သြဂုတ်လ (၂၅) ရက်၊ ၂ဝဝ၉
ဂရက်ဖတန်မြို့ တွင် သီတင်းသုံးနေသော ဂျပန်သီလရှင် ဂျွန်ဆန်
လှပသောနေ့တနေ့ဖြစ်ပါသည်။ ယနေ့ခရီးစဉ်တွင် ဂရက်ဖတန်မြို့မှ ဂျပန်သီလရှင် ဂျွန်ဆန် လိုက်ပါ ချီတက်သည်။ ကိုလတ်၏သား မောင်ဖိုးသားလည်း ပါဝင်ချီတက်သည်။ နံနက် (၉)နာရီ (၂၅) မိနစ်တွင် Saurgerties ရွာမှ စတင်ထွက်ခွာသည်။ မထွက်ခွာမီ ထုံးစံအတိုင်း သီလရှင်ဂျွန်ဆန်က ဂါထာရွတ်၍ ဆုတောင်းသမှုပြုသည်။ ပြီးလျှင် ကျွန်ုပ်တို့၏ရွတ်ဆိုနေကြကိစ္စကို ဆောင်ရွက်သည်။
နေ့တိုင်းနှင့်မတူ တမူထူးခြားသည်ကား သီလရှင်ပါဝင်နေခြင်းနှင့် အောင်စည်ကိုတီးခတ်နေခြင်းပေတည်း။ ထိုအသံကြောင့်ပင် လူအများပိုမို အာရုံစိုက်ဖွယ်ရာလည်းဖြစ်နေပေသည်။ ရွာ၏ စည်ကားသောနယ်မြေကို ဖြတ်လျှောက်ကြ၏။ တချို့လူများ လေးလေးစားစားနှုတ်ဆက်ကြသည်။ တချို့လူများ ထူးထူးဆန်းဆန်း ကြည့်ကြသည်။ တချို့လူများမှာ ဤသူများသည်ကား မြန်မာပြည်မှ လာကြကုန်၏ဟု သိရှိကြ၏။
သို့ဖြင့် စည်ကားသောရွာအပိုင်းကို ကျော်လာ၏။ ရှေးဟောင်းပစ္စည်းရောင်းသောဆိုင်တဆိုင်ကို တွေ့ရသည်။ ဗုဒ္ဓြွဆင်းထုတော်များ၊ ရဟန္တာပုံတော်များကိုတွေ့ရသည်။ တရုပ်ယဉ်ကျေးမှုမှ ပုဂ္ဂိုလ်များ၏ပုံများကိုလည်း တွေ့ရသည်။ ဆရာကြီးဦးတင်မိုး၏ ‘ဗုဒ္ဓနှင့်တွေ့တွေ့ဆုံခြင်း’သည် ဤနေရာနှင့်လည်း အကြုံးဝင်နေ၏။
တဖြည်းဖြည်းနှင့် နီးစပ်လာပြီ။ ကိစ္စပြတ်ခါနီးပြီထင်၏။ အာဏာပြင်းလှသော ဦးနေဝင်းသည်လည်း သူ့ကိုယ်သူအသက် နှစ်ထောင် ရှည်သောဂုရုကြီးဟု ထင်ခဲ့သူဖြစ်၏။ ဘုန်းမီးနေလထွန်းတောက်ခဲ့၏။ တချို့သောငမိုက်သားများသည် ဦးနေဝင်းကို ယခုတိုင်ကြောက်ရွံ့နေဆဲဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကိစ္စပြတ်ချိန် တန်လျှင် ငယ်မွေးခြံပေါက်များ၏ လက်ချက်ဖြင့်ပင် အကျဉ်းစံထီးဖုရားဖြစ်ခဲ့ပြီး ရန်ကုန်မြစ်တွင် ရေစုန်မျော သွားသည်မဟုတ်လော။
ယခုလည်းထိုနည်းတူပင်ဖြစ်သည်။ ကျတ်ကုန်းနေပြည်၏ ဘုရင်ရူးကြီး သန်းရွှေသည် သူ့ကိုယ်သူ အသက်နှစ်ထောင်ရှည်သည်ဟု ထင်နေပြန်၏။ အကြောင်းမူ သူတီထွင်ထားသော ကျတ်ကုန်းနေပြည် နှင့် တကွ သောနုတ္ထိုရ်ဥမင်လိုဏ်၊ ညုကလီးယား စသည်တို့သည် ရဲဘော်မောင်အေးအတွက် စေတနာ သုံးတန် ပြဌာန်းပြီး တီထွင်ထားခြင်းမဟုတ်ကြောင့်ပေတည်း။ ရဲဘော်မောင်အေး ကလည်း အောက်လက်အနာခံပြီး သန်းရွှေ သေမည့်အချိန်အထိ ခဲတန်ချွန်ပြီးထိုင်စောင့်နေမည် မဟုတ်ပါ။ တွေးကြည့်လျှင်တော့ ကြက်သီးမွေးညှင်း ထစရာကောင်းလှသည်။
ကျွန်ုပ်တို့၏ လမ်းလျှောက်ချီတက်အဖွဲ့သည် (၁ဝ) နာရီ (၂၅) မိနစ်တွင် ခဏနားကြသည်။ ဤတကြော့ ဆက်လျှောက်လျှင် သီလရှင်က ကျွန်ုပ်တို့လမ်းလျှောက်ရဲဘော်များကို အရှေ့က လျှောက်စေပြီးလျှင် သူကတော့ အနောက်ဆုံးမှနေ၍ ဆုတောင်းရွတ်ဖတ်၊ အောင်စည်တီးလျက် ချီတက်သည်။
တောလမ်းသို့ရောက်၏။ (၁၁) နာရီ (၂၅) မိနစ်တွင် Town of Ulster သို့ရောက်ရှိသည်။ (၁၁) နာရီခွဲလျှင်Ulster မီးသတ်ဌာနဘေး၊ ကားပစ္စည်းရောင်းသောဆိုင်ဘေးတွင် ခဏနား၍ သီလရှင်က နေ့ဆွမ်းကို စားသည်ဆိုရုံမျှ အနည်းငယ်စားသည်။ သစ်သီးများသာဖြစ်၏။
ထိုနောက်ဆက်ထွက်လျှင် စည်ကားသောနယ်မြေကို ဖြတ်လျှောက်ရသည်။ ကားဝပ်ရှော့ဆိုင်များ၊ ကားပစ္စည်း ရောင်းသောဆိုင်များ၊ ကားရောင်းသောဝင်းများ၊ တခြားသောဆိုင်အမျိုးအမျိုးတို့ဖြင့် စည်ကားသော နေရာဖြစ်သည်။ တဖြည်းဖြည်းဆက်လျှောက်လျှင် ပို၍ပို၍စည်ကားလာပါသည်။ ရှည်လျားလှသော Shopping Center နယ်မြေကို ဖြတ်လျှောက်နေခြင်းဖြစ်သည်။
(၁၁) နာရီ (၄ဝ) မိနစ်တွင် ဆိုင်တန်းများရှေ့ ကားရပ်ရာနေရာတခု၌ ပုဂ္ဂိုလ်တဦးက လှမ်း၍နှုတ်ဆက်ပြီးလျှင် အေးစက်နေသောရေဗူးများ ပေးပါသည်။ နေ့လည်စာ စားရန်ဆိုပြီး ငွေလည်း နှစ်ဆယ်လှူလိုက်ပါသည်။
(၁) နာရီထိုးခါနီးတွင် ဘီဘီစီက သတင်းမေးလာပါသည်။ ဘီဘီစီနှင့် ကျွန်ုပ်တို့၏တာဝန်ခံ ရဲဘော် မောင်မောင်တိတ်တို့ စကားပြောကြပြီးနောက် သီလရှင်အားလည်းမေးမြန်းသဖြင့် ဂျွန်ဆန်ကလည်း ရှင်းလင်း ပြနေရသည်။ ကျွန်ုပ်တို့၏လမ်းစဉ်နှင့် သီလရှင်၏လမ်းစဉ်ကတော့ ငြိမ်းချမ်းရေးခရီးရှည် ဆိုသော် လည်း တူနိုင်မည်တော့မဟုတ်ပါ။
ခရီးဆုံးခါနီးချိန်တွင် တွန်းလှည်းဖြင့် ဈေးရောင်းနေသောဆိုင်တဆိုင်မှ ပုဂ္ဂိုလ်တဦး ကလည်း ရေလှူပါသေး သည်။ မွန်းလွဲ (၁) နာရီတွင် Ulster မြို့အထွက်၊ Kingston မြို့ထိပ်တွင် ယနေ့ခရီးစဉ် ပြီးဆုံး၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment