Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, September 2, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၈၆ ရက်မြောက် ခရီး 86th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၈၆) ရက်မြောက်
သြဂုတ်လ (၁) ရက်၊ ၂ဝဝ၉



နေသာသောနေ့ဖြစ်၏။ နံနက် (၉) နာရီ (၂ဝ) မိနစ်တွင် Stony Point အရပ်မှထွက်ခွာသည်။ စထွက်သော် တံတားပြင်နေသဖြင့် လမ်းပိတ်ထားသည်။ ထိုကြောင့် ဘေးသို့ဆင်းသွားသော လမ်းကလေးမှ လျှောက်ကြ သည်။ ကားများသည်လည်းကောင်း၊ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့သည်လည်းကောင်း ထိုလမ်းကလေးမှ သွားကြရ၏။ ကျဉ်း၏။ ကြည့်ရှုသွားရ၏။ ကြံကြံဖန်ဖန်လမ်းကလေးဖြစ်ပါသည်။


လမ်းကလေးကို ကွေ့ကောက်သွားပြီးသော် လမ်းမသို့ရောက်၏။ တစုံတရာစည်ကားပါသည်။ (၉) နာရီ (၄ဝ) မိနစ်တွင် Historic Stony Point မှ ထွက်ခွာသွားပါသည်။ ဆက်လက်၍ Helen Haynes Hospital ဆေးရုံကိုဖြတ်ကျော်သည်။ ထို့နောက် Village of West Haverstraw သို့ ရောက်ရှိသွားပါသည်။


ရွသည်တဖြည်းဖြည်းနှင့် စည်ကားလာပါသည်။ ရွာတွင်းအခြေအနေကိုမူ မသိရပါ။ ရွာကိုဖြတ်သော ဟိုင်းဝေးလမ်းအတိုင်းလျှောက်ကြခြင်းဖြစ်သည်။ မဆိုးလှသောရွာလမ်းဖြစ်၏။ ဈေးဆိုင်တန်းများ တောက်လျှောက်အပြည့်ဖြစ်သည်။


တနေရာရောက်သော် ကျပ်တည်းလှသော ကုန်းတခုကိုတက်ကြ၏။ လူသွားလမ်းလုံးဝမရှိပါ။ မျက်နှာချင်းဆိုင်မှ လာနေသောကားများနှင့် မဟာမိတ်ပြု၍လျှောက်ကြရသည်။ ကျွန်ုပ်အဖို့ မဟန်သဖြင့် ချောက်အတွင်းသို့ ဆင်းပြီး ရထားလမ်းနှင့်အပြိုင်ကပ်လျက် လျှောက်ရ၏။ ဝေးဝေးတော့မဟုတ်ပါ။


(၁ဝ) နာရီ (၃၅) မိနစ်တွင် ၎င်းရထားလမ်းဘေးတွင်ပင် ခဏနားကြသည်။ ဤကုန်းကို ဖြတ်စဉ် မြစ်ကမ်းပါးတွင် အဆောက်အဦအသစ်တခု ဆောက်နေသည်ကို တွေ့ရသည်။ ရပ်နားသောနေရာတွင်မူ ကျောက်မိုင်း၊ ကျောက်ကြိတ်ခွဲသောစက်ရုံတရုံကို တွေ့ရ၏။ ဆူညံ၍ပွက်လောရိုက်နေသည်။ ဆောက်လုပ်ရေးမှကားများ၊ ထရပ်ကားအမျိုးမျိုးတို့ ဥဒဟို သွားနေကြသည်။


ကျွန်ုပ်အဖို့မူ ဤမြစ်ကမ်းပါးတွင် ညုကလီးယားဓါတ်ပေါင်းဖိုနှင့် တခြားသောစက်ရုံအမျိုးမျိုးတည်ထားခြင်းသည် မြစ်၏ကျက်သရေကို ဖျက်နေသော အကုသိုလ်များဟု ထင်ပါသည်။ ကျက်သရေကို ဖျက်ရုံ ဆိုလျှင်အကြောင်းမဟုတ်လှသော်လည်း အသက်ဇီဝတို့၏မူလဖြစ်သော မြစ်ရေကို ဖျက်နေသည်ဆိုမူကား အနာဂတ်မကောင်းလှပါ။


မည်သို့ဆိုစေ ဟဒ်ဆင်မြစ်ပြင်ကျယ်ကား နေခြည်တွင် ဘော်ငွေရောင်တဖိတ်ဖိတ်တောက်နေ၏။ သောကကိုသိမ်းဆည်းပြီး ဝေဒနာကိုတွန်းလှန်ကာ ရှင်သန်ရပ်တည်မှုကို ကြိုးပမ်း၍ စီးမြဲတိုင်းစီးဆင်းနေလေ၏။
ရထားလမ်းဘေးမှ ဆက်လက်ထွက်ခွာ၏။ တောလမ်းသို့ရောက်သည်။

ထိုနောက် ဟိုင်းဝေးသို့ရောက်ပြန်၏။ (၁၁) နာရီ (၂ဝ) မိနစ်တွင် Congers သို့ရောက်ရှိသည်။ စီးပွားရေးအဆောက်အဦတို့ကို တွေ့ရ၏။ (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် Rockland State Park ပန်းခြံသို့ရောက်ရှိသည်။ တောလမ်းတွင် မိုတယ်တချို့နှင့် ဆိုင်တချို့တွေ့ရ၏။ အိမ်လေးများကိုလည်း ကျိုးတိုးကျဲတဲတွေ့ရသည်။


(၁၂) နာရီ (၁၅) မိနစ်တွင် Business District မှ ထွက်ခွာသွားပါ၏။ (၁၂) နာရီခွဲတွင် Rockland Lake ဆိုင်းဘုတ်ကို တွေ့ရသည်။ ရေကန်မူမတွေ့ရပါ။ အတွင်းသို့ဝင်မှ ဖြစ်မည်။ ဆက်လျှောက်လျှင် ပန်းခြံ၏အခြားတဖက်ဖြစ်သောနေရာတွင် Rockland State Park အဝင်ဝကို ဖြတ်ကျော်သည်။ လမ်းတောက်လျှောက်လုံးသည် ပန်းခြံနယ်မြေသာဖြစ်ပါ၏။

မွန်းလွဲ (၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ဤပန်းခြံဘေး၌ပင် ယနေ့အဖို့ပြီးဆုံးသွားပါ၏။ ပန်းခြံသည် သဘာဝလျောက်ဖြစ်သော ဘေးမဲ့တောဖြစ်၏။ နေပြောက်ပင်မထိုးပါ။ အတွင်းတွင် အုံ့မှိုင်းနေ၏။ မြင့်မားသောတောင်ကုန်းလည်းရှိသည်။ သစ်တောဖုံးလွှမ်းနေ၏။ အေးအေးလူလေူနေသော သမင်ကလေးများကို လှမ်းတွေ့ရသည်။

မြန်မာ့အရေးပြီးဆုံးခြင်းသို့ရောက်လျှင် မိဂဒါဝုန်သို့ အလည်တခေါက်သွားရောက်ကြပါစို့။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive