Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, August 25, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၇၇ ရက်မြောက်နေ့ခရီး 77th day of 900 miles for Long March

ခရီးရှည်ချီတက်ခြင်း (၇၇) ရက်မြောက်
သြဂုတ်လ (၂၃) ရက်၊ ၂ဝဝ၉

နံနက် (၉) နာရီ (၁ဝ) မိနစ်တွင် မနေ့က ရပ်နားခဲ့ရာ Catskill မြို့မှ စတင်ထွက်ခွာသည်။ (၉) နာရီ (၃၅) မိနစ်တွင် Village of Catskill သို့ဝင်ရောက်သည်။ ဤရွာသည် စီးပွားရေးနယ်မြေဖြစ်ပုံရ၏။ စက်ရုံရပ်ဝန်းများ၊ ရထားလမ်းများနှင့် ပနံရနေ၏။


စထွက်ကတည်းကပင် မိုးမှုန်များကျနေသည်။ အသူရာနှင့် သိကြားမင်း စစ်ခင်းရာ မိုးသည်ငြိမ်းချမ်းရေးအလို့ငှာ ရွာခဲ့သည်ဟု ယူဆရ၏။ ယခုရွာနေသောမိုးသည် သည်းထန်စွာရွာနေသည်မဟုတ်၊ စွေစွေရွာသွန်း နေသည် လည်းမဟုတ်။ မိုးမှုန်များသာကျနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအတွက် ခရီးရှည် ချီတက် နေကြ သူများဖြစ်ကုန်၏။ ဤမိုးသည် ကျွန်ုပ်တို့အားကြိုဆိုနေခြင်းတမည်လည်း ဖြစ်နိုင်သည်တမုံ့။

သို့မဟုတ်သော် ငြိမ်းချမ်းရေးအတွက်ဖြစ်စေ၊ မြန်မာပြည်ကိုသိမ်းရန် ဖြစ်စေ၊ စေ့စပ်ကြောင်းလမ်းရန် ဖြစ်စေ၊ မည်သည့်အတွက်ဖြစ်စေ၊ ချီတက်ချင်သလိုချီတက်ကြပါ။ မိုးသည် ရွာစရာရှိသောသူ့အလုပ်ကို သူလုပ်နေခြင်းလည်းဖြစ်နိုင်၏။ လောကသည် ကမ္ဘာဦးကျောက်ခေတ်မှနေ၍ ယနေ့တိုင် မညီညွတ်သော အချင်းအရာတို့ဖြင့် တည်ဆောင်ထားခြင်းဖြစ်သည်မဟုတ်လော။



စည်စည်ကားကားရှိသော လူနေရပ်ကွက်သို့ပြန်လည်ရောက်ရှိလာသည်။ သူ့ရွာသည် သူ့အလှ သူဒဿနဖြင့် ရပ်တည်နေ၏။ ခရီးရှည်အဖွဲ့သည် ရွာတန်းကိုကျော်သော် တောနယ်သို့ရောက်ပြန်၏။ ကျဉ်းမြောင်းလှသော လမ်းရှိသည်။ ကားသွားအလာမရှိလှ။ လမ်းဘေးတဖက်တချက် တောများဖြင့်သာ ဝန်းရံနေ၏။ (၁ဝ) နာရီ (၂၅) မိနစ်တွင် ခဏနားကြသည်။

တောလမ်းတွင်နားပြီးနောက် ဆက်လျှောက်သော် သိပ်မကြာခင်ပင် ကားတစီးနှင့်တွေ့ရသည်။ ၎င်းကားက ဤလမ်းသည်အရှေ့သို့ဆက်သော် ပိတ်ထားကြောင်း၊ လူလည်းလမ်းလျှောက်၍မရ၊ ကားလည်းသွား၍မရဟု သတင်းပို့ပါသည်။ ဖြစ်နိုင်သည်။ အကြောင်းမူ လမ်းခွဲကိုဝင်လာကတည်းကင် ဆိုင်းဘုတ်များတွင် 9 W လမ်း ပိတ်ထားကြောင်းဖေါ်ပြထားသည်။



သို့ဖြစ်ရာ ဤလမ်းနှင့် ယှဉ်လျက်ဖြစ်သော 32 လမ်းအတိုင်း လမ်းကြောင်းပြောင်းလျက်ချီတက်ကြ၏။ အကွေ့အကောက်များလှသော တောင်ကုန်းနယ်မြေကြီးဖြစ်ပါသည်။ စိမ့်ကြီး၊မြိုင်ကြီး၊ ဂနိုင်ကြီးဖြစ်၏။ မည်းမှောင်နေသော တောအုပ်ထဲတွင် ရေတံခွန်စိမ့်စမ်းများကို တွေ့ရသည်။ ဝေးဝေးနေမှတခါ အိမ်လေးများကိုတွေ့ရသည်။

(၁၁) နာရီခွဲတွင် ခဏနားကြ၏။ ဆက်လက်ချီတက်သော် နေ့လည် (၁၂) နာရီ (၁ဝ) မိနစ်တွင် 32 A, 32 Junction, 9 W တို့ဆုံရာတွင် ယနေ့အဖို့ ပြီးဆုံးသွားကြသည်။ ကက်စကဲရွာတွင်ပင်ရှိကြဆဲဖြစ်ပါ၏။ ကျွန်ုပ်တို့သည် Rensselaer မြို့တွင် တည်းခိုနေသည်ဖြစ်ရာ ယခုရောက်နေသောနေရာသည် တည်းခိုသောမြို့မှ မိုင် (၅ဝ)အဝေးတွင်ဖြစ်ပါ၏။ တည်းခိုသောမြို့တွင် ရဲဘော်မောင်မောင်တိတ်က ဆရာတော်ဦးဣန္ဒြိယ၏ ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်းတွင် တည်းခိုပါသည်။ ရဲဘော်နှစ်ဦးမှာ ကိုမိုးကျော်၏နေအိမ်တွင်ဖြစ်ပါသည်။ ကျန်ရဲဘော်နှစ်ဦးမှာ ကိုလတ်၊ မစန်းစန်းအေးတို့၏အိမ်တွင်တည်းလိုက်၊ ကိုနောင်နောင်၊ မမီးမီးတို့၏ နေအိမ်တွင်တည်းလိုက်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဤမြို့မှမထွက်မချင်း ဤသို့ပင်တည်းခိုနေကြမည်ဖြစ်ပါ၏။ ကျန်ရှိသော မြို့ခံရဲဘော်များ၏ အိမ်များတွင်လည်း အခါအားလျော်စွာသွားကြလာကြ အလုပ်လုပ်ကြဖြစ်ပါသည်။ ဆက်လက်ဖေါ်ပြပါမည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive