Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Thursday, August 13, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၆ ရက်မြောက်နေ့ ခရီး 66th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၆၆) ရက်မြောက်
သြဂုတ်လ (၁၁) ရက်၊ ၂ဝဝ၉




ခရီးရှည်ချီတက်ခြင်းအဖွဲ့၏ လမ်းလျှောက်သောနေ့ပေါင်းသည် (၂) လနှင့် (၆) ရက်ရှိပြီဖြစ်၏။ ဤနေ့တွင် နံနက် (၈) နာရီ (၁၅) မိနစ်တွင်စတင်ထွက်ခွာသည်။ မြို့နှင့်တူသော ဧရိယာကို ဖြတ်လျှောက်ခြင်းဖြစ်သည်။ စည်ကားမှုရှိသောနယ်မြေဖြစ်ပါ၏။ စတင်ချီတက်သည်မှ ရွာနယ်နမိတ်များသည် စဉ်ဆက်မပြတ်ပါ။

(၉) နာရီ (၅) မိနစ်တွင် Village of Ilion သို့ရောက်ရှိသည်။ ဤရွာသည်လည်း ပေါ့သေးသေးမဟုတ်ပါ။ သူ့နည်းသူ့ဟန်ဖြင့် အသက်ဝင်လှုပ်ရှားနေသောရွာ ဖြစ်ပါ၏။ ရွာကလေးဖြစ်သော်လည်း နေချင့်စဖွယ် ရှိပါသည်။ လူနေအိမ်ခြေသစ်ရိပ်ဝါးရိပ်တို့ဖြင့်လည်းပြည့်စုံပါသည်။ ဤရွာကိုဖြတ်ကျော်ပြီးနောက် E Main St တွင် ခဏနားကြသည်။ ထိုနေရာသည် Ilion ရွာအထွက်ဖြစ်၏။ ဆိုင်းဘုတ်တွင်ဖေါ်ပြထားသည်မှာ လက်နှိပ်စက်ကို ၁၈၇၃ ခုနှစ်တွင် ဤရွာတွင် စတင်ထုတ်လုပ်သည် ဆိုပါသည်။

ရွာမှထွက်ပြီးနောက် Village of Mohawk သို့ဝင်ရောက်သည်။ ၎င်းရွာသည်လည်း စည်ကားသောရွာဖြစ်ပါ သည်။ ဟိုင်းဝေးလမ်းများ၊ စီးပွားရေးနေရာများကို တွေ့ရ၏။ လမ်းတလျှောက်တွင် ကားများမှ နှုတ်ဆက် အားပေးသူများ၊ ကားထဲမှ ဓါတ်ပုံလှမ်းရိုက်သူများရှိပါသည်။ သို့ဖြင့် ရွာနယ်မြေကို ကျော်၍လာကြ၏။

(၁ဝ) နာရီ (၅) မိနစ်တွင် 5 S လမ်းကြောင်းပေါ်သို့ပြန်ရောက်သည်။ Town of German Flatts ဆိုင်းဘုတ်ကို ကျော်ဖြတ်၏။ ကြည်လင်အေးမြသော ရေကန်ကြီးတကန်ကို တွေ့ရသည်။ မကျယ်ဝန်းသော်လည်း ရှည်လျားလှ၏။ ကျက်သရေရှိသောမြစ်တစင်းဟုဆိုရမည်။ တောလမ်းသို့တဖန်ရောက်ကြခြင်းဖြစ်၏။ စက်ဘီးသမားများ၊ ကားများ၏ နှုတ်ဆက်ခြင်းများကို တွေ့ရသည်။ ထိုသူတို့သည် ယခုအခါ ကမ္ဘာကျော်နေသော ဒေါ်အောင်ဆန်းစုကြည်အကြောင်းနှင့် မြန်မာစစ်အုပ်စု၏ ယုတ်မာပုံများကို သိပြီးဟု ယူဆစရာရှိပါသည်။

(၁ဝ) နာရီ (၁၅) မိနစ်တွင် ရေကန်ဘေးတောလမ်းတနေရာတွင် ခဏနားကြ၏။ ရေကန်ကိုယှဉ်လျက် လမ်းကလေးတကြောင်းရှိ၏။ ကျွန်ုပ်တို့သည် လမ်းမအတိုင်းလျှောက်ကြခြင်းဖြစ်သည်။ ရှည်လျားသော အကွေ့အကောက် အတက်အဆင်းများရှိ၏။ တောအုပ်တို့အတိပြီးသောနယ်မြေဖြစ်ပါသည်။




ဆက်လျှောက်ပြီးနောက် (၁၁) နာရီတွင် ပုဂ္ဂိုလ်တဦးရောက်လာပါသည်။ ကျွန်ုပ်တို့၏ချီတက်မှုကို လေးစား သောအားဖြင့် လာရောက်နှုတ်ဆက်ခြင်းဖြစ်သည်ဆို၏။ ထောက်ခံအားပေးခြင်းဖြစ်ပါသည်။ ရေခဲမုန့်ဆိုင်ရှင် တဦးဖြစ်၏။ အရှေ့ (၄) မိုင်၊ သို့မဟုတ် (၅) မိုင်တွင် သူ့ဆိုင်ရှိကြောင်း၊ သူ့ဆိုင်တွင် ခဏ နားပါးရန် ဖိတ်မန္တက ပြု၏။ ကျွန်ုပ်တို့၏ လမ်းလျှောက်သတင်းကိုလည်း လိုကယ်သတင်းစာတွင် ဖေါ်ပြပေးစေလိုပါသလားဟု မေးမြန်းပါသည်။ ဆက်ဆက်ချီတက်လာရန်ဖိတ်ခေါ်ပြီးနောက် ပြန်လည်ထွက်ခွာ သွားပါသည်။

နေ့လည် (၁၂) နာရီ (၂ဝ) မိနစ်တွင် Town of Little Falls ၏ အဝင်ဝတွင် ယနေ့အဖို့ ကျွန်ုပ်တို့ ခရီးစဉ် ပြီးဆုံးသည်။ ရွာကလေးသည် အတွင်းလမ်းသို့ဝင်ရောက်ရသောလမ်းတွင်ဖြစ်၏။ မနက်ဖြန်တွင် လမ်းမအတိုင်း ဆက်လျှောက်ရဦးမည်ဖြစ်သည်။ ယနေ့ဆိုသော် မြန်မာပြည်တွင် စစ်အုပ်စုတို့သည် ယုတ်မာမှု သမိုင်းမှတ်တိုင် သစ်တခုကို စိုက်ထူလိုက်ပြန်ပြီဖြစ်၏။

ခိုးသူတို့နေရာတွင် သူတော်ကောင်းကို နှိပ်စက်ခြင်းသည် ဖြစ်လေ့ဖြစ်ထ ရှိတတ်သော ကိစ္စတရပ်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်တွင် နှစ်ပေါင်းများစွာနေခဲ့ရပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အရာခပ်သိမ်းကို စွန့်လွတ်လျက် မြန်မာပြည်ဒုက္ခဘုံတွင် လာရောက်၍ လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ လူပီသရေးတို့အတွက် တိုက်ပွဲဝင်ပေးနေသူ အမျိုးသားခေါင်းဆောင်တဦး ဖြစ်၏။ ထပ်မံဖမ်းဆီးထောင်ချခြင်း စသောယခုကိစ္စသည် လူအလူနကလိန်ကခြုံ ကြောင်သူတော်တို့၏ သူရဲဘောကြောင်မှု၊ သတ္တိဟူ၍ တပြားဖိုးမှမရှိမှုတို့ကို ပြခြင်းသက်သက်မဟုတ်။ ခိုးသားငါးရာဂိုဏ်း၏ နောက်ဆုံးလမ်းကို လက်မှတ်ထိုးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းသည် ရှင်းလင်းလှပါ၏ ‘အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပါ’။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive