ထိုင်သပိတ် (၅) ရက်မြောက်
စက်တင်ဘာလ (၁၃) ရက်၊ ၂ဝဝ၉
နံနက် (၈)နာရီတွင် ပန်းခြံသို့ရောက်ရှိသည်။ တနင်္ဂနွေနေ့ဖြစ်သောကြောင့်ထင်သည် ဘရုကလင်းမှ မင်ဟက်တန် တကြောလုံးရှင်းလင်းလှ၏။ နေသည် အံ့သြဖွယ်ရာကောင်းလောက်အောင် သာလျက်ရှိ၏။ ဤနေ့သည် UN ရပ်ကွက်တွင် ပထမဆုံးနေသာသောနေ့ဖြစ်လေ၏။
ယမန်နေ့ တိုင်ဝမ်အဖွဲ့နှင့် မိတ်ဆွေဖြစ်နေစဉ် ဘရုကလင်း၌နေထိုင်သူ တိုင်ဝမ်တဦးကလည်း လာရောက် မိတ်ဖွဲ့စကားစမြည်ပြောပြီးလျှင် သူ၏ကဒ်ပြားကိုပေးသွားသည်။ အမည်မှာ Wayne Ko ဖြစ်၏။ International Public Relation အဖွဲ့မှ ဖြစ်ပါသည်။ မြန်မာ့အရေးဆန္ဒလာပြသူ ကျွန်ုပ်တို့ (၅) ဦးသာ ရှိသလော၊ လိုအပ်ပါက နယူးယောက်မြို့ရှိမြန်မာလူမျိုးများကို ဆက်သွယ်ပေးမည်ဟုဆိုပါသည်။
ကျွန်ုပ်တို့တွင် နယူးယောက်မြို့တော်နေ မြန်မာမိတ်ဆွေ အလုံးအရင်းရှိကြောင်း၊ အခါအားလျော်စွာ လာကြ ကြောင်းကို ပြောပြရသည်။ ကိစ္စတစုံတရာရှိပါက သူ့ထံဆက်သွယ်ရန်ပြောဆိုသည်။
ယနေ့သည် ထူးထူးခြားခြား နေပူသောနေ့ဖြစ်သကဲ့သို့ လေကလည်းငြိမ်နေသဖြင့် ပိုစတာများ၊ အလံများကို လိုက်ကောက်စရာမလိုတော့ပေ။ အင်မတန်မှ ဣနြေ္ဒရှိရှိဖြစ်၏။ ရုံးပိတ်ရက်ဖြစ်သောကြောင့် လူသွားလူလာ နည်းပါးလှသည်။
(၁၁) နာရီတွင် ပုဂ္ဂိုလ်တဦးရောက်လာ၏။ မြန်မာပြည်အကြောင်းဆွေးနွေးပြောဆိုသည်။ မြန်မာပြည် အကြောင်း၊ နောက်ဆုံးအခြေအနေ စသည်တို့ကို သိသူဖြစ်၏။ လက်မှတ်လည်းထိုးပေးပါသည်။ မြန်မာပြည်သို့ ၂ဝဝ၃ ခုနှစ်တွင်ရောက်ဖူးသူဖြစ်ပါ၏။ မြန်မာလူငယ်အများစု၏အဆိုအရ တိုးရစ်လုပ်ငန်းသည် စစ်ဓါးပြတို့ကို ဝင်ငွေရစေသောကြောင့် မြန်မာပြည်သို့ နိုင်ငံခြားသားများ မသွားသင့်ဟု ဆိုပါ၏။
မိမိ၏အမြင်ကို မေးပါသည်။ ကိုယ်ပိုင်မျက်လုံးဖြင့် မြင်ရသောဒုက္ခကို သိစေလိုသဖြင့် ဥပမာ မြန်မာပြည်တွင် ဆန္ဒပြနေချိန် စစ်အုပ်စုတို့က သတ်ဖြတ်နေချိန်တွင် အားလုံးသွားသင့်ပါသည်။ စင်ကာပူ၊ မလေးရှား၊ ကိုးရီးယား၊ ဟောင်ကောင် အပါအဝင်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိက စသောနိုင်ငံများတွင် အလုပ်လာလုပ်ကိုင် နေသူ မြန်မာလူမျိုးများပါ သွားသင့်ကြသည်။
အဘယ်ကြောင့် သူတပါးနိုင်ငံတွင် ငွေလာရှာနရသနည်းဆိုသောအချက်သည်လည်း ရှင်းရှင်းလင်းလင်းနှင့် လေးလေးနက်နက် သိရှိသွားနိုင်သည်မဟုတ်လော။ စစ်အုပ်စု၏ တရားမဲ့ပုံကိုလည်း အသိအမှတ်ပြု သွားနိုင်သည်မဟုတ်ပါလော။ သဘာဝပတ်ဝန်းကျင်စကားနှင့်ဆိုသော် ကမ္ဘာကြီး၏ မည်သည့်နေရာ မည်သည့် အစိပ်အပိုင်းကိုဖြစ်စေ ဖျက်ဆီးလျှင် ကမ္ဘာကြီးကိုဖျက်ဆီးသည်သာဖြစ်၏။ ဂျပန်သတင်းထောက် အသတ် ခံရစဉ်က ဂျပန်ကလည်းစိတ်ညစ်သွားလေသည်။ သိပ်မကြာသေးခင်က ကိုးကန့်နယ်ကို ပြဿနာရှာလိုက်ရာ ပီကင်းတရုပ်က ဒေါသထွက်သွားလေသည်။ မှန်ပါသည် စစ်ဓါးပြတို့သည် ခွဲခြားခွဲခြား ဒုက္ခပေးသူ များမဟုတ်ပါ။
မိတ်ဆွေက ဆက်လက်ဆွေးနွေးပါသည်။ ဖွတ်ကျားနိုင်ငံကလေးတခုသည် အဘယ်ရန်သူရှိသဖြင့် ညုကလီးယားလက်နက်ပိုင်ဆိုင်ရန်လိုအပ်သနည်း ဟုဆို၏။ ထိုလက်နက်ရှိသဖြင့် ကမ္ဘာက အလေးဂရုပြုမှုကို ခံလိုပုံရသည်ဟု သူက ယူဆသည်။ ကျွန်ုပ်၏အမြင်တွင် အသံကြောင့်ဖားသေသည်ကို စစ်ဓါးပြတို့ ကြားဖူးနားဝ ရှိဟန်မတူ။
ဝရဇိန်လက်နက်ကို ဗြဟ္မာကသာ ပိုင်သည်ကို သဘောပေါက်သင့်သည်။ သူတောင်းစားက ပိုင်လျှင် မည်သို့မျှ ကာာရန်မစပ်ဖြစ်နေလိမ့်မည်။ သူတောင်းစားသည် အမျိုးဂုဏ်ကို စောင့်ရှောက်သောအားဖြင့် ခွက်စုတ်ကိုသာ ပိုင်သင့်သည်မဟုတ်လော။ ဤသို့ဆိုခြင်းအားဖြင့် အမေရိကန်ကို အဖေခေါ်ပြီး ကိုယ့်လူမျိုးကို သူတောင်းစား နှင့် နှိုင်းနေသည်မဟုတ်ပါ။
ထမင်းရေကို လုသောက်နေရသောဘဝများ၊ ဆေးရုံဆေးခန်းမပြနိုင်သဖြင့် လူ့သက်တမ်း တိုနေရေသော ဘဝများအတွက် ထမင်းနပ်မှန်အောင်ပင် စွမ်းဆောင်ပေးခြင်းမရှိပါဘဲလျက်၊ ပိုဆိုးသည်မှာ ဒုက္ခသည် ပစ္စည်းကိုပင် စစ်အာဏာပိုင်နှင့် အပေါင်းအပါတို့က ခိုးဝှက်လုယူနေသောတိုင်းပြည်မျိုးတွင် ထမင်းရေ ဝဝ လင်လင်ရရှိအောင် အရင်မလုပ်ဘဲနှင့် ညုကလီးယားလက်နက်ကို ပိုင်ဆိုင်သင့်ပါသလော။
လူငယ်တဦးရောက်လာပါသည်။ ရဲဘော်များနှင့် စကားပြောဆိုဆွေးနွေးနေသည်မှာ (၂) နာရီခန့် ကြာမြင့်သွား သည်။ အင်မတန်မှ ပြောဆိုနိုင်သူဖြစ်၏။ ဆိုးတော့မဆိုးပါ။ သို့မဟုတ်ပါက ငုတ်တုတ်ထိုင်နေရကိန်း ရှိသည်မဟုတ်လော။ လက်မှတ်လည်းထိုးပေးပါ၏။ မည်သို့ဆိုစေ ကျေးဇူးတင်ရပါမည်။ မြန်မာ့အရေးကို သိသော စိတ်ဝင်စားသော အကြောင်းသည်ပင်လျှင် အမေရိကတလွှား၌ရှိကြသော မြန်မာ့အရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း သောင်းခြောက်ထောင်၏ အလုပ်ပင်မဟုတ်လော။
တရုပ်လူမျိုးတဦးရောက်လာပါသည်။ ဆိုင်းဘုတ်ခပ်ငယ်ငယ်တခုလည်းကိုင်ဆောင်လာပါ၏။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ရှိရာတွင် သူ၏ဆိုင်းဘုတ်ကလေးကို ထောင်ပါသည်။ တရုပ်လိုရေးထားပါ၏။ ရဲဘော်မောင်မောင်တိတ်နှင့် တရုပ်ဘာသာဖြင့် စကားအနည်းငယ်ပြောဆိုနေကြပါသည်။ ဆိုင်းဘုတ်ကို မည်သည့်အဓိပ္ပါယ်နည်းဟုမေးရာ ထိုသူကလည်း အင်္ဂလိပ်လိုမရှင်းတတ်သဖြင့် သူ၏သူငယ်ချင်းကို ဖုန်းဆက် ပြီး ဘာသာပြန်စေ၏။
အဓိပ္ပါယ်မှာ ကွန်မြူနစ်နှင့် စစ်အာဏာရှင်အပေါင်းတို့ကို ကမ္ဘာ့စစ်ခုံရုံးသို့တင်ပေးပါဟူ၏။ သို့ဖြင့် ဆိုင်းဘုတ် ကလေးကို ထောင်ထား၏။ မကြာခင်ပင် ကုလသမဂ္ဂတံဆိပ်ပါသော အိတ်ကလေးများကို ကိုင်ထားသော တရုပ် အဖွဲ့တဖွဲ့သည် အရှေ့မှဖြတ်သွားရာ ကျွန်ုပ်တို့အဖွဲ့ကို လေ့လာနေ၏။ ခေါင်းဆောင်လုပ်သူကိုကား မျက်မှန်း တမ်းမိပါသည်။ တရုပ်စာနှင့်ဆိုင်းဘုတ်ကိုတွေ့သော် တချက်တန့်သွားပြီးလျှင် တချိုးတည်းဒိုးတော့၏။ မိတ်ဆွေတရုပ်ကို ကြည့်လိုက်ရာ ခါးတွင်လက်ထောက်ပြီး ဘုကြည့်ကြည့်နေသည်ကိုတွေ့ရ၏။ ကျောင်းတော် ကရန်စများ ဖြစ်ပုံရသည်။
ရေနွေးကြမ်းဓါတ်ဗူးပေးသော အဖွားကြီးလည်းရောက်လာပါသည်။ နေ့တိုင်းလာအားပေးသူဖြစ်ပါ၏။ အဖွားကြီး၏ လွယ်အိတ်ကလေးတွင် ဗုဒ္ဓပုံတော်နှင့် တိဘက်တံဆိပ်များတပ်ထားပါသည်။ ဖော်ရွေလှသော အမျိုးသမီးကြီးဖြစ်ပါသည်။ ညနေ (၄) နာရီခွဲတွင် ယနေ့သိမ်းလိုက်ကြသည်။ အကြောင်းမှာ သာသနာ့ဥသျှောင် ကျောင်းဆရာတော်က ဖိတ်ထားသဖြင့် သွားကြမည်ဖြစ်၏။ Queens သို့ပထမသွားပြီးမှ ဦးဝင်းရှိန်မောင်က ဥသျှောင်ကျောင်းရှိသော Apartment သို့ လိုက်ပို့ပါသည်။
ဘုန်းကြီးကျောင်းသို့ရောက်သော် စည်ကားသိုက်မြိုက်နေသည်ကို တွေ့ရသည်။ အလှူ သို့မဟုတ် တခုခုရှိပုံရ၏။ ကျွန်ုပ်တို့အဖွဲ့ကို ကြံဖန်ထမင်းကျွေးကြပါသည်။ ဆရာကြီးမောင်စွမ်းရည်လည်းရောက်နေသည်။ စာရေးဆရာ ရွှေပြည်စိုးလည်းရှိပါ၏။ ဘုန်းကြီးကျောင်းရောက်သော် ရိက္ခာကိစ္စအဆင်ပြေသွားလေသည်။ ကိုကြည်မင်းနှင့် မချောစု၊ ကိုလေးနှင့် မအာယီး၊ ကိုမိုးချမ်းနှင့် မမေစန္ဒာ၊ ကိုအောင်နှင့် မမြတ်မြတ်စိုး၊ သားမောင်အောင်မင်းစိုး တို့က ဟင်းအမျိုးမျိုးကို ချက်ပြုတ်ပြီး ကျွန်ုပ်တို့ဆန္ဒပြအဖွဲ့အတွက် ယူလာကြပါသည်။
သာသနာ့ဥသျှောင်အဖွဲ့မှ လောလောဆယ် ငွေ (၃ဝဝ)၊ ဘားမားပွိုင့်အဖွဲ့မှငွေ (၂ဝဝ) ပံ့ပိုးပါသည်။ ဟင်းချက် ပေးသော မိတ်ဆွေများ၊ တခြားသောမိတ်ဆွေများကလည်း အလှူငွေထည့်ကြပါသည်။ တခြားကိစ္စများလည်း ကူညီပါ၏။ ယခုအခါကျွန်ုပ်တို့အဖွဲ့သည် ချမ်းသာသွားလေပြီ။ နယူးယောက်သို့ဝင်စကပင် ကိုမင်းဆန်းမင်း အိမ်သို့ရောက်ပြီးနောက် အိုးခွက်ပန်းကန်များ၊ တချို့သောရိက္ခာများနှင့် ဝယ်ခြမ်းရန် ငွေ (၄ဝ)ကို ကိုမင်းဆန်းမင်း၏ဇနီးဖြစ်သူ မရီရီခင်ကပေးလိုက်ပြီးဖြစ်ပါသည်။ ယခုအခါ ဆန်၊ ဆီ စသည်တို့နှင့်တကွ ချက်ပြုတ်ပြီး ဟင်းများပါရရှိရာ အဆင်ပြေပြီမဟုတ်လော။ အားလုံးကိုကျေးဇူးတင်ပါသည်။ ဒီမိုကရေစီတိုက်ပွဲ မုချအောင်ရမည်။
ဆန္ဒပြရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment