ထိုသို့ရှိသည့်အခါမျိုးတွင် လက်ကမ်းစာစောင်ကို ဝေလိုက်ပါ၏။ တခါတရံ အတူလိုက်လျှောက်နေသော Jeffrey က မြန်မာပြည်သည် အရှေ့တောင်အာရှ၏ တိုင်းပြည်တခုဖြစ်ကြောင်းကို ရှင်းပြနေ၏။
ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည် ဤနေရာတွင် မောပန်း၍နားခြင်းမဟုတ်ပါ။ အချိန်ပိုနေသဖြင့် အံကိုက်ဖြစ်အောင် လျှောက်နေခြင်းဖြစ်သည်။ ထိုသို့နားနေစဉ် အမျိုးသမီးနှစ်ဦးရောက်လာ၏။ မင်္ဂလာပါဟု မြန်မာလိုနှုတ်ဆက် ပါသည်။ သူတို့သည် မကြာသေးမီ (၆) လခန့်က မြန်မာပြည်မှ ပြန်လာကြခြင်းဖြစ်သည်။ အခြေအနေ မည်သို့ ရှိပါသနည်းဟုမေးသော် နိုင်ငံခြားသားတိုးရစ်များအတွက်မူ အိုကေသည်ဟုဆိုပါသည်။ ပြည်သူလူထု အတွက်မူ မအိုကေနိုင်သည်ကို ဆိုလိုသလော။
ဤမျှဗဟုသုတရှိသည်ကို သိရသဖြင့် ကောင်းလှပါဘိ။ ကုလသို့တင်မည့်စာတွင်လည်း လက်မှတ်ထိုးပေးကြ ပါသည်။ ထူးခြားသောနေရာတွင် ထူးထူးခြားခြားတွေ့ရသော ထူးခြားရှား အမျိုးသမီးတို့ပေတည်း။ Broadway လမ်း၏ကျက်သရေကို ကောင်းစွာဆောင်သော နယ်မြေတို့ကို ဖြတ်လျှောက်ခဲ့ပြီ။
(၁၁) နာရီမခွဲခင် Broadway လမ်းနှင့် 42 St လမ်းဆုံသောနေရာတွင် ခဏနားရင်း အချိန်စောင့်ကြသည်။ ကျွန်ုပ်တို့စောင့်နေသည်မှာ ဆိုင်တဆိုင်၏ အဝင်ဝဖြစ်နေသောကြောင့် ဝင်ထွက်နေသောလူအပေါင်းတို့ ကြည့်ရှုစရာဖြစ်နေ၏။ တခုခုကိုကြော်ငြာနေသည်ဟု ထင်နေမလားမသိပါ။ အမှန်တော့လည်း မြန်မာပြည် လွတ်လပ်ရေးကို ကြော်ငြာနေခြင်းပင်မဟုတ်လော။
ဆက်လက်ချီတက်သော် (၁၂) နာရီ (၂ဝ) မိနစ်တွင် ကုလသမဂ္ဂဌာနချုပ် အဆောက်အဦရှေ့ Ralph Bunche Park ပန်းခြံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိကြ၏။ သင်္ခါရသဘောကို နားလည်ခြင်းမရှိသော ကုလရုံးချုပ် သည် ခါတိုင်းနှစ်များကဲ့သို့လည်းကောင်း၊ နေ့တိုင်းကဲ့သို့လည်းကောင်း တုံဏှိဘာဝေ ရပ်တည်လျက်ရှိ၏။
မိတ်ဆွေဖြစ်နေသော ဤပန်းခြံကလေးရှေ့တွင် ခဏနားရင်း ဓါတ်ပုံရိုက်ကြသည်။ ရိုက်သည်ဆိုရာတွင် အလံတလူလူဖြင့်ရှိနေကြသော ကျွန်ုပ်တို့ကို ထူးဆန်းသဖြင့် လာရောက်လည်ပတ် လေ့လာသူများကလည်း ဓါတ်ပုံရိုက်ကြခြင်းဖြစ်သည်။ ထို့နောက် မျက်စောင်းထိုး၌ရှိသော ဒတ်ဟန်းမားရှိုးပန်းခြံသို့ ချီတက်ကြသည်။ ထိုနေရာတွင် တရာ့တပါးသောလူမျိုးတို့ စုရုန်းနေကြနေရာဖြစ်သည်။ ထိုနေရာသည် ကျွန်ုပ်တို့၏ ဆွေမျိုးညာတိလည်းဖြစ်၏။
ရောက်လျှင် ဘားမားပွိုင့်မှ ကိုမိုးချမ်း၊ Myra တို့စောင့်နေသည်။ Myra သည် ကိုသောင်းထွန်း၏ Burma Office ရုံးတွင် တာဝန်ထမ်းရွက်နေသူဖြစ်၏။ ကိုမိုးချမ်းသည် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ကော်မတီတွင်လည်း ကုလသမဂ္ဂဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ Myra က ကျွနု်ပ်တို့အဖွဲ့ကို ကော်ဖီ၊ ရေ စသည်တို့ ဝယ်တိုက် ပါသည်။ မစန္ဒီလည်းရောက်လာပါသည်။ မစန္ဒီသည် နယူးယောက်မြို့အမျိုးသမီးအဖွဲ့မှဖြစ်ပါသည်။ နယူးယောက် Queen မှ ကိုဇော်ဇော် ကလည်း ငွေ (၂ဝ) လှူဒါန်းပါသည်။ နိုင်ငံခြားသားတဦးလည်း ရောက်လာသည်။ ထိုသူသည် NCGUB တွင် အမှုထမ်းသူဖြစ်သည်ဟုဆိုသည်။
သိပ်မကြာမီ အဖွဲ့တဖွဲ့ရောက်လာကာ ဆန္ဒပြနေကြသည်။ တရုပ်အဖွဲ့ဖြစ်ပါ၏။ စာတမ်းမှာ China Democracy Party ဖြစ်၏။ အဆိုအမိန့်မှာ ‘ဒီမိုကရေစီနှင့် လူအခွင့်အရေးကို ကာကွယ်ခြင်းသည် အပြစ်တခုမဟုတ်’ ဟူ၏။ ဒီမိုကရေစီဘက်တော်သား တရုပ်လူမျိုးများဖြစ်ပါ၏။ အနာဂတ်တွင်လည်းကောင်း၊ လောလောဆယ်တွင် လည်းကောင်း ကွန်မြူနစ်ဝါဒနှင့် ဒီမိုကရေစီဝါဒ မည်သို့အတူတကွ နေကြမည်နည်း ဆိုသည်ကို မစဉ်းစား တတ်ပါ။ ကိုယ့်အလုပ်မဟုတ်သော်လည်း နောက်ပိုင်း ကိုယ့်အလုပ်ဖြစ်မလာဟု ပြော၍မရ။
မွန်းလွဲ (၁) နာရီတွင် ဤနယ်မြေတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ ထောက်လှမ်းရေးအရာရှိ ရောက်လာသည်။ တင်ကြို၍ အကြောင်းကြားဖိတ်ခေါ်ထားခြင်းဖြစ်ပါသည်။ အရေးအကြောင်းရှိက ဆက်သွယ်ရန် ကဒ်ပြားတခုပေးခဲ့ပါသည်။ (၂) နာရီခွဲတွင် ယနေ့အဖို့ကို ရုပ်သိမ်းလိုက်ကြသည်။ မနက်ဖြန် စက်တင်ဘာလ (၉) ရက်မှ စက်တင်ဘာလ (၁၇) ရက်အထိ ထိုင်သပိတ်ပြုလုပ်မည်ဖြစ်၏။ နေ့စဉ် မနက် (၉) နာရီမှ ညနေ (၆) နာရီအထိပြုလုပ်မည်ဖြစ်ပါ၏။
အစာငတ်ခံဆန္ဒပြခြင်းအစီအစဉ်ကို စက်တင်ဘာလ (၁၈)ရက်၊ စစ်တပ်ကအာဏာသိမ်းသည့် (၂၁) နှစ်မြောက် နေ့မှ စက်တင်ဘာလ (၂၇) ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
1 comment:
It was an honor to march with you to the United Nations. You are all so brave an courageous. I hope the UN Security Council will hear your cry for the freedom of Burma. Thank you so much for your unwavering support for Daw Aung San Suu Kyi and the people of Burma.
Post a Comment