ခရီးရှည်ချီတက်ခြင်း (၈၈) ရက်မြောက်
စက်တင်ဘာ (၄) ရက်၊ ၂ဝဝ၉
စက်တင်ဘာ (၄) ရက်၊ ၂ဝဝ၉
နယူးဂျာစီတွင် ဖြစ်ပါသည်။ တံတားကို ကျော်ပြီးသော် နယူးယောက်မြို့သို့ ဝင်မည်ဟု အစီအစဉ်ရှိခဲ့၏။ နံနက် (၈) နာရီ (၄ဝ) မိနစ်တွင် ဆိုင်ရှေ့မှ စတင်ချီတက်သည်။ တောလမ်းသည် မနေ့ကအတိုင်း ခတ်မဆိတ်ပင်။
တံတားကိုဖြတ်မည်ဖြစ်သော်လည်း အခြေအနေအရ အစီအစဉ်ပြောင်းသွားသည်။ လောလောဆယ်တွင် အခြေအနေ (၂) ရပ်ရှိ၏။ တနင်္ဂနွေနေ့တွင် ကုလသမဂ္ဂရုံးရှေ့အရောက်သွားခြင်းနှင့် အင်္ဂါနေ့တွင် အရောက် သွားခြင်းဖြစ်၏။ ဗေဒင်နီတိ၏အလိုအရမူ (၈) ရက်နေ့၊ သို့မဟုတ် (၉) ရက်နေ့ဝင်ရမည်ဖြစ်၏။ ဘဏ္ဍငွေကြေး အခြေအနေ၏ အလိုအရမူ စောစောပွဲပြတ်လေ ကောင်းလေဖြစ်၏။
သဘာဝတရားသည် ကမ္ဘာကြီးကို ဖန်တီးစဉ်က ပြီးပြည့်စုံစွာရှိခဲ့သည်ဟု ယူဆရသည်။ လူ့သမိုင်းသည် ရှည်လျားလှပြီဖြစ်၏။ ကာလကြာမြင့်လာသည်နှင့်အမျှ တိုးတက်လာသောသဘောရှိသည်။ ထိုသို့ တိုးတက်လာလေလေ မပြည့်စုံလေလေပင်ဖြစ်၏။ ပြည့်စုံသောအဖြစ်သို့ရောက်ရန်ကား ကျွန်ုပ်တို့သည် လူမတိုင်မီဖြစ်သော မူလကမ္ဘာဦးသို့ပြန်သွားရပေအံ့။
တောလမ်းအတိုင်းလျှောက်၍လာရာ တဖြည်းဖြည်းနှင့် စည်ကားသောအနေအထားရှိလာ၏။ နယူးယောက်မြို့ သို့ ချက်ချင်းလက်ငင်းဝင်ရန် အစီအစဉ်မဟုတ်သောကြောင့် အေးဆေးစွာလျှောက်လာကြကုန်၏။ (၁ဝ) နာရီခွဲပြီးသော် ကျယ်ပြန့်သောလမ်းသို့ ရောက်လာ၏။ မြို့၏အရိပ်နမိတ်များဖြစ်၏။ ကုမ္ပဏီကြီးများကို တွေ့ရ၏။
ဤလမ်း၌လျှောက်နေစဉ်တွင် ရဲကားတစီးရောက်လာ၏။ အလံများနှင့်လာသည်ကို တပါးသူတို့ အကြောင်းကြားသဖြင့် လာမေးမြန်းခြင်းဖြစ်သည်ဟုဆို၏။ မြန်မာပြည်အတွက် လမ်းလျှောက် နေသည်ဟု ဆိုလိုက်ရာ ရဲသည်နှုတ်ဆက်၍ ပြန်လည်ထွက်ခွာသွားပါသည်။ ကမ္ဘာမှာမြန်မာဟေ့ဆိုသည်မှာ အင်မတန် မှန်ကန်လှ၏။ မဟုတ်သောနေရာတွင် နာမည်ဆိုးဖြင့် လူသိများလှသည်မဟုတ်လော။
တခြားမဆိုပါနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင်ပင် မြန်မာဆိုလျှင် အော်တိုမစ်တစ် အထင်သေးပြီး သားဖြစ်၏။ ဒုက္ခသည်အဖြစ်ထွက်ပြေးလာသည်ဖြစ်စေ၊ အလုပ်လာလုပ်ကိုင်သူဖြစ်စေ၊ လူရိုသေရှင်ရိုသေ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့်လာသည်ဖြစ်စေ၊ အထင်သေးရန် ရာနှုန်းအပြည့် အသင့်ရှိသည်။ ထိုကြောင့် လည်း ကိုယ်တို့ ဖိလစ်ပီတွေပါညီလေး ဟုဆိုနေရသည်မဟုတ်လော။
အေးအေးဆေးဆေးလျှောက်ရင်းဖြင့် မြို့ဧရိယာသို့ရောက်လာ၏။ လမ်းတလျှောက်လုံး ကုမ္ပဏီများ၊ ရုံးကန္နား များ၊ ဆိုင်များ၊ စသည်တို့ဖြင့် ပြည့်နှက်နေသည်။ (၁၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် North Jersy Sugery Center အဆောက်အဦဘေးတွင် ခဏနားကြသည်။
(၁၁) နာရီ (၁၅) မိနစ်တွင် လမ်းဆုံမီးပွိုင့်တွင် လမ်းကူးရန် စောင့်နေစဉ် Remax Fortune Properties အမည်ရှိသော အဆောက်အဦထဲမှ မောင်နှတစုံထွက်လာ၏။ လှမ်း၍နှုတ်ဆက်သည်။ လက်ကမ်းစာစောင် ကိုပေးလိုက်၏။ မိုင် (၉ဝဝ) ဆိုင်းဘုတ်ကို မြင်သောအခါ လန့်သွားလေသည်။ ပုရိသ ဖြစ်သူက ခဏနေဦး ဟုဆိုကာ အတွင်းသို့အမြန်ဝင်သွား၏။ ပြန်ထွက်လာသောအခါ ကင်မရာယူလာပြီး ဓါတ်ပုံရိုက်ခြင်းဖြစ်သည်။ အပြန်အလှန် ဓါတ်ပုံရိုက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးအတွက် လက်မှတ်များလည်း ထိုးပေးကြပါသည်။
လမ်းကူးပြီးနောက်ဆက်လက်ချီတက်ကြ၏။ ကျွန်ုပ်တို့သည် နယူးဂျာစီ၊ Fort Lee မြို့လယ်သို့ရောက်နေခြင်း ဖြစ်သည်။ လမ်းကွေ့တခုရှိ ဘဏ်တခုရှေ့တွင် ခရီးရှည်အဖွဲ့ထိုင်၍ဆန္ဒပြခဲ့ဖူးပြီဖြစ်၏။ ဂျူးဘာသာ ဘုရားကျောင်းကဖိတ်ကြားသဖြင့် သွားရောက်ခဲ့ဖူးပြီဖြစ်၏။
နေ့လည် (၁၂) နာရီတွင် ဝါရှင်တန်တံတားနှင့် မဝေးလှသော လမ်းတနေရာရှိ ဘဏ်တခုရှေ့တွင် ယနေ့အဖို့ ပြီးဆုံးသည်။ စနေနေ့တွင် နယူးယောက်မြို့တွင်းသို့ဝင်ပေအံ့။ သို့သော် ကုလအဆောက်အဦရှေ့သို့ မချီတက်သေး။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment