Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Friday, August 7, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၁ ရက်မြောက်ခရီး 61st day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၆၁) ရက်မြောက်
သြဂုတ်လ (၅) ရက်၊ ၂ဝဝ၉
နံနက် (၉) နာရီ (၅) မိနစ်တွင် မနေ့ကရပ်နားခဲ့ရာ Eaton မြို့၊ Westcott လမ်းမှ စတင်ထွက်ခွာသည်။ ရာသီဥတုသည် ကျွန်ုပ်တို့လမ်းလျှောက်သမားများဘက်ကဖြစ်၏။ နေသည် မပွင့်ပါ။ မပွင့်သည့်အပြင် မြောက်ပြန်လေသည် စောစီးစွာရောက်ရှိနေပုံပါ။ အနည်းငယ်အေးသလိုပင်ရှိ၏။ လမ်းလျှောက်ကောင်းမည့် အနေအထားဖြစ်ပါသည်။ နိုးထလှုပ်ရှားနေသူများသည် ယနေ့၏ထူးခြားမှုဖြစ်သော ခရီးရှည်အဖွဲ့ကို ကြည့်ရှုနေကြ၏။ ဤနယ်မြေတွင် ကျွန်ုပ်တို့သည် အမှန်၌ သူစိမ်းတရံစာများသာဖြစ်ပါ၏။ ဤမြို့သည်လည်း ရှေးအတီတေက နိုင်ငံခြားသားများ (ဥပမာ ဂျာမန်၊ ပြင်သစ် စသော) လူမျိုးတို့ အခြေချတည်ဆောက်ခဲ့သည်ဟု ယူဆစရာဖြစ်၏။


ထူးခြားသောအဖွဲ့အစည်း၊ ထူးခြားသောဆက်ဆံပုံတို့ကို ထောက်ရှုခြင်းဖြင့် မြို့တကာတို့တွင် တွေ့ရှိရသည်တို့နှင့်ခြားနားမှုတစုံတရာကို တွေ့ရှိရသည်ဖြစ်သောကြောင့် အထက်ပါကဲ့သို့ယူဆရခြင်းဖြစ်၏။ (၉) နာရီ (၁၅) တွင် Hatch Lake ရေကန်သို့ရောက်ရှိသည်။ နေချင့်စဖွယ်ရှိသော အသွင်အပြင်ဖြစ်ပါ၏။ ရေကန်စောင်း ကန်ဘောင်တွင် အိမ်ကလေးများ အများအပြားတွေ့ရသည်။ ရေကန်ဘေးနေ လူတန်းစား တို့ဖြစ်ပါ၏။ ငြိမ်းငြိမ်းချမ်းချမ်းရှိမှုကို ခံစားရသည်။ အိမ်နောက်ဖေး ဈေးဆိုင်မတည်ဘဲ ရေကန်ကြီးဖြစ်နေပါ၏။ စောစောစီးစီး တချို့လူများ ရေကန်ထဲတွင် လှေကလေးစီးရင်း ငါးမျှားနေကြသည်။


ရေကန်ဘေးနေအိမ်တအိမ်မှ လူနှစ်ဦးလှမ်း၍နှုတ်ဆက်သည်။ နေ့စဉ်ဓူဝအလုပ်ကို လုပ်နေရင်းက နှုတ်ဆက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏လှုပ်ရှားမှုကို အနည်းအကျဉ်းမေးမြန်း၏။ အလှူငွေလက်ခံပါသလားဟု မေးမြန်းပြီး ငွေ (၂ဝ) လှူဒါန်းပါသည်။ စောစောစီးစီး ကံကောင်းခြင်းလက်ဆောင်ပါ။ လက်မှတ်လည်းထိုးပေးပါ သည်။ ဘုရားသခင်၏ ကောင်းချီးကိုလည်းပေးပါသည်။ ရေကန်ရပ်ကွက်ကို ဆက်လက်၍ ချီတက်ကြ၏။ သိပ်မကြာခင် လူနှစ်ဉ်ီးကို ထပ်မံတွေ့ရသည်။ လက်ကမ်းစာစောင်များကို ဝေလိုက်ပါသည်။


ရှည်လျားသောရေကန်ကို ရှုရင်းပင် ဆက်လက်လျှောက်ကြ၏။ စိတ်ဝင်စားဖွယ်ကောင်းလှသော ရပ်ကွက်လေးတခုဖြစ်ပါသည်။ (၁ဝ) နာရီထိုးရန် ဆယ်မိနစ်အလိုတွင် West Eaton ဆိုင်းဘုတ်ကို တွေ့ရသည်။ တောမြိုင်စွန်းသို့ တဖန်ရောက်ရှိပြန်၏။ (၁ဝ) နာရီခွဲခါနီးချိန်တွင် ခေတ္တနားကြ၏။ မနေ့ညက မိုးရွာခဲ့ဟန်တူပါ သည်။ တောတောင်များ၊ စိုက်ခင်းများသည် တောနံ့တောင်နံ့၊ မြေသင်းနံ့ကို ဆောင်ကြ၏။ ပန်းသီးအရိုင်း ပင်များမှာ လမ်းတောက်လျှောက်တွင် ဟိုနားတွေ့လိုက် သည်နားတွေ့လိုက်ဖြစ်ပါ၏။ တောလမ်း ကုန်းတန်းများတွင် အိမ်လေးများမှာလည်း ဟိုနားတဆောင်၊ သည်နားတဆောင်ပင်။

(၁၁) နာရီထိုးခါနီးအချိန်တွင် ရွာလယ်လမ်းဆုံတခုသို့ရောက်လာ၏။ နှုတ်ဆက်အားပေးမှုများရှိပါသည်။ မဆိုးသောရွာကလေးပါ။ အိမ်များမှလည်းကောင်း၊ ကားများမှလည်းကောင်း လှမ်း၍ နှုတ်ဆက်အားပေးကြ၏။ အိမ်တအိမ်မှ မိသားစုတခုကလည်း ကျွန်ုပ်တို့အဖွဲ့ကို စိတ်ဝင်စားသဖြင့်မေးမြန်းပါသည်။ ရဲဘော်ကဘောယူက ရှင်းလင်းပြောဆိုပါသည်။ ကုလသို့တင်ပြမည့်စာတွင် လက်မှတ်ထိုးပေးကြပါသည်။ ရွာတန်းကလေးကို ဖြတ်လျှောက်ကြ၏။

သို့ဖြင့် (၁၂) နာရီထိုးခါနီးချိန်တွင် Upper Lelands Pond ရေအိုင်သို့ရောက်ရှိသည်။ ငါးမျှားခြင်း၊ အနားယူခြင်း စသောကိစ္စများပြုရန် အပန်းဖြေစခန်းဖြစ်ပါသည်။ သာယာသောကြာအိုင်တခုဖြစ်ပါ၏။ လမ်းနှစ်ဖက်စလုံးတွင် ရှိကြခြင်းဖြစ်ပါသည်။ တချို့လူများမှာ ငါးမျှားနေကြ၏။ တချို့လူများမှာ လေမှုတ်ငါးမျှား လှေကို တပ်ဆင်နေသည်။ ဤနေရာအရပ်တွင် ကြာပန်းကြာခင်းကိုလည်းကောင်း၊ ဗေဒါကို လည်းကောင်း တွေ့ရခြင်း မှာ ကျွန်ုပ်အဖို့မှာအထူးကျေနပ်ဖွယ်ရာဖြစ်တော့သည်။ ရေဇလာတွင် ရွှေကြာနှင့် ဗေါတို့ရှိသော ဤရေကန်တွင် တနေကုန်အောင်နေလိုက်ချင်ပါ၏။ သို့သော်ရှေ့ခရီးက ဆက်ရဦးမည်မဟုတ်လော။

ကျွန်ုပ်တို့လမ်းလျှောက်သမားများသည် သံယောဇဉ်နည်းပါးလှသူများဖြစ်ပါ၏။ နှစ်သက်ဖွယ်ရှိလှသော မြကြာအိုင်ကို မကြာမတင်တွင်ပင်ခွဲခွာ၍ ဆက်လက်ချီတက်ကြပါ၏။ (၁၂) နာရီခွဲခါနီးအချိန်တွင် Town of Madison ဆိုင်းဘုတ်ကို လှမ်းတွေ့ရ၏။ ပြောင်းခင်းများဖြင့် အတိပြီးသောနယ်မြေဖြစ်ပါသည်။ လမ်းခွဲရှိသော လမ်းမကြီးဖြစ်ပါသည်။ မကြာမီပင် မြို့ကလေးတွင်းသို့ ဝင်ရောက်သွားပါ၏။ မြို့ကလေးသည် ရှေးဟောင်းပစ္စည်း ရောင်းသောဆိုင်များဖြင့် ပြည့်နေသည်။ စဝင်ကတည်းက တွေ့နေရသည်မှာ တောက်လျှောက်ဖြစ်ပါ၏။

(၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ၎င်းမြို့ကလေး၏ ရှေးဟောင်းပစ္စည်းရောင်းသောဆိုင်တဆိုင်ရှေ့တွင် ယနေ့အဖို့ ရပ်နားကြသည်။ အရေးထဲလမ်းကြောင်းမှားနေသည်ဟု မှတ်တမ်းကားကဆိုသည်။ မြို့တွင်းသို့ ဝင်ရမည်မဟုတ်ဘဲ ၄၆ လမ်းအတိုင်းကွေ့သွားရမည်ဖြစ်ပါသည်။ တမိုင်ခွဲခန့်ကျော်သွားခြင်းဖြစ်သည်။ ထူးခြားလှသောမြို့ကလေးမှ မနက်ဖြန်ပြန်ထွက်ရဦးမည်ဖြစ်သည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive