာသည်ကိုတွေ့ရသည်။ အားမာန်ရှိလှသော သီချင်းကိုဆို၏။ ထူးခြားလှသောတီးခတ်မှုရှိ၏။ တချို့ပုဂ္ဂိုလ်တို့၏ အပြင်ခံအင်္ကျီနောက်ကျောတွင် Fellowship of Taiwanese Christian Church of Greater of New York ဟူသော စာတမ်းရှိပါသည်။
တိုင်ဝမ်နိုင်ငံကို တရုပ်ကမစွက်ဖက်ရေး၊ ကုလသမဂ္ဂတွင် အဖွဲ့ဝင်ဖြစ်ရေးတို့အတွက်လာရောက်တောင်းဆို ဆန္ဒပြ တိုက်ပွဲဝင်ခြင်းဖြစ်ပါသည်။ ထိုအတွက်ကို အထက်တွင်ဖေါ်ပြခဲ့သော ဘာသာရေးအဖွဲ့က အကြီးအကျယ် ကူညီခြင်းဖြစ်သည်ဟု ဘာသာပြန်ဆိုသော် ရနိုင်ပါသည်။ အားလုံးပင် ညီညွတ်တက်ကြွသည်ကို တွေ့ရသည်။ ရဲရဲတောက် ဒို့တိုင်ဝမ်တွေ၊ သတ္တိခဲတွေဟု ဆိုရမည်။
ဒုတိယနေ့ကလည်း ဂျူးအဖွဲ့တဖွဲ့ လာရောက်ဆန္ဒပြကြသည်။ စာရွက်ကမ်းသဖြင့် ဖတ်ကြည့်ရာ အောက်ပါ အတိုင်းတွေ့ရ၏။ အစ္စရေးနိုင်ငံတွင် ဂျူးကလေးငယ်တဦးဆေးရုံတက်ရာ မလိုလားအပ်သောကုထုံး ပြင်းထန် သောဆေးဝါးများဖြင့် (၂) နှစ်ခန့်စမ်းသပ်ပြီးနောက် မိခင်ဖြစ်သူကို အပြစ်တင်ပြီး ဖမ်းဆီးလိုက်သောဟူ၏။ ဂျူးတို့ကမခံမရပ်နိုင်သဖြင့် အကြီးအကျယ်ပြဿနာတက်ကြသည်။ ဆရာဝန်ကိုလည်းကောင်း၊ ဆေးရုံကိုလည်းကောင်း ယခုအခါ တရားစွဲဆိုထားပါသည်။ အစိုးရဆိုသူတို့ကိုလည်း အကြီးအကျယ်ရှုတ်ချ ထားသည်။ ထိုကြောင့်ကုလသမဂ္ဂကို လာရောက်တိုင်တန်းခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တတိုင်းပြည်လုံး အကျဉ်းသားဖြစ်နေ၏။ ပြန်ပေးအဆွဲခံထားရ၏။ စိတ်ကူးတည့်သလို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်လုပ်ကြံခြင်းကို ခံနေရသည်။ ဤအခြင်းအရာတို့သည် ကမ္ဘာ့ကုလသမဂ္ဂနှင့် မသက်ဆိုင်သေးပါသလော။ အမေရိကန်၏အမိန့်ကို ကုလမသဂ္ဂ က ထိုင်စောင့်နေပါသလော။ ဖြစ်လည်းဖြစ်နိုင်ပါသည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလတာဝန်ခံဖြစ်သော ဂမ်ဘာရီ ကိုယ်တိုင်ကလည်း သူ့မိသားစုအတွက် အဆင်ပြေသလို လုပ်ကိုင်စားသောက်နေရဟန်တူသည်။ အံ့ဖွယ်သရဲ၊ အံ့ဖွယ်သဘက် မဟုတ်ပါလော။
တိုင်ဝမ်အဖွဲ့မှ ပုဂ္ဂိုလ်များနှင့်လည်း ကျွန်ုပ်တို့ခရီးရှည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာပြည်အကြောင်းများကို ပြောဆိုကြပါသည်။ ခရီးရှည်အဖွဲ့၏ လှုပ်ရှားမှုများကို အထူးထောက်ခံ အားပေးပါသည်။ အခြေအနေချင်းမှာ ခပ်ဆင်ဆင်ဖြစ်၏။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသူများ ဖြစ်ပါသည်။ သို့ဖြင့် တိုင်ဝမ်အဖွဲ့နှင့် ကျွန်ုပ်တို့အဖွဲ့ မိတ်ဆွေများဖြစ်သွားကြပါ၏။
အပြန်အလှန်ဓါတ်ပုံရိုက်ကြ၏။ လိပ်စာများပေးကြ၏။ သူတို့ရိုက်ယူထားသော ဗီဒီယိုအပိုင်းကိုလည်း ပို့ပေးမည် ဆိုပါ၏။ နေ့လည်စာမုန့်များပေးသည့်အပြင် တီရှပ်များလည်းလက်ဆောင်ပေးပါသည်။ တိုက်ပွဲဝင်သူများ အချင်းချင်း၊ အဖိနှိပ်ခံရသူများအချင်းချင်း မိတ်ဆွေဖြစ်ကြသည်မှာ မဆန်းသော်လည်း အလေးအနက် တွေးကြည့်လျှင် အလွန်အရေးကြီးသောကိစ္စဖြစ်ပါသည်။
ကျွန်ုပ်တို့သည် နေရာဒေသမတူသော်လည်း အကြောင်းရင်းမှာ အတူတူပင်ဖြစ်၏။ လူသားတို့၏ရပိုင်ခွင့်၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး စသည်တို့အတွက် တိုက်ပွဲဝင်နေသူများသည် တလှေထဲစီး တခရီးထဲ သွားနေသူ များမဟုတ်လော။ ထိုကဲ့သို့သောသူများသည် စည်းလုံးညီညွတ်ကြရန်အထူးလိုအပ်၏။ သို့မှသာ တန်ဖိုး ရှိလှသောစွန့်လွတ်မှုများသည် အဓိပ္ပါယ်ပြည်စုံလာမည်ဖြစ်သည်။
သင်တို့ ကျွန်ုပ်တို့၏ဦးခေါင်းထက်၌ ထမ်းပိုးထားသော၊ ပြည်သူလူထုကပေးအပ်လိုက်သော အထုပ်တထုပ်ရှိ၏။ ထိုအထုပ်သည် ဗာဟီရမဟုတ်၊ တိုလီမှုတ်စမဟုတ်၊ ကိုယ်ရေးကိုယ်တာမဟုတ်။ ရောင်း၍လည်းမရသော ဥစ္စာဖြစ်သည်။ ထိုဥစ္စာပိုင်ရှင်ကို နှိပ်စက်၍ မှေးမှိန်ပျောက်ကွယ်အောင်လုပ်မှသာ ခိုးသူတို့သည် ရာဇပလ္လင် ထက်တွင် လူယောင်ဆောင်၍ရမည်မဟုတ်လော။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ။
ညနေ (၃)နာရီခွဲတွင် သတင်းမှတ်တမ်းကားရောက်လာသည်။ ဖျားနေသောဦးရှိန်လည်းပါလာသည်။ ကိုဂျက်က စားစရာများဝယ်လာ၏။ (၄)နာရီထိုးလျှင် မစန္ဒီရောက်လာပြီး ဆီ၊ ငါးသေတ္တာ၊ ဆန်၊ ကြက်ဥများ ယူလာ ပါသည်။ မသပြေနှင့် မသဲနု ညီအမတို့ ပေးလိုက်သောပစ္စည်းများကို မစန္ဒီက လာရောက်ပို့ဆောင်ခြင်းဖြစ်ပါ သည်။ သိပ်မကြာခင် ပန်းစည်းပေးသော အမေရိကန်အမျိုသမီးကြီးလည်း ရောက်လာပြီးလျှင် စကားစမြည် ပြောဆိုကြပါသည်။ ညနေ (၆) နာရီထိုးလျှင် ယနေ့အစီအစဉ်ကို သိမ်းလိုက်ကြသည်။
ဆန္ဒပြရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment