စက်တင်ဘာလ (၃) ရက်၊ ၂ဝဝ၉
တောလမ်းတွင် လူလျှောက်စရာလမ်းကျဉ်းမြောင်းလှ၏။ တောကြီးနှစ်ခုကြားတွင် ရောက်နေခြင်းဖြစ်သည်။ ချုံနွယ်ပိတ်ပေါင်းများသည် လမ်းပေါ်သို့ထိုးထွက်နေသဖြင့် လမ်းမှာကျဉ်းသထက်ကျဉ်းသွားသည်။ ရှေ့မှကားလာလျှင် ရှောင်ရ၏။ ရပ်စောင့်နေရ၏။ ဆောလျင်စွာ ကဆုန်စိုင်း၍ မရနိုင်ပါ။
(၁ဝ) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင်Village of Upper Nyack ရွာသို့ရောက်သည်။ ငါးမိနစ် ဆက်လျှောက်သော် Nyack High School ကို ဖြတ်လျှောက်၏။ ရပ်ကွက်လေးတခုဖြစ်ပါသည်။ ဘုရားကျောင်း၊ အလုပ်ဌာနများ၊ ရုံးများဖြင့် သူ့နည်းသူ့ဟန်တော့ အဆင်ပြေမှုရှိပါသည်။
လမ်းဆုံမီးပွိုင့်သို့ရောက်လျှင် မြို့တမြို့ကဲ့သို့စည်ကားလာသည်။ လမ်းဆုံတို့၏သဘောအရ ရှိသင့်သောဆိုင်များ၊ ကန္နားများ အစုံအလင် ရှိ၏။ (၁ဝ) နာရီ (၂ဝ) မိနစ်တွင် Village of South Nyack သို့ ရောက်ရှိသည်။ ဆယ့်ငါးမိနစ်ဆက်လျှောက်သော် Upper Grandview သို့ ရောက်၏။
စည်ကားသောရွာနယ်မြေမှသည် တောလမ်းသို့ရောက်၏။ ယနေ့လျှောက်သောလမ်းသည် လူသွားလမ်း ကျဉ်းမြောင်းသောနေရာများချည်းဖြစ်၏။ လိုကယ်ဟိုင်းဝေးလမ်းများဆုံရာကို ဖြတ်၍ ကျော်၍ 9 W လမ်း အတိုင်းလိုက်ရသည်။ ကုန်းတက်ကုန်းဆင်းကိစ္စကလည်း မပြီးပြတ်သေး။ တက်လိုက်ဆင်းလိုက် ရှိတုန်း ပင်ဖြစ်ပါသည်။
ဟဒ်ဆင်မြစ်ကြီးကတော့ ခပ်တည်တည်ပင်။ ရှည်လျားလှသော တံတားတစင်းဖြတ်ထားသည်ကို ကုန်းပေါ်မှ လှမ်း၍တွေ့ရသည်။ ကုန်းသည် အတော်အတန်မြင့်သောကြောင့် မြစ်၏ရှုခင်းကို အပြန့်ကျယ်စွာတွေ့ရ၏။ ဤတံတားသည် Tappan Zee Bridge တံတားဖြစ်ပါ၏။ ကျွန်ုပ်တို့်လျှောက်နေသောလမ်းသည် တခါတရံ မြစ်နှင့်နီးလာလိုက်၊ တခါတရံဝေးသွားလိုက်ဖြစ်၏။
(၁၁) နာရီတွင် ခဏနားကြသည်။ ဆက်လက်ချီတက်သော် (၁၁) နာရီ (၁၅) မိနစ်တွင် Village of Piermont ဆိုင်းဘုတ်ကို တွေ့ရသည်။ ဝင်ဝင်ချင်းပင် လမ်းပြင်နေသည်ကိုတွေ့ရ၏။ တူးဝေးတွင် တလမ်းကို ပိတ်ထားပြီး၊ ကားများကို အချက်ပြ၍ မောင်းနှင်စေသည်။ ဤသို့ကျပ်ကျဉ်းသောနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
သို့သော်ကောင်းသွားပါသည်။ အကြောင်းမူ လမ်းပြင်အင်ဂျင်နီယာအဖွဲ့မှ ခေါင်းဆောင်ဖြစ်ဟန်တူသူသည် ကျွန်ုပ်တို့ကိစ္စကို စိတ်ဝင်စားမှုရှိ၏။ မည်သို့သောအကြောင်းဖြစ်သည်ကို မေးမြန်း၏။ မြန်မာပြည်သည် မည်သည့်နေရာတွင်ရှိသည်ကိုလည်း ဖြုန်းကနဲဆို ထိုသူတို့မသိပေ။ ရုရှလူမျိုးများဖြစ်ဟန်တူ၏။
ရှင်းလင်းပြပြီး၊ လက်ကမ်းစာစောင်ကိုလည်းပေးပြီး၊ ဘန်ကီမွန်းထံတင်မည့်စာကိုလည်းပြပြီးသော် ရှင်းလင်းသွားပါ၏။ ခေါင်းဆောင်လုပ်သူကပင် တောင်အာဖရိကနိုင်ငံ၏ အကြောင်းကို ဥပမာ ပြောပြနေပါသေးသည်။ လက်မှတ်ထိုးပြီးလျှင် သူ၏အဖွဲ့ကိုလည်းထိုးစေ၏။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ကို များစွာထောက်ခံအားပေးပါသည်။ ကြံကြံဖန်ဖန်ရှိလှသောလမ်းတွင် ရရှိသော လက်မှတ်များဖြစ်ပါ၏။ နှုတ်ဆက်ပြီးသော် ဆက်လက်ထွက်ခွာကြ၏။
လမ်းကလည်းကျဉ်း၊ လမ်းနှစ်ဖက်စလုံး ကားများကလည်း ရှုပ်ထွေးနေသည့်ကြားက ကားပေါ်မှနေ၍ ဆိုင်းဘုတ်လှည့်ပြခိုင်းသူများလည်းရှိ၏။ အားပေးချင်၍ဖြစ်ပါသည်။ မည်သို့ဖြစ်စေ လှိုက်လှဲစွာကြိုဆိုပါသည်။ မိုင်ပေါင်း (၉ဝဝ) ကို လျှောက်နေကြသည်မှာ ဤသည်ပင်လျှင် အကြောင်းမဟုတ်ပေလော။ လူများများသိလေ ကောင်းလေပင်ဖြစ်၏။
တောကြီးအုပ်မိုးထားသဖြင့် တောရိပ်တောင်ရိပ်တို့ဖြင့် အေးချမ်းလှ၏။ (၁၁) နာရီခွဲတွင် Tappan Zee Elementary ကျောင်းကို ဖြတ်ကျော်သည်။ ဆက်လက်၍ ကွန်ဒိုအိမ်ယာများကို ဖြတ်သည်။ ဟိုင်းဝေးမှနေ၍ အတွင်းလမ်းသို့ဝင်သော် ၎င်းရပ်ကွက်သို့ရောက်မည်ဖြစ်သည်။
နေ့လည် (၁၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် Sparkill Business District သို့ဝင်ရောက်သည်။ အတွင်းလမ်းသို့ဝင်ခြင်းမဟုတ်။ လိုကယ်လမ်းအတိုင်းလျှောက်ခြင်းဖြစ်သောကြောင့် စီးပွားရေးရပ်ကွက်ကို မတွေ့ရပါ။ ရှည်လျားသော တံတားတခုကိုဖြတ်သည်။ ဘေးနှစ်ဖက်ကို အကာအရံ အခိုင်အမာ မြင့်စွာ ပြုလုပ်ထား၏။ ဤတံတားသည် ရပ်ကွက်တခု၊ တောအုပ်တခုကို ကျော်ခွထားသောတံတားဖြစ်သည်။
(၁၂) နာရီတွင် ခဏနားကြသည်။ တောရိပ်ခင်းသော မြိုင်လယ်တကြောဖြစ်၏။ ဆက်လက်၍ ချီတက်သော် (၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Boro of Alpine သို့ဝင်ရောက်သည်။ ထိုနောက် တဆက်တည်းပင် Wecome to New Jersy ဆိုင်းဘုတ်ကို တွေ့ရ၏။ နယူးဂျာစီသို့ဝင်ရောက်ပြီ။ ကုန်းကြောတကြောကို တက်၏။ ကောင်းချီးသြဘာပေးသူများရှိသည်။ ရေယူမလားဟု မေးမြန်းသူများရှိ၏။ ကားပေါ်မှလှမ်း၍ အားပေးနှုတ်ဆက်သူများမှာ နေ့တိုင်းလိုလိုရှိပါ၏။
(၁ဝ) နာရီခွဲတွင် Ruckman Rd လမ်းကို ကျော်ပြီးနောက် Kiku Alpine ဆိုင်တခုရှေ့တွင် ယနေ့အဖိုးပြီးဆုံးသည်။ စားသောက်ဆိုင်ကို လှပသော အဆောက်အဦပုံစံဆောက်ထား၏။ ဆိုင်နှင့်ပင်မတူပါ။ တောလမ်းတွင် အမောအပန်းဖြေရန် ဆောက်ထားခြင်းဖြစ်ဟန်တူသည်။ မနက်ဖြန်တွင် ဝါရှင်တန်တံတားကို ဖြတ်ကျော်ကြပါစို့။
လမ်းလျှောက်ချီတက်ရဲဘောတဦးတင်ပြသည်။
No comments:
Post a Comment