Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, September 30, 2009

အစာငတ်ခံဆန္ဒပြခြင်း (၅) ရက်မြောက်နေ့
စက်တင်ဘာလ (၂၂) ရက်၊ ၂ဝဝ၉


ပန်းခြံသို့ နံနက် (၈) နာရီ (၄၅) မိနစ်တွင်ရောက်ရှိသည်။ လမ်းများပိတ်ထား၏။ ဒီပလိုမက်ကားများမှလွဲ၍ မဝင်ရပါ။ လုံခြုံရေးထူထပ်လှ၏။ ယနေ့အဖို့ ကျွန်ုပ်တို့အဖွဲ့ ရထားဖြင့်လာကြသည်။ အနီးရှိဆိုင်တွင် ပစ္စည်းတချို့ အပ်ထားခဲ့၍ တော်ပါသေးသည်။ မဟုတ်ပါက ထမ်း၍ယူလာရမည်။ မထမ်းနိုင်တော့ပါ။ အားမရှိတော့။ အခမ်းအနားကို အကျဉ်းရုန်းပြင်ဆင်လိုက်သည်။


ဆန္ဒပြရာပန်းခြံသို့ ရောက်ကတည်းက သဘာဝပတ်ဝန်းကျင်အဖွဲ့တဖွဲ့ ဆန္ဒပြနေသည်။ တိဘက်အဖွဲ့ကလည်း အခမ်းအနားပြင်ဆင်နေကြ၏။ တိဘက်ဘုန်းတော်ကြီးကိုလည်း တွေ့ရသည်။


(၉) နာရီ (၁၅) မိနစ်တွင်WCBS Radio နှင့် အင်တာဗျူးရသည်။ လောလောဆယ် ကျွန်ုပ်တို့အတွက် နေရာ ကျယ်ကျယ်ရထားသည်။ ထောက်လှမ်းရေးရောက်လာ၏။ နောက်ထပ်များပြားသောအဖွဲ့များ ရောက်လာ စရာရှိသဖြင့် ကျွန်ုပ်တို့နေရာ ကျဉ်းသွားလိမ့်မည်ဆို၏။ ပြောရင်းဆိုရင်း ရဲများက အတန်းများလာချလိုက်သဖြင့် နေရာကျဉ်းသွားလေ၏။ အလံတိုင်များသည် သစ်သားချောင်းများဖြစ်နေသဖြင့် ရုပ်သိမ်းလိုက်ရသည်။


တိဘက်အဖွဲ့က အကြီးအကျယ်ကြွေးကြော်ဆန္ဒပြနေ၏။ ကုလသမဂ္ဂကို အိပ်ယာမှနှိုးနေပြီး၊ တရုပ်ကိုရှုတ်ချ နေသည်။ သီရိလင်္ကာအဖွဲ့ရောက်လာသည်။ ဘုန်းတော်ကြီးများပါဝင်၏။ တခုတည်းသော သီရိလင်္ကာ နိုင်ငံဖြစ်ရေးအတွက် လာရောက်ဆန္ဒပြနေခြင်းဖြစ်သည်။ လက်ရှိအစိုးရကို ထောက်ခံသော အဖွဲ့ဖြစ်ဟန် တူပါ သည်။
တရုပ်အဖွဲ့တဖွဲ့ကလည်း တရားထိုင်နေ၏။ Falun Gong အဖွဲ့ဖြစ်ပါသည်။ မိမိတိုင်းပြည်အတွက် လာရောက် ဆန္ဒပြနေသူ အဖွဲ့များအားလုံးသည် အာရှတိုက်သားများချည်းဖြစ်၏။ ဂျူးအဖွဲ့တဖွဲ့လည်း ဆန္ဒပြနေသည်။

ပန်းစည်းရှင်အဖွားကြီးရောက်လာသည်။ မြန်မာဘုန်းတော်ကြီးများ ဘယ်အချိန် ရောက်လာမည့် အကြောင်း မေးသည်။ တရုပ်မောင်နှံ ရောက်လာ၏။ ကိုးကန့်တွင် ဖြစ်ပျက်နေသောကိစ္စများနှင့် ပတ်သက်၍ ၎င်းဒေသရှိ တရုပ်လူမျိုးများကိုကူညီချင်ကြသည်။ သို့ရာတွင် မြန်မာပြည်သို့ သူတို့မသွားရောက်နိုင်။ ကွန်မြူနစ်တရုပ် ကလည်း အစစ်အဆေးထူထပ်သောကြောင့်ဖြစ်သည်ဆို၏။


မမိုင်ရာလည်းရောက်လာသည်။ အာဏာရှင်များကို ငရဲပို့မည့် မိတ်ဆွေတရုပ်လည်း သူ့ဆိုင်းဘုတ်ကလေးကို ကိုင်၍ရောက်လာသည်။ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း၊ ဇနီးဒေါ်စီစီနှင့် သားလေးတို့အဖွဲ့ရောက်လာသည်။ ကိုးကန့်ပြည်သူများကို ကူညီချင်သည်ဆိုသော တရုပ်မသည် မမိုင်ရာနှင့် ဗျူဟာခင်းကျင်းပြီးနောက်၊ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနှင့် တွေ့ဆုံဆွေးနွေးသမှုပြုနေသည်။

ဒီဗွီဘီသတင်းထောက် ကိုအောင်အောင်ရောက်လာ၏။ ရွှေဝါရောင်တော်လှန်ရေး သံဃာ့တပ်ပေါင်းစု လှုပ်ရှားရန်ရှိသဖြင့် မှတ်တမ်းတင်ရန် ရောက်လာခြင်းဖြစ်ဟန်တူသည်။ မစန္ဒီလည်းရောက်လာ၏။

VOA မှ သတင်းထောက်လာရောက်ဗျူးသည်။ မေးမြန်းချက်မှာ မည်သည့်အတွက် ယနေ့လာရောက် အစာငတ်ခံဆန္ဒပြနေကြောင်း။ ရဲဘော်မောင်မောင်တိတ်၏ ဖြေဆိုချက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်တွင် မြန်မာ့အရေးကို အာရုံစိုက်မိစေရန်၊ ၎င်းအတွက် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေး ကောင်စီသို့ စာပို့ထားပြီးဖြစ်ကြောင်း၊ ၁၉၉ဝ ခုနှစ်၊ မေလရွေးကောက်ပွဲအကောင်အထည်ဖေါ်စေလိုပြီး၊ စစ်အာဏာရှင်တို့ကြံစည်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း၊ တရားမဝင်အစိုးရကို မထောက်ခံပါ စသည်တို့ဖြစ်၏။

ဆက်လက်၍ Associated Press ကသတင်းထောက်လည်း လာရောက်မေးမြန်း၏။ အဓိကမေးချက်မှာ အထက်ပါအတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနှင့် မြန်မာ့အရေး ကုလသမဂ္ဂ မှ အရေးယူဆောင်ရွက်ရန် လမ်းလျှောက်ချီတက်ခဲ့ကြောင်း၊ အစာငတ်ခံ ဆန္ဒပြ နေကြောင်း ပြောဆိုလိုက်၏။

မြန်မာ့မိတ်ဆွေတချို့ရောက်လာသည်။ ရွှေဝါရောင်တော်လှန်ရေး၊ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ ဆရာတော်ဦးပညာဇောတ ကြွလာသည်။ နယူးယောက်မြို့နေ ကိုအောင်မိုးဝင်းလည်း ပါလာသည်။ အစီအစဉ်မှာ တိဘက်၊ အီရန်နှင့် မြန်မာအဖွဲ့တို့ ပူးပေါင်းပြီး ဆန္ဒပြရန်ရှိသည်။ ယနေ့တွင်လည်း ထိုပူးပေါင်းမှုတွင် ဆရာတော်က မိန့်ခွန်းပြောကြား၏။ တိဘက်ပြည်သူတို့အတွက် လည်းကောင်း၊ မြန်မာ့အရေးအတွက်လည်းကောင်း ဟောကြားသည်။ အာဏာရှင်တို့ဖိနှိပ်မှုကြောင့် တိဘက်နှင့် မြန်မာများသည် ဤအချိန်ဤနေရာ၌ လာရောက်တိုက်ပွဲဝင်နေကြရသော တူညီသောဖြစ်စဉ်ကို ပြောပြသည်။

အဖွဲ့အစည်းများသည် စုံလင်လှ၏။ ဝါစိမ်းနီပြာ ခရမ်း မဲနယ် လိမ္မော် စသည်ဖြင့် အလံပေါင်းစုံနေသည်။ တိဘက်အဖွဲ့က အလွန်တက်ကြွ၏။ လူလည်းများ၏။ အသံမစဲစတမ်းကြွေးကြော် အော်ဟစ်နေကြသည်။ Falun Gong အဖွဲ့ကား ငြိမ်သက်စွာတရားထိုင်နေ၏။ လမ်းတဖက်တွင် သီရိလင်္ကာ အဖွဲ့တဖွဲ့ ထပ်ရှိသည်။ သူပုန်ကို ထောက်ခံသော ကျားတံဆိပ်အလံ အဖွဲ့ဖြစ်သည်။ အော်ဟစ်နေ၏။

ကျွန်ုပ်တို့အဖွဲ့ကား ခါတိုင်းကဲ့သို့ပင်။ ရဲဘော်မိုးသီးဇွန်ရောက်လာ၏။ ပြန်ခါနီးအချိန်တွင် ကိုရဲထွတ် ရောက်လာ၏။ အလှူငွေပေးသွားပါသည်။ မနက်ဖြန်တွင် တိဘက်၊ အီရန်၊ ရွှေဝါရောင်တော်လှန်ရေး၊ သံဃာ့တပ်ပေါင်းစုဆရာတော် ဦးပညာဇောတ အမှူးရှိသော မြန်မာအဖွဲ့တို့ ပူးပေါင်းဆန္ဒပြရန် အစီအစဉ်ရှိပါသေးသည်။

ဆန္ဒပြရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive