ခရီးရှည်ချီတက်ခြင်း (၆၇) ရက်မြောက်
သြဂုတ်လ (၁၂) ရက်၊ ၂ဝဝ၉
နံနက် (၉) နာရီတွင် Little Fall အဝင်ဝမှ စတင်ထွက်ခွာသည်။ မြို့ကလေးကို ဖြတ်ကျော်ခြင်းမဟုတ်။ အပြင် လမ်းမအတိုင်းချီတက်ခြင်းဖြစ်သည်။ တောလမ်းသက်သက်ဖြစ်၏။ တိတ်တိတ်ဆိတ်ဆိတ်ရှိလှသည်။ ကွင်းပြင်များ၊ ပြောင်းခင်းများကို တွေ့ရ၏။
လမ်းတလျှောက်တွင် ရှည်လျားလှသော ကုန်းတက်ကုန်းဆင်းတခုကို ဖြတ်ကျော်ရ၏။ နွားခြံများကိုလည်း တွေ့ရသည်။ စထွက်သည်နှင့်ပင် ကုန်းတက်ကိုကြုံရခြင်းဖြစ်သည်။ တော်ပါသေးသည်။ နေမမြင့်ခင် လျှောက်ရခြင်းဖြစ်သောကြောင့် ပင်ပန်းခြင်းမရှိလှပါ။
၎င်းကုန်းအတက် ကုန်းအဆင်းကို ကျော်ပြီးနောက် (၁ဝ)နာရီခွဲတွင် ခဏနားကြသည်။ ဤနေရာသည် Danube မြို့ကလေးဖြစ်ပါ၏။ နားနေစဉ် လူတဦးရောက်လာပါသည်။ ကျွန်ုပ်တို့၏ချီတက်မှုကို စိတ်ဝင်စားသဖြင့် လာရောက်မေးမြန်းစုံစမ်းခြင်းဖြစ်သည်။ မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ရှင်းလင်းပြောပြ၏။ မိုင် (၉ဝဝ) ခရီးကို အံ့သြနေသည်။ ထောက်ခံအားပေး၏။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လည်း လက်မှတ်ထိုးပေးပါသည်။
ဆက်လက်၍ချီတက်ကြသည်။ တောမကျ၊ မြို့မကျသောနယ်မြေဖြစ်သည်။ သို့သော်တောဆန်၏။ E 5 S လမ်းအတိုင်းချီတက်နေစဉ် ကားတစီးရပ်ကြည့်ပြီး ကျွန်ုပ်တို့၏ဆိုင်းဘုတ်ကို ဖတ်ရှုပါသည်။ နေသည် တဖြည်းဖြည်းပူလာ၏။ တောင်ကုန်းသက်သက်ဖြစ်သည်။ လွင်တီးခေါင်အရပ်ဖြစ်၏။ ဖြတ်သန်းသွားသော ထရပ်ကားများ၊ ကားများမှ လက်ပြနှုတ်ဆက်အားပေးမှုများရှိပါသည်။
(၁၁) နာရီ (၃၅) တွင် Montgomery County ဆိုင်းဘုတ်ကို ဖြတ်ကျော်၏။ ကုန်းထိပ်တွင် တောက်လျှောက်ချီတက်နေခြင်းဖြစ်ပါသည်။ ဤကုန်းမှနေ၍ အဝေးဘေးဘီသို့မျှော်ကြည့်သော် တခြားသော ကုန်းတန်းများသည်ပင် နိမ့်နေသယောင်ဖြစ်၏။ (၁၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် ရှားပါးသော သစ်ရိပ် တခုတွင်ခဏနားကြသည်။
သွေးမအေးခင် ဆက်လက်ထွက်ခွာ၏။ လယ်ကွင်းများ၊ နွားခြံများဖြင့်ပြီးသော စိုက်ပျိုးရေးမွေးမြူရေး နယ်မြေဖြစ်သည်။ တချို့လူများသည် မိမိတို့၏လယ်တွင် ကောက်ရိုးသိမ်းခြင်း၊ ထွန်စက်နှင့်တူသော စက်များဖြင့်အလုပရှုပ်နေကြခြင်းများကို တွေ့ရသည်။ ကားများပေါ်မှနေ၍ ကျွန်ုပ်တို့အဖွဲ့ကို လှမ်း၍ ဓါတ်ပုံရိုက်ခြင်းများရှိသည်။ တချို့ကားများသည် တပတ်ကွေ့လာပြီး ကြည့်ရှုခြင်းများရှိ၏။
ပူပြင်းလှသောနေ့လည်အချိန်ဖြစ်၍ တံလျှပ်များတရိပ်ရိပ်ထနေသည်။ နေရောင်ကို လရောင်မှတ်ပါလို့ ကတ္တရာလမ်းခေါင်ခေါင်မှာ အမောင်ခရီးသွားတို့သည် အားမာန်ကိုတင်း၍ နင်းလျှောက်ကျော်ဖြတ်နေကုန်၏။ (၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ပြီးဆုံးလိုက်ကြသည်။ သစ်ပင်အရိပ်ရှိသောတနေရာတွင်နေ၍ သတင်းမှတ်တမ်းကားကိုစောင့်ကြသည်။ သူတပါးအိမ်ခြံနယ်မြေဖြစ်သောကြောင့် ရှည်ရှည်နေရန် မသင့်တော်သဖြင့် ဆက်၍လျှောက်ကြသည်။ ဆက်လျှောက်၍ သိပ်မကြာခင်တွင် ကောက်ရိုးသိမ်းနေသော ဇနီးမောင်နှံကို တွေ့ရသည်။ ကျွန်ုပ်တို့အဖွဲ့ကိုတွေ့လျှင် ရေယူဦးမလားမေးပြီးနောက် ခပ်လှမ်းလှမ်းရှိအိမ်သို့ အပြေးသွား၏။
လမ်းလျှောက်အဖွဲ့ကလည်းဆက်လျှောက်နေ၏။ အိမ်နားရောက်လျှင်ရေဗူးများကိုင်ပြီးစောင့်နေကြသည်။ သားအမိသားအဖ (၄) ဦးဖြစ်သည်။ ရေလှူ၏။ အားပေး၏။ လက်မှတ်များလည်းထိုးပေးကြပါသည်။ ရေပြတ်ချိန် တွင် ရေရရှိသဖြင့်အဆင်ပြေလှပါသည်။ ထိုနောက် မျက်စိတဆုံးတွင် မြင်နေရသော ကုန်းကွေ့တခုကို ကျော်အောင် ဆက်လက်ချီတက်ကြ၏။ ကြားထဲတွင်နားရန် အရိပ်ဟူ၍မရှိပါ။
အကွေ့ကိုလွန်လျှင် အရိပ်ရှိသောလမ်းဘေးတနေရာကိုတွေ့သဖြင့် ပိုင်ပိုင်နိုင်နိုင်နားလိုက်ကြသည်။ မွန်းလွဲ (၂) နာရီ (၁၅) အချိန်ဖြစ်ပါသည်။ မနက်ဖြန် ဤနေရာမှ ဆက်လက်ချီတက်ပါဦးမည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment