Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, August 9, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၃ ရက်မြောက်နေ့ ခရီး 63rd day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၆၃) ရက်မြောက်
သြဂုတ်လ (၇) ရက်၊ ၂ဝဝ၉


နံနက် (၈) နာရီ (၁၅) မိနစ်တွင် မနေ့က ရပ်နားခဲ့သည့်နေရာ Welcome to Oneida ဆိုင်းဘုတ်အရှေ့မှ စတင်ချီတက်သည်။ အနီးရှိလမ်း၏အမည်မှာ Freedome Dr ဟူ၏။ Glen Wood လမ်းအတိုင်း ချီတက်နေခြင်း ဖြစ်သည်။ ၄၆ လမ်းမပေါ်မှ E 5 သို့ကူးပြောင်းသည်။ ဤလမ်းသည် ကျွန်ုပ်တို့ခရီးရှည်အဖွဲ့ကို Utica မြို့သို့ ခေါ်ယူသွားမည်ဖြစ်၏။ ကူးပြောင်းရာနေရာ လမ်းဆုံလမ်းခွသည် စည်ကားနေပါ၏။

ချီတက်ပြီးမကြာမီပင် Village of Oneida သို့ဝင်ရောက်သည်။ Vernon Town အပိုင်ဖြစ်ပါသည်။ ဆက်လက် ချီတက်ရာ (၈) နာရီ (၄ဝ) မိနစ်တွင် ရွာကလေးမှ ထွက်ခွာသွားပါ၏။ ဆက်လက်ချီတက်လာရာ Sherrill သို့ရောက်ရှိသည်။ Shirrill တောလမ်းတွင် ဆိုင်တန်းလေးကို တွေ့ရသည်။ တောနယ်များသာဖြစ်ပါ၏။ သာယာ နေသည်မှာ ဖြောင့်ဖြူးလိုက် တက်လိုက်ဆင်းလိုက်ရှိသော လိုကယ်လမ်းမကြီးသာရှိ၏။ သို့သော် ရွာလေးများမှာ တနေရာနှင့် တနေရာ စိပ်လှသည်။

(၉) နာရီ (၂ဝ) မိနစ်တွင် အမျိုးသမီးတဦးကို တွေ့ရသည်။ ကျွန်ုပ်တို့အား ရေလှူပါ၏။ ငွေ (၂ဝ) လည်းလှူပါသည်။ ရှားပါးလမ်းမှ တွေ့ရသော မင်္ဂလာဖြစ်၏။ ဤလမ်းများတွင်လူသူသိပ်မတွေ့ရပါ။ မကြာခဏ ကားများပေါ်မှ လှမ်း၍ နှုတ်ဆက်အားပေးမှုများကိုတော့တွေ့ရပါသည်။ ရွာလေးများ မြို့လေးများ နီးကပ် လှသော်လည်း အိမ်ခြေကျဲပါးလှ၏။ လူရိပ်ကလည်းနည်းပါး၏။

(၉) နာရီ (၂၅) မိနစ်တွင် Sherrill မှ ထွက်ခွာသည်။ ထိုနောက်ဆက်လက်ချီတက်လာရာ လမ်းမဘေးရှိ စီးပွားရေးအဆောက်အဦတခုမှ အမျိုးသမီးတဦးထွက်လာပြီး ကျွန်ုပ်တို့အဖွဲ့ကို ဓါတ်ပုံ±ိုက်ပါသည်။ ထူးထူးခြားခြား မေးမြန်းခြင်းမရှိ။ ထူးခြားမှုမရှိလှသော လမ်းတကြောတွင် လျှောက်ကြရင်း (၁ဝ) နာရီတွင် Village of Vernon သို့ရောက်ရှိသည်။ ဤရွာသည် မဆိုးလှပါ။ တည်တည်ခံ့ခံ့ရှိသောရွာတရွာဖြစ်၏။ စည်ကားသောရွာလည်းဖြစ်ပါသည်။

(၁ဝ) နာရီ (၁ဝ) မိနစ်တွင် ခဏနားကြသည်။ ပြန်လည်ထွက်ခွာပြီးနောက် လမ်း၏တဖက်ကမ်းတွင် လူတဦးကိုတွေ့ရသည်။ လှမ်း၍နှုတ်ဆက်ပြီးနောက် ကားအရှင်းကိုစောင့်ပြီးနောက် ကျွန်ုပ်တို့ရှိရာသို့ ကူးလာပါသည်။ ငွေ (၂ဝ) လှူဒါန်းပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းထံတင်ပြမည့်စာတွင်လည်း လက်မှတ်ထိုးပေးပါသည်။ ဆုတောင်းပေးပါသည်။ ဤသူသည် မြန်မာပြည်အကြောင်း သိရှိနားလည်သူဖြစ်၏။ အထူးတလည်ရှင်းပြစရာပင်မလိုပါ။ နယ်မြေအနေအထားမှာ အတန်ငယ်စည်ကားသောနယ်မြေဖြစ်၏။ အိမ်တန်းများသည် ဆက်၍ဆက်၍ရှိ၏။

ဆက်လက်ချီတက်လာရာ (၁၁) နာရီ (၄ဝ) မိနစ်တွင် Town of Westmoreland သို့ရောက်ရှိသည်။ နေသည် သာယာဆဲပင်။ ကောင်းကင်တွင်ကြီးမားထွားကျိုင်းလှသော တိမ်လိပ်တို့သည် နတ်ပန်းချီရေးထားဟန်ရှိ၏။ ကုန်းတက်ကုန်းဆင်းများကို ကျော်ဖြတ်သည်။ လမ်းဘေးတောက်လျှောက်တွင် သဘာဝလျောက် ပေါက်ရောက်နေသော ပန်းသီးပင်များကို တွေ့ရသည်။ နီနီရဲရဲ ဖွံ့ဖွံ့ထွားထွားဖြင့် နှမြောစရာပင် ကောင်းနေတော့၏။

နေ့လည် (၁၂) နာရီ (၅) မိနစ်တွင် Lairdsville အရပ်ရှိ၊ Kitchen Gulf လမ်းတွင် ယနေ့ခရီးစဉ်ကို အဆုံးသတ်သည်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤနေ့တွင် အလှူငွေ (၄ဝ) ရရှိပါသည်။ မနက်ဖြန် တွင် Utica မြို့သို့ဝင်ရောက်တော့မည်ဖြစ်ပါ၏။ ဆက်လက်ဖေါ်ပြပါဦးမည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Followers

Blog Archive