ခရီးရှည်ချီတက်ခြင်း (၅၈) ရက်မြောက်
သြဂုတ်လ (၁) ရက်၊ ၂ဝဝ၉
နံနက် (၈) နာရီခွဲတွင် East Homer နယ်မြေမှ စတင်ထွက်ခွာသည်။ အရှေ့တူရူတွင် တောင်တန်းတို့ကို မြူခိုးတို့ဖြင့် ရစ်သိုင်းထား၏။ တောက်ပသော နေခြည်သည် ထိုမြူအထုကို မဖေါက်ထွင်းနိုင်။ ထိုဝေးဝေးတွင် လောကဓါတ်သည် မပီဝိုးတဝါးရှိလှ၏။ မည်သို့ရှိသည်ဖြစ်စေ ခရီးသည် ဆက်လက်ရန်သာရှိသည်မဟုတ်လော။ တောနယ်ဖြစ်သည့်အတိုင်း လူသူလေးပါးတို့ကို တွေ့ရရန် အလွန်ခက်ခဲသော နယ်မြေဖြစ်ပါဘိ။
ထိုသို့သဘောရှိသောနေ့တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ငန်းဖြစ်သော ခရီးရှည်ချီတက်ခြင်းကို တစိုက်မတ်မတ်ချီတက်လာပါ၏။ ဤအချိန်သည် အမှန်၌ မစောတော့သောအချိန်ဖြစ်၏။ သို့သော် ထို့ထက်ပို၍ စောစွာချီတက်သည်ဆိုပါအံ့၊ ဤအခြေအနေ၌ လမ်းကိုပင် မြင်ရမည်မဟုတ်ပါ။ ကျက်သရေအပေါင်းကို ဆောင်သော နံနက်စောစောသည် စိမ်းလန်းစိုပြေစွာရှိ၏။ နေခြည်သည် မိုးမြူကို နှိမ်းနင်းရန် အားအပြည့်ဖြင့် ရှိပါ၏။
ဒေါင်းအလံသည် တောလမ်းတွင် တရွေ့ရွေ့ချီတက်လာနေပါ၏။ တောင်တို့သည် မြူခိုးကိုမစွန့်သော်လည်း နေသည် ရဲရဲရင့်ရင့်လင်းလက်လာပါ၏။ (၉) နာရီထိုးပြီးသော် ကျွန်ုပ်တို့အဖွဲ့သည် Truxton ဆိုင်းဘုတ်ကို ကျော်ဖြတ်၏။ တခါတရံ မြို့ကလေးမှန်းမသိ၊ ရွာမှန်းမသိ ဖြစ်တတ်၏။ အကြောင်းမူ အနေအထားတို့မှာ တစုံတရာပြောင်းလဲသွားခြင်းမရှိ။ တောလမ်းသည် တောလမ်းသာ ဖြစ်နေသောကြောင့် တည်း။
မြို့ကလေးတခုသို့မဝင်မီ ၎င်းနှင့်အမည်တူသော ရွာတရွာကို ဖြတ်ကျော်ရမြဲဖြစ်၏။ တခါတရံနီး၏။ တခါတရံဝေး၏။ တခါတရံ ဘယ်အချိန်က ထွက်သွားမှန်းပင် မသိနိုင်ပါ။ နေသည် တဖြည်းဖြည်းပူလာ၏။ တောအရပ်သည်လည်း မိမိ၏ ဂုဏ်အင်္ဂါကိုဆောင်ရန် တောင်ကုန်းတောင်ဆင်းများကို ပိုင်ဆိုင်ထား၏။ ယင်းတောင်ကုန်းများကို တက်လိုက်ဆင်းလိုက်ဖြင့် (၉) နာရီခွဲတွင် ခေတ္တနားကြသည်။ ဆက်လျှောက်ကြ၏။ (၁ဝ) နာရီ (၁ဝ) မိနစ်တွင် Town of Cuyler ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။
နေသည် ပူ၍ပူ၍လာ၏။ ဆက်လက်၍လျှောက်ကြရာ (၁၁) နာရီ (၁၅) မိနစ်တွင် ထူးထူးခြားခြားတွေ့ရသော အရိပ်တွင် ခေတ္တနားကြ၏။ ထိုသို့နားနေစဉ် ပုဂ္ဂိုလ်တဦးရောက်လာပါသည်။ ရေနှင့်အသားညှပ်ပေါင်မုန့်များ ပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပိုစတာပုံကို မြင်သည်နှင့် အကြောင်းစုံကိုမေးမြန်းပါသည်။ မြန်မာပြည်အကြောင်း တစုံတရာသိရှိပြီးသူဖြစ်ပါသည်။ ကမ္ဘာ့အရေးကိုလည်း သိရှိသူဖြစ်ပါသည်။
ထိုသူသည် ကျွန်ုပ်တို့လမ်းလျှောက်ချီတက်သမားများကိုလည်းကောင်း မြန်မာပြည်သူလူထုတို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း များစွာ စာနာသူဖြစ်၏။ ထိုကဲ့သို့သောသူမျိုး များစွာတွေ့ရှိရပါစေ။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ထိုးပေးပါသည်။ ခေါင်လှသောအရပ်၊ လူသူနည်းပါးလှသောနယ်မြေတွင် ထိုကဲ့သို့သောလူမျိုးကိုလည်း တွေ့ရသေးသည်ဖြစ်ရာ အဆင်ပြေလှပါသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် ယခုအခါ မြန်မာပြည်သားများသာမက၊ ကမ္ဘာ့လူသားများကပါ အထူးအာုံစိုက်ရသော ခေါင်းကြီးပိုင်းဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်အရ လွတ်လပ်ရေးသည် အလကားမရ၊ ဒီမိုကရေစီရေးသည် လူတိုင်းတွင်တာဝန်ရှိသော ကိစ္စရပ်ဖြစ်၏။
ကျွန်ုပ်တို့သည် နေပူမှ တောက်လျှောက်လာခဲ့ရသဖြင့် ချမ်းမြသောသစ်ရိပ်၊ စိမ်းမြသောမြက်ခင်းတွင်၊ အေးမြသောရေကို သောက်ရသည်ဖြစ်ရာ စုံနံသာမြိုင် တောချင်းတပုဒ်ကို သီလိုက်ချင်၏။ ထို့ထက်ပို၍ ကောင်းမွန်သောအရာကား မြန်မာ့အရေးကို ဤအရပ်မှလူများ သိရှိကြခြင်းပင်ဖြစ်တော့၏။
တရားသောအမှုကို ကမ္ဘာအရပ်ရပ်မှ တရားသောသူတို့ သိရှိကြကုန်၏။ အကျဉ်းထောင်၌ရှိသော ကျွန်ုပ်တို့၏ဦးခေါင်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူတို့အတွက်အလင်းကို အစဉ်ဆောင်လျက်ရှိ၏။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါကုန်လော့။
(၁၂) နာရီခွဲခါနီးအချိန်တွင် Madison County သို့ရောက်ရှိသည်။ (၁၂) နာရီ (၃၅) မိနစ်တွင် Cortland လမ်းနှင့် Utica လမ်းဆုံရာတွင် ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။ ဤရွာသည် တစုံတရာ သာယာသော ရွာဖြစ်ပါ၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment