သြဂုတ်လ (၂၁)ရက်၊ ၂ဝဝ၉
မနေ့ကရပ်နားခဲ့ရာနေရာဖြစ်သော Doweskill ရွာ၊ 9 W လမ်းနှင့် Pictuay Rd လမ်းဆုံရာနေရာမှ နံနက် (၃) နာရီ (၃၅) မိနစ်တွင် စတင်ထွက်ခွာသည်။ ယနေ့ချီတက်မှုတွင် အော်လ်ဘနီ၊ Rensselaer မြို့မှ ရဲဘော် ကိုလတ် ပါဝင်ချီတက်သည်။
မနက်က မိုးရွာထားသဖြင့် စိမ်းစိုသောပတ်ဝန်းကျင်ရှိသည်။ စိုစွတ်သောလမ်းရှိသည်။ ရုံးတက်ချိန် ဖြစ်သောကြောင့်ထင်ပါသည်။ ကားအသွားအလာအလွန် ရှုပ်ထွေး၏။ လမ်းကျဉ်းသည့်နေရာများတွင် များပြားလှသောကားများကို ကြည့်ရှောင်နေရသည်။ ပတ်ဝန်းကျင်တခုလုံးသည် မှိုင်းမှုန်လျက်ရှိ၏။ နေသည် မလင်းပါ။
(၉) နာရီ (၁၅) မိနစ်တွင် Village of Ravena ရွာကိုဝင်သည်။ ရွာကိုဝင်လျှင်ဝင်ချင်း အထက်တန်း ကျောင်းကြီးတကျောင်းကို တွေ့ရသည်။ ကစားကွင်းတွင် ကျောင်းသားကျောင်းသူများ အားကစား လေ့ကျင့်နေကြသည်။ ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ အလံတလူလူဖြင့် ချီတက်လာသည်ကို တွေ့ကြလျှင် လှမ်း၍လက်ပြနှုတ်ဆက်သည်။
ဤရွာကလေးသည် ရှည်လျားသော ဟိုင်းဝေးလမ်းပေါ်တွင်ရှိသည်။ စီးပွားရေးလုပ်ငန်းရှိသော နယ်မြေတခုဟုဆိုနိုင်ပါသည်။ အကြောင်းမူ ရွာသည်ရွာသက်သက်မျှသာရှိသည်မဟုတ်ပါ။ (၉) နာရီခွဲတွင် ခဏ နားကြသည်။ တောလမ်းသာဖြစ်၏။ သို့သော်တိုးတက်မည့်အပိုင်းများရှိသည်။
ဆက်လက်၍ချီတက်ရာ (၁ဝ) နာရီတွင် Village of Ravena ၏ Business Distric ကို ကျော်ဖြတ်သည်။ စည်ကားသောနယ်မြေဖြစ်၏။ တချို့နေရာများတွင် လူနေရပ်ကွက်အစီအတန်းလေးများကို တွေ့ရသည်။ တချို့ရပ်ကွက်များသည် တောင်ကုန်းလေးမျာကိုကွေ့၍ တက်သွား၏။ စိတ်ဝင်စားဖွယ်ရှိပါသည်။
(၁ဝ) နာရီ (၂ဝ) တွင်Greene County, Town of New Baltimore ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ တောလမ်းတွင် စက်ရုံအလုပ်ရုံများကို တွေ့ရသည်။ ကျွန်ုပ်တို့ချီတက်နေသာလမ်း၏တဖက်တွင် တောတောင်တို့ကိုကျော်၍ တခြားသောဟိုင်းဝေးလမ်းများကိုလည်းတွေ့ရသည်။ တောတောင်ထဲတွင် စက်ရုံလာဆောက်ထားခြင်းမှာ တနေရာ၌သယံဇာတ တခုခုရှိသလော မဆိုနိုင်ပါ။
(၁ဝ) နာရီ (၄ဝ) တွင် ရထားလမ်းဘေးတနေရာတွင် ခဏနားကြသည်။ ခဏနားပြီးမကြာမီပင် ကုန်တင်ရထား သည် သူပစ္စည်းကိုသူသယ်ယူ၍ တဂျုံးဂျုံးတဂျက်ဂျက် ခုတ်မောင်းသွားလေ၏။ ရထားလမ်းမှထွက်ပြီးနောက် (၁၁) နာရီထိုးလျှင် အဖိုးကြီးအဖွားကြီးမောင်နှံသည် ကားဖြင့်လာစောင့်နေ၏။ သူတို့သည် ကျွန်ုပ်တို့အဖွဲ့ကို ဖြတ်ကျော်မောင်းနေသည်မှာ နှစ်ကြိမ်ရှိပြီဆို၏။ အရှေ့မနီးမဝေးတွင် မြို့တမြို့ရှိကြောင်း မြို့အဝင်တွင် ကြီးမားသော အစိမ်းရောင်အဆောက်အဦတခုရှိကြောင်း၊ ဤအဆောက်အဦသည် ဘဏ်တခုဖြစ်ကြောင်း၊ ထိုနေရာတွင် စောင့်၍ ကျွန်ုပ်တို့စားရန် စားစရာများလှူဒါန်းလိုကြောင်း ပြောဆိုပါသည်။
အရှေ့မည်မျှဝေးသနည်း မသိသော်လည်း တကူးတကဖိတ်ကြားမှုကို လှိက်လှဲစွာကြိုဆိုရမည်ဖြစ်ပါသည်။ မစားရသော်လည်း အကြောင်းမဟုတ်ပါ။ ဖိတ်ကြားမှုကပင်လျှင် တန်ဖိုးရှိနေပြီဖြစ်၏။ သာဓုခေါ်ပါသည်။ ဖိုးဖွားမောင်နှံနှင့် အနောက်က ကပ်၍ရောက်လာသော တခြားအဖိုးကြီးတဦးအားလည်း လက်ကမ်းစာစောင် များကို ဝေလိုက်ပါသည်။
အရေးထဲတွင် နောက်ကရောက်လာသော အဖိုးကြီး၏ ကားဘီးသည် လမ်းဘေးနွံတွင် ကျွံသဖြင့် မောင်းမရဖြစ်နေသည်။ ကျွန်ုပ်တို့ကို လှမ်း၍အော်ခေါ်ပြီးလျှင်အကူအညီတောင်း၏။ ကျွန်ုပ်တို့က ကူညီ၍တွန်းကြသော်လည်း မရနိုင်တော့ပေ။ သူ့သူငယ်ချင်းကိုခေါ်၍ ဆွဲယူရမည်၊ ကျေးဇူးတင်ကြောင်းပြော၏။ ကျွန်ုပ်တို့လည်း ဆက်လက်ထွက်ခွာလာကြသည်။
စောစောပိုင်းက မပူခဲ့သော နေသည်အနည်းအကျဉ်းတော့ထွက်ပေါ်လာ၏။ ထိုနောက်သိသိသာသာပူလာ၏။ နေ့လည် (၁၂) နာရီထိုးရန် (၁၅) မိနစ်အလိုတွင် လမ်းဘေးတောအုပ်အနီင်္းတွင် ခဏနားကြ၏။ ဆက်လက် ချီတက်သော် (၁၂) နာရီခွဲခါနီးတွင် ယနေ့သတ်မှတ်ထားသော ခရီးစဉ်ပြီးဆုံး၏။ တောလမ်းတွင်ပြီးဆုံးခြင်း ဖြစ်သည်။ မြို့ကိုကား မဝင်ရသေးပါ။
ဖိုးဖွားများစောင့်နေမည်စိုး၍ အရှေ့ကိုလိုက်ရှာရဦးမည်။ အဆောက်အဦကို တွေ့တော့တွေ့၏ ဖိုးဖွားမောင်နှံကိုမူ မတွေ့ရပါ။ လမ်းလျှောက်လာသည့်အချိန်နှင့် စောင့်နိုင်သောအခြေအနေတို့ မကိုက်ညီပုံရပါသည်။ မည်သို့ ဆိုစေ ဖိုးဖွားများကို ကျေးဇူးတင်ရပါမည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment