ခရီးရှည်ချီတက်ခြင်း (၈၄) ရက်မြောက်
သြဂုတ်လ (၃ဝ) ရက်၊ ၂ဝဝ၉
သြဂုတ်လ (၃ဝ) ရက်၊ ၂ဝဝ၉
နံနက် (၈) နာရီခွဲခါနီးတွင် Continental လမ်းမှ စတင်ထွက်ခွာသည်။ တောင်ကြောကြီးကို စိတ်ကူး၍ တက်ရ မည်ဖြစ်သည်။ စိတ်ကူးယဉ်၍ပင်အချိန်မရလိုက်။ စထွက်သည်နှင့် တောင်ကို စတက်ရတော့၏။ လိုကယ် ဟိုင်းဝေးလမ်းသည် ဤနေရာတွင် လမ်းလျှောက်ရန်အတွက် မသင့်တော်သော နေရာဖြစ်နေသည်။
တောက်ကြောကို တောက်လျှောက်တက်ပြီး (၉) နာရီထိုးလျှင် တောင်ကုန်းထိပ်တခုသို့ရောက်ရှိသည်။ ဤနေရာတွင်ခဏနားကြသည်။ တောတောင်တို့ကို မြူတို့ဖုံးလွှမ်းထားသကဲ့သို့ ချောက်အတွင်းတွင်လည်း မြူတို့ဖြင့်အတိပြီးသောကြောင့် ပင်လယ်လော ကောင်းကင်လော ခွဲခြား၍မသိနိုင်ပါ။ ဖြူတူတူမှလွဲ၍ အရာ တခုကိုမျှမမြင်ရပါ။ ချောက်အတွင်းမှတက်လာသော အနီးရှိတောင်ထွတ်တခုကိုတွေ့ရသည်။ မြူတို့ ရစ်ဆိုင်း နေ၏။
“မြူခိုးရယ်မှောင် ဟိုတောင်ကြော့ခါးပန်း ရွှေဥဒေါင်းငယ်တို့” ဟု စာကဆိုရာ လောလောဆယ် တောင်ခါးပန်း တွင် မြူခိုးတို့မှောင်နေပြီ၊ ကျွန်ုပ်တို့ထမ်းလာသော အလံသည် ရွှေဥဒေါင်းပင်မဟုတ်ပါလား။ လမ်းတွင် တွေ့သော ဝါးရုံတောမှ ဝါးသုံးချောင်းကို ရဲဘော်မင်းဆွေဦးက အမှတ်တရ ခုတ်ယူလာရာ စာဆို၏ကဗျာနှင့် ကျွန်ုပ်တို့အခြေအနေသည် များစွာကိုက်ညီသွားလေတော့၏။ ဤလမ်းတွင် ကြံကြံဖန်ဖန်ဝါးရုံကို တွေ့ရခြင်း ဖြစ်သည်။
ဤတောင်ကြားလမ်းသည် ကျောက်တောင်ကြီးကြားတွင်ရှိသောလမ်းဖြစ်သည်။ အမည်မှာ ‘လွတ်မြောက်ရေး လမ်း Freedom Rd ဟူ၏။ တောင်ထိပ်ရှိဆိုင်းဘုတ်တွင်ရေးထိုးထားသည်မှာ အောက်ပါ အတိုင်းဖြစ်သည်။
Freedom Rd
The Route Traveled by the 52 American Hostages from Stewart Airport to West Point after Their Release from Captivity in Iran/ January 25, 1981
The Route Traveled by the 52 American Hostages from Stewart Airport to West Point after Their Release from Captivity in Iran/ January 25, 1981
(၁၉၈၁) ခုနှစ်တွင် အမေရိကန် ၅၂ ယောက်သည် အီရန်နိုင်ငံတွင် ဓါးစာခံအဖြစ်မှ ပြန်လည်လွတ်မြောက် လာသောအခါ ဤလမ်းမှခရီးသွားကြသည်ဆို၏။ ကျွန်ုပ်တို့မူကား အမိမြန်မာပြည်လွတ်မြောက်ရေးအတွက် ဤလမ်းမှ ချီတက်နေကြခြင်းဖြစ်သည်။
ခဏနားပြီး ပြန်ထွက်သည်နှင့် မြူထဲသို့တိုးဝင်သွားရ၏။ ကားအသွားအလာသတိထားရသည်။ မီးထိုးပြီး မောင်းနေကြ၏။ (၉) နာရီခွဲတွင် တောင်ကြောတနေရာရောက်သော် Town of Highlands ဟူသော ဆိုင်းဘုတ်ကို တွေ့ရသည်။ ဘာမျှမရှိသောနေရာ မြို့ဆိုင်းဘုတ်တပ်ထားခြင်းမှာ ဆန်းတော့ဆန်းနေ၏။
ဆိုင်းဘုတ်ကိုလွန်လျှင် နေသည်လင်းကနဲပွင့်လာ၏။ သို့သော်ရှေ့လျှောက်သော် မြူတို့အကြီးအကျယ် ပိတ်နေသဖြင့် ချီတက်မှုကို ရပ်ဆိုင်းထားရသည်။ အကြောင်းသော် အလွန်အန္တရာယ်ကြီး၏။ ရဲဘော်မသေ သေသော်ငရဲမလားဘဲ တခါထဲနတ်ပြည်ရောက်သွားနိုင်သည်။ တဖန် နေရောင်လင်းလာပြန်၏။ သို့သော် နေရောင်ကတခြား မြူဖုံးနေသည်က တခြားသာဖြစ်သည်။
ဤကျောက်တောင်ကြီးအောက်တွင် အဘယ်သို့သော ကျောက်သံပတ္တမြားတို့ကို နဂါးတို့ဝှက်ထားဘိသနည်း။ ကျောက်တောင်ကြောကြီးကို တောအုပ်ဖြင့်ဖုံးလွှမ်းထားသည်။ လက်ဝဲဘက်ရှိတောကိုလည်း မြင့်မားသော သံကြိုးတောက်လျှောက်ခတ်၍ US Military Reservation ဟု ဆိုင်းဘုတ်ရေးထားသည်။
နေအပွင့်တွင် နှင်းအပျယ်ကို စောင့်ပြီးနောက် ဝိုးတဝါးကြားတွင်ပင် ဆက်လက်ချီတက်ကြ၏။ သည်းထိပ် ရင်ဖိုရှိလှသော တောင်ခါးပန်းစောင်းအကွေ့တခုကို လျှောက်ရသည်။ လူတစုသည် မြူအထုတွင် အလံထူ၍ တရိပ်ရိပ်ရွေ့လျားနေသည်ကို ကားများကတော့အမြင်ကပ်မည့်ပုံပေါ်သည်။ အကြောင်းမူ ဤကျပ်တည်း လှသော တောင်ကြောလမ်းအကွေ့အကောက်တွင် မြူပိတ်နေသဖြင့် လမ်းကို သတိထား နေရသည် မဟုတ်လော။
အတန်ငယ်လျှောက်မိလျှင် နေသည်အတန်အသင့်လင်းလာ၏။ သို့ဖြင့် ကျောက်သံပတ္တမြားကြော သို့မဟုတ် နာဂါဂီရိ ဟုဆိုအပ်သော နဂါးပြည်မှသက်သော် မြေအပြင်သို့ရောက်၏။ မြေပြန့်ဆိုသော်လည်း ဤဒေသ သည် တောင်ကုန်းဒေသဖြစ်သောကြောင့် တောင်ကြောတနေရာတွင်သာ ရှိနေပါသေးသည်။
ဆိုင်ကယ်အုပ်စုများ၊ ကားများကလည်း တဝီးဝီးမောင်းနှင်လျက်ရှိသည်။ ကားမောင်းရန်အတွက်သာ ရည်ရွယ်သောဤလမ်းတွင် လျှောက်နေရသဖြင့် နည်းနည်းတော့ခက်ခဲသည်။ (၁၁) နာရီတွင်ခဏနားကြသည်။ ထို့နောက်ဆက်ထွက်သော် (၁၁) နာရီ (၂၅) မိနစ်တွင် West Point Museum ဟူသောဆိုင်းဘုတ်ကို တွေ့ရသည်။
နေ့လည် (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် Fort Montgomery အရပ်သို့ရောက်၏။ ဆိုင်ကယ် အုပ်စုတစုကို တွေ့ရသည်။ သူတို့သည် ဓါတ်ဆီဆိုင်တဆိုင်တွင် ခဏနားကြ၏။ သူတို့လည်း တစုံတခုသော ခရီးကို ချီတက်နေကြဟန်တူသည်။ (၁၂) နာရီတွင် Highlands မြို့၊ Patriot Garden ယနေ့အဖို့ ခရီးစဉ်ပြီးဆုံး သည်။ ဘေးတွင် တောရိပ်တို့ရှိသဖြင့် အေးချမ်းလှသော ရေကန်တကန်ကို တွေ့ရသည်။
ယနေ့သည် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ Beacon မြို့ မိတ်ဆွေတယောက်၏အိမ်တွင် တည်းခိုနေရာမှ နယူးဂျာစီသို့ ပြောင်းရွှေ့တည်းခိုသောနေ့ဖြစ်ပါသည်။ မနက်ဖြန်တွင် Highlands မြို့မှ ပြန်လည်စတင်ပါဦးမည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment