နံနက် (၉)နာရီတွင် သပိတ်စခန်းဖြစ်သော ဒတ်ဟမ်းမားရိုးပန်းခြံသို့ ရောက်ရှိသည်။ ရာသီဥတုသည် ကြည်လင် လျက်ရှိ၏။ လောကသည် သူ့အလုပ် သူလုပ်လျက်။ ပရိယေသန ကိုယ့်ဝမ်းကိုယ်ကျောင်း၍ လည်းကောင်း၊ သားကျွေးမှု၊ မယားကျွေးမှုကိုလည်းကောင်း၊ တိုင်းပြည်ကပေးအပ်လိုက်သော တာဝန်ကိုလည်းကောင်း၊ အဖွဲ့အစည်း၏တာဝန်ကိုလည်းကောင်း အသီးသီးဆောင်ရွက်လျက် ရှိကုန်၏။
ရဲဘော်သိန်းစိန်ကလည်း သန်းရွှေဂိုဏ်းက ပေးအပ်လိုက်သောတာဝန်ကို ဆောင်ရွက်ရန်လာမည်ဟု ကြားရသည်။ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ စားနပ်ရိက္ခာ၊ လူနေမှုအဆင့်အတန်း စသည်တို့သည် မြန်မာနိုင်ငံတွင် မကြုံဖူးလောက်အောင် တိုးတက်နေကြောင်း လာပြောပုံရသည်။
နိုင်ငံရေးအကျဉ်းသားလုံးဝမရှိ၊ ဒုက္ခသည်မရှိ၊ အုံကြွမှုမရှိသော မြန်မာနိုင်ငံတွင် ခွေးများ၊ စစ်သားများ၊ အကျဉ်းထောင်များသည်လည်း တခါဖူးမျှ မကြုံဖူးလောက်အောင် များပြားလာကြောင်းကိုလည်း ထပ်ဆင့်ပြောပြဖို့လိုလိမ့်မည်။ တဖြည်းဖြည်းနှင့် ကျတ်ကုန်းသန်းရွှေနေပြည်ကိုလည်း အကျဉ်းထောင်အဖြစ် ပြောင်းလဲရန် အစီအစဉ်ရှိကြောင်း တင်ပြရလိမ့်မည်။
သန်းရွှေအဖွဲ့နှင့် ကြံ့ဖွတ်အဖွဲ့သည် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ထောက်ခံမှုရရှိပြီး၊ အောင်မြင်နေကြောင်း၊ အဆိုပြုသူကအဆိုပြု၊ ထောက်ခံသူကထောက်ခံပြီး၊ ဥက္ကဌကြီးနှင့် အဖွဲ့သည် လိုအပ်သည်များကို မှာကြားပြီး ပြန်လည်ထွက်ခွာသွား၍ ရမည့်နေရာမဟုတ်။ နိုင်ငံတကာ ကုလ အသိုင်းအဝိုင်းတွင် မြန်မာပြည်မှ စစ်ဓါးပြအုပ်စုကိုလည်းကောင်း၊ ထိုတမန်ကိုလည်းကောင်း ခွေးတကောင်လောက်ပင် သဘောထားသည် မဟုတ်။ ရှက်စရာကောင်းလှသည်။ ဒင်းတို့ခမြာလည်း တနှစ်တခါ လာပြီး အဆဲဆိုခံနေရသည်မှာ ကျိန်စာသင့်နေခြင်းပင်ဖြစ်သည်။ ဦးသန့်ကဲ့သို့ လူရိုသေရှင်ရိုသေဖြစ်ချင်လျှင် မနာလိုနေရုံဖြင့်မပြီး၊ လူလိုလုပ်ဖို့လိုသည်။
ခွေးထက်ယုတ်ညံ့သော သန်းရွှေဂိုဏ်းသည် ယခုအခါ ကိုယ့်ဇာတ်ကိုယ်မနိုင်တော့ဘဲ သူတောင်းစား ရွေးကောက်ပွဲနှင့် အသုံးလုံးမတက်ရသေးသောအခြေခံဥပဒေကို ဘေးကျပ်နံကျပ်ဖြစ်ပြီး ဘယ်အမှိုက်ပုံးထဲ သွားထည့်ရမှန်းမသိဖြစ်နေသည်။
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်ပေးရန်သတ္တိမရှိ၊ နိုင်ငံရေးခေါင်းဆောင်များ ကိုလည်း လွတ်မပေးချင်၊ တရုပ်နှင့်လည်း ပြဿနာမတက်ချင်၊ အမေရိကန်နှင့်လည်း ပလဲနံသင့်ချင်၊ ငါဟဲ့ အာဏာရှင်ဟုလည်းပြချင်နှင့် သန်းရွှေနှင့် သပွတ်အူ လုံးလည်လိုက်ပြီး ရူးကြောင်ကြောင်ဖြစ်လာသဖြင့် စင်ကာပူနိုင်ငံတွင် ပါရာစီတမော့ သွားရှောနရလိမ့်မည်။
(၁၁) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် အာဏာရှင်များကို လားပင်စင်ပေးမည့် မိတ်ဆွေတရုပ်လည်း ဆိုင်းဘုတ်ကလေးကိုင်၍ ရောက်လာပါသည်။ (၁၁) နာရီထိုးပြီးနောက် ပန်းစည်းပေးသော အဖွားကြီးသည် ပန်းစည်းအသစ် ပန်းအိုးအသစ်ကို ယူလာပြီး ကိုယ်တိုင်ရေသွားယူကာ အသစ်လဲပါသည်။ အင်းလေးလွယ်အိတ် အဟောင်းကလေးတလုံးကိုလည်း ပြသပါသည်။ လွယ်အိတ်သည် ကြိုးမရှိတော့ပါ။ ၁၉၇ဝ ခုနှစ်ကတည်းက ဆောင်ခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းပစ္စည်းဖြစ်နေပြီ။ မြန်မာလူမျိုးတို့အပေါ် သံယောဇဉ်ရှိလှပါသည်။
ယနေ့သည်လည်း ခါတိုင်းနေ့များကဲ့သို့ မေးမြန်းသူများ၊ လက်မှတ်ထိုးပေးသူများရှိပါသည်။ နေ့လည်ရုံးအား ချိန်တွင် မစန္ဒီရောက်လာပြီး အချဉ်ထုပ်လေးများပေးသွားပါသည်။ ငုတ်တုပ်အိပ်ငိုက်နေရာ များစွာ အဆင်ပြေသွားပါသည်။ (မကဒတ) မြောက်ပိုင်းမှ ကိုကျော်ကျော်လွင် ခဏရောက်လာပါသည်။ (၁၈) ရက်နေ့တွင် ရောက်လာကြမည်ဆို၏။ မွန်းလွဲ (၂) နာရီထိုးခါနီး နယူးယောက်မြို့၊ ကွင်းစ် မှ ကိုဇော် ရောက်လာ သည်။ မုန့်များလည်း အဆာပြေစားရန်ယူလာပေး၏။
(၁၈) ရက်နေ့တွင် နယူးယောက်မြို့၌ ဆန္ဒပြပွဲအမျိုးမျိုးရှိနိုင်သည်။ မြို့အသီးသီးမှလည်း လာကြမည်ဟု ယူဆရ ၏။ မနက်ဖြန်တွင် ကုလသမဂ္ဂအစည်းအဝေးသည် စတင်တော့မည်ဖြစ်ရာ နိုင်ငံတကာ ဆန္ဒပြအဖွဲ့များကလည်း ရောက်လာကြတော့မည်ဖြစ်သည်။ ထိုနေ့မျိုးတွင် ကုလအဆောက်အဦဝန်းကျင်၌ လူမျိုးပေါင်းရောင်စုံတို့သည် ကြက်ပျံမကျ စည်ကားလှ၏။
ဆက်လက်တင်ပြပါဦးမည်။
ဆန္ဒပြရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment