ခရီးခရှည်ချီတက်ခြင်း (၆ဝ) ရက်မြောက်
သြဂုတ်လ (၄) ရက်၊ ၂ဝဝ၉
သြဂုတ်လ (၄) ရက်၊ ၂ဝဝ၉
မနေ့က ရပ်နားခဲ့ရာ ကုန်းကွေ့မှ စတင်ချီတက်သည်။ နေလုံးသည် အပြုံးဖြင့်ကြို၏။ သာယာသောနေ့ ဖြစ်ပါသည်။ (၁ဝ)နာရီခွဲတွင် Georgetown ရွာတွင်းသို့ဝင်ရောက်သည်။ ဝင်သည်နှင့် ကျောင်းကလေး တကျောင်းကို တွေ့ရသည်။ စည်စည်ကားကားရှိ၏။ နံနက်နေခြည်တွင် လှုပ်လှုပ်ရှားရှားရှိသောရွာကလေးသည် လွမ်းစရာပါ။ ရွာနှင့်တူသောရွာကလေးဖြစ်ပါ၏။ ပျော်စရာကောင်းသောရွာကလေးပါ။ ဤရွာကလေးသည် သက်တမ်းအားဖြင့် ကြာမြင့်လှပြီထင်၏။ တချို့သောအိမ်များမှာအိုမင်းလှပြီဖြစ်ပါသည်။
အိမ်လေးများမှာ တအိမ်နှင့်တအိမ်တချို့နေရာတွင် နီးနီးကပ်ကပ်ရှိ၏။ တောင်တလုံးအိမ်တဆောင်မဟုတ်ပါ။ တချို့တောင်ကုန်းလေးများတွင် အိမ်လေးများကို အစုစုတွေ့ရသည်။ တချို့အိမ်မှလူများ ဓါတ်ပုံထွက်ရိုက်ပါသည်။ လက်ကမ်းစာစောင်များ ဝေဖြစ်ပါသည်။ ဤရွာလေးတွင် လမ်းဆုံတနေရာ၌ ခဏနားကြသည်။ နားနေစဉ် အဖွားကြီးတဦး ဖြတ်သွားရင်း နှုတ်ဆက်၏။ တနေ့က မိုးထဲရေထဲလမ်းလျှောက်နေသည်ကို သူ့ယောက်ျားမြင်တွေ့ခဲ့ကြောင်းပြောပြသည်။ မိမိတိုင်းပြည်အတွက် ယခုကဲ့သို့ တိုက်ပွဲဝင်နေသည်ကို ဂုဏ်ယူကြောင်းပြောကြားသည်။
(၁၁) နာရီ (၁ဝ) မိနစ်တွင် ဆက်လက်ထွက်ခွာသည်။ လွင်ပြင်များကိုတွေ့ရ၏။ စိုက်ခင်းများကိုတွေ့ရသည်။ အသုံးမပြုတော့သော စက်ရုံဟောင်းတချို့ကို တွေ့ရသည်။ ခပ်ဝေးဝေးတွင် ကုန်းမြင့်မြင့်က လမ်းကလေး၊ ဘေးတွင် မြက်ခင်းလွင်ပြင်၊ နောက်ခံတွင် တောအုပ်စိမ်းညို့၊ စသည်စသည်ဖြင့် နေရာအတော်များများသည် ပန်းချီကားတချပ်သဖွယ်။ တောင်ကြောလေးများကို တက်လိုက်ဆင်းလိုက်လျှောက်ရ၏။
အိမ်ခြေရှားပါးသောနေရာကို ဖြတ်လျှောက်ရ၏။ (၁၂) နာရီထိုးခါနီးချိန်တွင် အိမ်တအိမ်မှပုဂ္ဂိုလ်တဦးထွက်၍ တွေ့ဆုံမေးမြန်းသည်။ လက်မှတ်လည်းထိုးပေးပါသည်။ ဓါတ်ပုံလည်းရိုက်၏။ အလုပ်ရုံထဲ ခေါ်သွားပြီးရေတိုက်ပါသည်။ လက်သမားအလုပ်ရုံဖြစ်ပါ၏။ ထိုပုဂ္ဂိုလ်သည် မြန်မာပြည်ကို လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း သိပုံမပေါ်ပါ။ သို့သော်ကျွန်ုပ်တို့၏ လုပ်ရပ်ကိုကား များစွာစာနာပုံရ၏။ မည်သို့ပင်ဆိုစေ ယခုအခါ ကျွန်ုပ်တို့၏ လက်ကမ်းစာစောင်သည် သူ့လက်တွင်းသို့ရောက်ရှိသွားပြီဖြစ်၏။ ကျေးလက်တောစွန်အနံ့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်၏။ ကောင်းလေစွ။
(၁၂) နာရီ (၃၅) တွင် Town of Eaton သို့ရောက်ရှိသည်။ မြို့ကလေးသို့အဝင် ကုန်းအတက်တွင် ပုဂ္ဂိုလ်တဦး ကားပေါ်မှဆင်း၍ စောင့်နေပါသည်။ ထူးဆန်းသဖြင့် မေးမြန်းစုံစမ်းခြင်းဖြစ်သည်။ ဤသူသည် မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို အနည်းအကျဉ်းသိပုံရ၏။ တစုံတရာ ပြောဆိုဆွေးနွေးနိုင်စွမ်းရှိပါသည်။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ထိုးသောအခါ ပထမက လက်မှတ်ထိုးခဲ့သောလူ၏ လက်မှတ်ကိုတွေ့သောအခါ သူ့အဖေဖြစ်ကြောင်းပြောပြသည်။ ဤသားအဖမှ အစပြု၍ မြန်မာပြည်အကြောင်းကို တမြို့လုံးသိနိုင်ကြပါစေ။
(၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ပန်းချီကားဆန်လှသော တောင်ပေါ်မြို့ကလေး၏ လမ်းကွေ့တနေရာ၊ Westcott လမ်းတွင် ယနေ့အဖို့ကို အဆုံးသတ်လိုက်ကြသည်။ ကောင်းသောနေ့ပါ။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment