နံနက် (၉) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် အခမ်းအနားပြင်ဆင်ပြီးစီးသည်။ သာယာသောနေ့ဖြစ်ပါသည်။ ကိုမြတ်ထွန်းရောက်လာပါသည်။ ပန်းစည်းရှင် အဖွားကြီးလည်း ရောက်လာပါသည်။ ပန်းအသစ်များထပ်ဖြည့်၏။ စကားစမြည်ပြောကြသည်။
ထိုအမျိုးသမီးကြီးသည် ပြင်သစ်မဂ္ဂဇင်း တွင်လုပ်ကိုင်နေသူဖြစ်၏။ အနုပညာနှင့် ပတ်သက်သော အလုပ် ဖြစ်ပါသည်။ အရှေ့တိုင်းယဉ်ကျေးမှုကို လေ့လာနေသူဖြစ်သည်။ ဓါတ်ပုံပညာနှင့် ရှေးဟောင်းအနုပညာများ ပါဝင်သည်။ အတော်ကြာကြာ စကားပြောပြီးနောက် နှုတ်ဆက်ပြီးပြန်သွားသည်။
(၁၁) နာရီ (၄၅) မိနစ်တွင် ပန်းခြံတာဝန်ရှိသူရောက်လာသည်။ သစ်ပင်နှင့် မီးတိုင်တို့တွင် ချည်နှောင်ထား သော စာတမ်းကို ဖြုတ်ခိုင်းပါသည်။ ထိုကြောင့် ကျွန်ုပ်တို့၏ အပြင်အဆင်သည် တတိယမ္ပိ ဒီဇိုင်းဖြစ်သွားပါ၏။ ပထမတုန်းကလည်း တကြိမ်ဖြုတ်ရပြီးပြီဖြစ်၏။ သံတန်းနှင့် သစ်သားအကန့်တွင် စာတမ်းကိုကြိုးနှင့် တန်းလိုက် ၏။ အမှန်မှာတော့ ပန်းခြံစည်းကမ်းနှင့် ည‡ိစွန်းလျက်ရှိတုန်းပင်။
ပန်းခြံရှိသစ်ပင်နှင့် ဓါတ်တိုင်ကို အမှီပြုပြီး မြန်မာပြည် ဒီမိုကရေစီမရနိုင် ဆိုသည်ကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။ ပြချင်လျှင် ကိုယ့်စတင်းကို ရှာဖွေလာရမည်ဖြစ်၏။ စတင်းနှင့် ခုံနှင့် တန်းနှင့်ဆိုလျှင် ငွေတထောင် လောက်လိုပါသည်။ ငွေမရှိလျှင် စတင်းမရှိ။ စတင်းမရှိလျှင် ပြ၍မရ။ ဤကား လောကကို အစိုးရသော တရား လည်းဖြစ်၏။
လက်ကမ်းစာစောင်တွင် ကျွန်ုပ်တို့ ဖုန်းနံပါတ်ကိုရသဖြင့် တရုပ်အဖွဲ့တဖွဲ့ ဖုန်းဆက်မေးမြန်းသည်။ ကျွန်ုပ်တို့ အစာငတ်ခံဆန္ဒပြအဖွဲ့သို့ နောက်ထပ်အင်အားမည်မျှရောက်လာမည့်အကြောင်း၊ တခြားသောအဖွဲ့များလည်း ရောက်လာရန်ရှိမရှိ စသည်တို့ကို မေးမြန်းသည်။
ထို့နောက် နာရီဝက်ခန့်ကြာလျှင် ထိုအဖွဲ့ရောက်လာသည်။ အစာငတ်ခံဆန္ဒပြသည့်ကိစ္စ၊ လမ်းလျှောက် ချီတက်သည့်ကိစ္စများကို မေးမြန်းသည်။ အမေးအမြန်းထူထပ်ပြီး လက်မှတ်ထိုးမသွားသော ပုဂ္ဂိုလ်ဖြစ်သည်။ လေ့လာသူတိုးရစ်အနေဖြင့်သာ လာသူဆို၏။ ပါလာသောအဖွဲ့ကလည်း လေ့လာသူပုံစံတော့ပေါက်ပါသည်။ မည်သည့်သတင်းဌာနမှ မဟုတ်ပါ။
နေ့လည်တွင် တိုကျိုဗြူရို ဂျပ်စတိစီစတမ်အဖွဲ့မှ လာရောက်မေးမြန်းသည်။ ဗီဒီယိုမှတ်တမ်းရိုက်သမား နှစ်ယောက် နှင့် အရာရှိဟုယူဆရသူတယောက်ဖြစ်ပါသည်။ အစာငတ်ခံဆန္ဒပြနေသည့်အကြောင်း၊ ကုလသမဂ္ဂသို့ တင်ပြချင်သည့်အကြောင်းများ နှင့် ဤလှုပ်ရှားမှုကို မည်ကဲ့သို့စတင်ခဲ့ကြောင်း မေးမြန်းပါသည်။
အခမ်းအနားပြင်ဆင်ထားသည်များကို ထောင့်စုံအောင်ရိုက်ကူးသည်။ ဒေါ်အောင်ဆန်းစုကြည်ပုံပန်းချီကား၊ ဆိုင်းဘုတ်နှင့် စာတမ်းများကို အသေအချာရိုက်ကူးသည်။
ညနေ (၆) နာရီထိုး၍ ပစ္စည်းများသိမ်းပြီး ကားပေါ်တင်နေစဉ် ကိုးရီးယားပုဂ္ဂိုလ်တဦးရောက်လာပြီး လက်ကမ်း စာစောင်တောင်းပါသည်။ ကိုးရီးယားမီရှင်အဖွဲ့မှဟု မိတ်ဆက်ပါသည်။ ကျွန်ုပ်တို့၏လှုပ်ရှားမှုကို အားပေး ထောက်ခံကြောင်းပြောဆိုသည်။ မြန်မာပြည်အကြောင်းတင်ပြရန် အချိန်ကောင်း ဖြစ်ကြောင်းလည်း ပြောသည်။ စောစောကလာသော တရုပ်နှင့်တော့ ကွာခြားလှသည်။ တိုင်းပြည်ပြန်ပါက အနည်းဆုံး ထမင်းအိုးကွဲမည်ကို သတိပြုရမည်။
ကောင်းလေစွ။ အသက်ကိုဉာဏ်စောင့်၏။ သိန်းစိန်ကို မည်သူစောင့်မည်မသိ။ ကြက်ဥပုပ်နှင့် စောင့်ရန် အစီအစဉ်ရှိသလိုလို ကြားရသည်။ မြန်မာပြည်တွင် စစ်ဗိုလ်ဝန်ကြီးချုပ်များ၏ လူ့သက်တမ်းသည် အရူးထောင် နှင့် သင်္ချိုင်းတွင် မှတ်ပုံတင်လျှောက်ထား၏။
ဆန္ဒပြရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment