ထိုင်သပိတ် (၉) ရက်မြောက်နေ့
စက်တင်ဘာလ (၁၇) ရက်၊ ၂ဝဝ၉
စက်တင်ဘာလ (၁၇) ရက်၊ ၂ဝဝ၉
ရာသီဥတုသည် ထွက်လာကတည်းက မှိုင်းမှုန်နေ၏။ စိတ်ချ၍မရပေ။ နံနက် (၉) နာရီတွင် ပန်းခြံသို့ရောက်ရာ ပတ်ဝန်းကျင်သည် ညို့ညို့မှောင်မှောင်ပင်ဖြစ်၏။ ကုလအဆောက်အဦတွင် နိုင်ငံတကာ အလံများအားလုံးတင်ထား၏။ ဘေးရှိဆိုင်လည်း ဖွင့်၏။ အပြင်တွင် ခုံကလေးများစီထား၏။ မိုးမရွာနိုင်သည့် သဘောဖြစ်သည်။
(၁ဝ) နာရီခွဲကျော်ကျော်တွင် ပန်းစည်းပို့သော အဖွားကြီးရောက်လာသည်။ မာကျောသောအဖုံးဖြင့် အထူး ထုတ်ထားသော စာအုပ်တအုပ်ပေးပါသည်။ ဓါတ်ပုံစာအုပ်ဖြစ်ပါ၏။ တောတွင်းရှိအဖွဲ့အစည်းများမှ ရဲဘော်များ၏ ပုံများသက်သက်ဖြစ်ပါသည်။ (မကဒတ) ကျောင်းသားတပ်မတော်မှ အတော်များများပါဝင်သည်။ တခြားသောအဖွဲ့အစည်းများလည်းပါဝင်သည်။
အမေရိကန်ပြည်သို့ရောက်ရှိသည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ငံသားတဦးက တောတောင်တို့သို့ သွားရောက်ပြီး ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထုတ်ဝေရခြင်းရည်ရွယ်ချက်မှာ အရေးတော်ပုံနှင့် တကွ တော်လှန်ရေးအရိပ်နိမိတ်တို့ ဆက်လက်ရှင်သန်နေစေလိုသော စေတနာဖြစ်သည်။ မေရီလင်းတက္ကသိုလ်တွင် ဓါတ်ပုံပညာကို သင်ခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့ဆန္ဒပြအဖွဲ့တွင် လူများသဖြင့် နောက်ထပ်တအုပ် ထပ်လိုပါက သူရှာပေးမည်ဟုဆို၏။ မနက်ဖြန်ပန်းစည်းအသစ်လဲပေးဦးမည်။ မိုးဖွဲဖွဲကျနေသဖြင့် ကျွန်ုပ်တို့အတွက် စိတ်ပူနေရှာ၏။
မိုးကလေးများဖွဲဖွဲရွာတော့ ဒုက္ခရောက်ပါသည်။ (၁၁) နာရီထိုးလျှင် မိုးများလာသောကြောင့် စာတမ်းနှင့် ပိုစတာများဖြုတ်ထားလိုက်ရသည်။ လူရေစိုမှာထက် ပစ္စည်းရေစိုမှာကို ကြောက်နေရသော ကျွန်ုပ်တို့၏ အကြောက်တရားသည် တော်ရုံတော့ လွတ်မြောက်နိုင်မည်မဟုတ်။
ကျွန်ုပ်တို့ဆန္ဒပြရာပန်းခြံအရှေ့တည့်တည့်တွင် ကုလအဆောက်အဦအသစ်ကို တည်ဆောက်နေသည်။ ဤအဖွဲ့မှ ဆောက်လုပ်ရေးအဖွဲ့သည် နံနက် (၁၁) နာရီခွဲတွင် ကျွန်ုပ်တို့ရှိရာ ပန်းခြံသို့လာရောက် စုဝေးကြ သည်။ အင်အား (၁ဝဝ) ခန့်ရှိ၏။ ဆန္ဒပြမည့်သဘောဖြစ်သည်။ (၁၂) နာရီထိုးခါနီး တွင် ပြန်လည်ရုပ်သိမ်းပြီး ကိုယ့်အလုပ်ကိုယ်ပြန်ဝင်ကြသည်။
ညှိနှိုင်းဆွေးနွေးချက် အဆင်ပြေသွားပုံရသည်။ ဆောက်လုပ်ရေးအဖွဲ့မှာ ခေါင်းဖြူ၊ ခေါင်းပြာ၊ ခေါင်းနီ၊ ခေါင်းပြာနက် စသည်ဖြင့် ပညာရှင်ရော၊ ရိုးရိုးလုပ်သားပါအစုံအလင်ဖြစ်သည်။ အလုပ်ဝတ်စုံ၏ နောက်ကျောတွင် ကုမ္ပဏီအမည်ပါ၏။ ကောင်းလေစွ၊ ဆန္ဒပင်မပြလိုက်ရ၊ ပြေလည်မှု ရသွားသည်။ သတင်းထောက်အဖွဲ့လည်းပြန်သွားပြီ။
မြန်မာပြည်မှာဆိုလျှင်မူ သေဖို့သာပြင်ထားပေတော့။ ပေတလူသန်းရွှေအဖွဲ့သည် ဘုန်းကြီးများကိုပင် မြို့လည်တွင် ရိုက်သတ်သူဖြစ်၏။ ဘုန်းကြီးခေါင်းများများခွဲနိုင်လေ ရာထူးကြီးကြီးရလေဟု ဥပဒေထုတ်ပြန်ပြီး လူယုတ်မာဖြစ်သော မိမိကိုယ်ကို (ဘုန်းကြီးများကိုသတ်ဖြတ်သော စွမ်းစွမ်းတမံဆောင်ရွက်ချက်ဖြင့်) ဂုဏ်ထူးများ ကိုယ့်ဖာသာ တီထွင်ချီးမြှင့်နေသည်။ ထွီ ရိုင်းလိုက်လေ။ မဟာပထဝီမြေကြီးသည် အဘယ် ကြောင့် မမြိုသေးဘဲရှိသနည်းဟု စဉ်းစား၍မရ။ ဧကန္တ အမျိုးအားလုံး တအုံလုံးတကျင်းလုံးစုံအောင် စောင့်နေပုံ ရသည်။
မိုးတိတ်ပြီ။ ကြမ်းပြင်လည်းခြောက်သော် စာတမ်းကို ပြန်တင်ကြသည်။ ရေစိုသဖြင့်လှမ်းထားသော အခင်းများကိုလည်း နေရာပြန်ချသည်။ စာတမ်းသည် ရေစိုသဖြင့်ပွပြီး ကော်ကပ်ထားသောစာလုံးများ ကွာကျကုန်၏။ ရေခြောက်သဖြင့် ကော်ပြန်ကပ်သော်လည်း အဆင်မပြေပါ။ ဤအတိုင်းသာ တင်ထားလိုက်၏။ နောက်နှစ်မှ အရေးပေါ်ပြန်ပြင်ရမည်။ ဒီမိုကရေစီမရသည်မှာ ဤအလုံးများလည်းပါဝင်၏။
မွန်းလွဲ (၂) နာရီထိုးခါနီး ကိုဇော်ရောက်လာသည်။ ကျွဲရိုင်းဗူးများလာပေးခြင်းဖြစ်သည်။ မနက်ဖြန် အစာငတ်ခံ ဆန္ဒပြမည့် ပုဂ္ဂိုလ်များ ယနေ့အားရှိစေလိုခြင်းဖြစ်သည်။ (၅) နာရီ (၄၅) မိနစ်တွင် ကိုဝင်းရှိန်မောင်ရောက်လာ သည်။ မြန်မာကောင်စစ်ဝန်အိမ်ရှေ့တွင် Amnesty International အဖွဲ့နှင့် နယူးယောက်ရှိ မြန်မာအင်အား စုများ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယခုပင် ဆန္ဒပြကြ မည်ဖြစ်သည်။
ကိုဝင်းခိုင်လည်းရောက်လာ၏။ သူ့သူငယ်ချင်း စိုင်းညီညီနှင့် ဇနီးလည်းရောက်လာပါသည်။ လူစုံတုန်း စကားစမြည်ပြောဆိုကြ၏။ သို့ဖြင့် ညနေ (၆) နာရီထိုးလျှင် သိမ်းလိုက်ကြသည်။
ဆန္ဒပြရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment