Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, August 11, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၆၄ ရက်မြောက်နေ့ နှင့် ရှစ်လေးလုံးအခမ်းအနား 64th day of 900 miles for Long March & 21st Anniversay of 8888 Uprising Day


ရှစ်လေးလုံးနေ့ Utica မြို့သို့ရောက်ရှိပြီ
(၆၄) ရက်မြောက်နေ့ (သြဂုတ်လ၊ ဂ ရက်၊ ၂ဝဝ၉)
ချီတက်သူများ မြို့ တွင်းသို့အရောက်
မြို့ တွင်းတွင် ချီတက်နေကြစဉ်
မြို့ တွင်းတွင် ချီတက်နေကြစဉ်
ချီတက်သူများ ခေတ္တရပ်နားနေကြစဉ်
ချီတက်သူများ မြို့ မှ ချီတက်လာကြစဉ်
ရှစ်လေးလုံး အခမ်းအနားတွင် ဆရာတော် ဦးပညာဇောတမှ မိန့်ကြားနေစဉ်
ချီတက်အဖွဲ့ခေါင်းဆောင် ရဲဘော်မောင်မောင်တိတ်မှ အမှာစကားပြောကြားနေစဉ်
မြို့ ခံ ရဲဘော်ခိုင်လင်းမှ စကားပြောကြားနေစဉ်
လူဘောင်သစ်ပါတီမှ ရဲဘော်ဇော်နေမျိုး
ရဲဘော်ဇော်ကိုနိုင်
အေဘီဥက္ကဌဟောင်း ရဲဘော်ထွန်းအောင်ကျော်

မြို့ ခံ ဦးသန်းထွန်းမှ အမှာစကားပြောကြားနေစဉ်


ယူတီကာမြို့သို့ဝင်ရောက်သောနေ့ဖြစ်သည်။ နံနက် (၈) နာရီ (၁၅) မိနစ်တွင် Lairdsville Kitchen Gulf လမ်းမှ စတင်ထွက်ခွာသည်။ ယနေ့တွင် ယူတီကာမြို့မှ အင်အားဖြည့် ပုဂ္ဂိုလ် (၈) ဦးပါဝင်ချီတက်သည်။ အမေရိကန်လူမျိုး ESL ကျောင်းဆရာတယောက်လည်းပါဝင်သည်။ သူသည် ခရီးရှည်အဖွဲ့ကို ဗီဒီယိုမှတ်တမ်းရိုက်သူလည်းဖြစ်၏။ ကျန်သူများမှာ ရွှေဝါရောင်ကျောင်းမှ ဦးပညာဇောတ၊ ဦးဇင်းအဂ္ဂ၊ ရခိုင်ဦးဇင်း (ဦးဇင်းခိုင်စိုးရာမာ) တို့နှင့် ကျန်သူများမှာ ရဲဘော်ဇော်ဇော်အပါအဝင် မြို့ခံရဲဘော်များဖြစ်ပါသည်။ စတင်ချီတက်ပြီးနောက် သိပ်မကြာခင် ရဲဘော်စည်သူ ကားဖြင့်ရောက်လာသည်။ အလုပ်မှ ပြန်လာခြင်း ဖြစ်သည်။ အင်အားထပ်မံတိုးခြင်းဖြစ်ပါသည်။

မြို့သို့ဝင်ရန် (၈) မိုင်အဝေးမှ စတင်ကြခြင်းဖြစ်သည်။ စတင်ထွက်ခွာသောလမ်းသည် တောလမ်းသာဖြစ်ပါ၏။ လျှောက်ရင်းဖြင့် တဖြည်းဖြည်း အိမ်ခြေတစုံတရာရှိသော နယ်မြေကို ဖြတ်ကျော်သည်။ လမ်းတွင် တချို့သောအိမ်များမှ ဓါတ်ပုံထွက်ရိုက်ပါသည်။ တချို့သောအိမ်များမှ လက်ခုပ်လက်ဝါးတီး၍ အားပေးပါသည်။ လမ်းလျှောက်အဖွဲ့၏ အင်အားမှာ မဆိုးလှသဖြင့် ခံ့ခံ့ညားညားရှိပါသည်။

(၉) နာရီ (၁ဝ) မိနစ်တွင် Town of Kirkland ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ ရာသီဥတုသည် သာယာလှပ၏။ လမ်းအခြေအနေသည်လည်း တောလမ်းသက်သက်မဟုတ်တော့ပါ။ လမ်းတလျှောက်လုံးတွင် ရွာတရွာ၏ အခြေအနေရှိပါသည်။ ပြတ်တောက်ကျဲပါးသွားခြင်းမရှိလှပါ။ နံနက် (၉) နာရီခွဲခါနီးတွင် Lumberlost လမ်းကို ကျော်လျှင် ခဏနားကြ၏။

ဆက်လက်ချီတက်လျှင် (၁ဝ) နာရီထိုးခါနီးအချိန်တွင် Town of New Hartford သို့ရောက်ရှိသည်။ စည်ကားသော Shopping Center ရက်ကွက်ကို ဖြတ်ကျော်ကြ၏။ လူအများ အားပေးနှုတ်ဆက်မှုကို တွေ့ရ သည်။ မြန်မာဘုန်းတော်ကြီးများ ဦးဆောင်ချီတက်လောသော ဤအဖွဲ့ကိုမြင်လျှင် အံ့သြဖွယ်ရာ တော့ဖြစ်နိုင်ပါ၏။ အင်အားမှာလည်း ပေါ့သေးသေးတော့မဟုတ်ပေ။ (၁ဝ) နာရီ (၃၅) မိနစ်တွင် ဤရပ်ကွက် တွင်ပင်ခဏ နားကြ၏။ နားသည့်နေရာတွင်ပင် အချိန်ရှိခိုက် ဘုန်းတော်ကြီးများကို ဆွမ်းကပ်ကြ၏။ ဆွမ်းအတွက်ကိုလည်းကောင်း ချီတက်သူများအတွက်ကိုလည်းကောင်း မြို့ခံများက ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါသည်။ ချီတက်အဖွဲ့ကလည်း နေ့လည်စာ အဆာပြေစားကြသည်။

E 5 လမ်းမှခွဲထွက်၍ Genesee လမ်းသို့ဝင်၏။ ဤလမ်းသည် မြို့လယ်ခေါင်သို့ တောက်လျှောက် ဝင်မည့်လမ်းဖြစ်ပါ၏။ (၁၂) နာရီထိုးရန် (၅) မိနစ်အလိုတွင် Village of New Hartford သို့ရောက်၏။ (၁၂) နာရီ (၅) မိနစ်တွင် Utica မြို့ထိပ်သို့ရောက်ရှိသည်။ ဆက်လက်ချီတက်ပြီးနောက် Adirondack Bank ဘဏ်ဘေးတွင် ရပ်နား၍ ကြိုဆိုရေးအဖွဲ့ကို စောင့်ကြသည်။ ထိုစဉ် Ithaca မြို့မှအဖွဲ့ဖြစ်သော ကိုမင်းထွေး မောင်နှံ၊ ကိုအောင်ကြည်ဦးနှင့် အလက်ဇန္ဒားတို့ ရောက်ရှိလာပါသည်။ Utica မြို့အဝင် လမ်းကြောင်းကို ကြိုတင်သိရှိထားသဖြင့် ဤနေရာတွင် လာဆုံကြခြင်းဖြစ်ပါသည်။

Ithaca အဖွဲ့နှင့် ဆက်လက်ထွက်ခွာလျှင် သတ်မှတ်ထားသော မြို့လယ်ခေါင်သည် သိပ်တော့မဝေးလှတော့ပေ။ ကားများမှနှုတ်ဆက်အားပေးကြ၏။ တချိုအိမ်များမှလည်း ဓါတ်ပုံထွက်ရိုက်ကြ၏။ (၁၂) နာရီခွဲတွင် ရွှေဝါရောင် ကျောင်းမှ ဦးဇင်းဂေါသိတနှင့် Albany အဖွဲ့ရောက်လာပါသည်။ သို့ဖြစ်ရာ ချီတက်အင်အားသည် မြို့ကိုသိမ်းရန် လုံလောက်လေတော့၏။ မြို့အဝင်လမ်းသည် မဆိုးလှပေ။ တနေရာတွင် Summer Festival တခု ကျင်းပ နေသည်ကို တွေ့ရသည်။ လူအတော်များ၏။ တချို့လူတို့မှာ စိတ်ဝင်စားမှုရှိသဖြင့် မေးမြန်းကြသည်။ ချီတက်အဖွဲ့၏ နောက်ဆုံးမှ လျှောက်နေသော အလက်ဇန္ဒားက စာရွက်ဝေခြင်း၊ ရှင်းလင်းပြောဆိုခြင်း တို့ကိုပြုနေသည်။

(၁၂) နာရီ (၃၅) မိနစ်တွင် ချီတက်အဖွဲ့အားလုံးကို မြို့ခံများက ပန်းကုံးစွပ်ကြိုဆိုပါသည်။ ယနေ့ချီတက် လာကြသော အဖွဲ့မှာ (၁ဝ) ဦးရှိပါသည်။ (၁ဝ) နာရီခွဲရန် (၅) မိနစ်အလိုတွင် မြို့လယ်ပန်းခြံသို့ ရောက်ရှိ လာပါသည်။ ဤနေရာတွင် (၈၈၈၈) ရှစ်လေးလုံး အခမ်းအနားကို ကျင်းပမည်ဖြစ်ပါ၏။ ပန်းခြံ ဆိုသော်လည်း စင်စစ်တွင် Kopermicus Monument ဖြစ်ပါသည်။ Park Ave, Kemble St, Genesee St, Eagel St စသောလမ်းတို့ဆုံရာနေရာဖြစ်ပါသည်။

အခမ်းအနားဆိုင်းဘုတ်မှာ ဤသို့ဖြစ်ပါသည်။ 21st Anniversary of 8888 Uprising နှင့် မိုင်ပေါင်း (၉ဝဝ) ချီတက်ရဲဘော်များကို ကြိုဆိုပွဲ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားများ၊ အလံများဖြင့် ဆင်ယင်ထား၏။ အခမ်းအနားစလျှင် ယူတီကာမြို့ ရွှေဝါရောင်မဂ္ဂင်ကျောင်းမှ ဆရာတော်ဦးပညာဇောတ ဦစွာပြောကြားပါသည်။ ရှစ်လေးလုံးသည် (၂၁) နှစ်ကြာမြင့်ခဲ့ပြီ။ ပန်းတိုင်သို့မရောက်ရှိသေး။ စုစုစည်းစည်း လက်သီးနှင့်ထိုးရမည့်အချိန်ဖြစ်သည်။ ပရိုပိုဇယ်လက်ချောင်းလေးမျာနှင့် ထိုးရမည့်အချိန်မဟုတ်။ သဘောထားကွဲလွဲမှုများကိုအသာထား၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟောပြောပါသည်။

ထို့နောက်သဝဏ်လွှာဖတ်ကြားမှုတွင် ယူတီကာမြို့မှ မမိုးမိုးက ခရီးရှည်ချီတက်အဖွဲ့၏ ရှစ်လေးလုံးနေ့ သဘောထားထုတ်ပြန်ကြေညာချက်ကိုဖတ်ကြားသည်။ ရဲဘော်ဇော်နေမျိုးက လူ့ဘောင်သစ် ပါတီ၏ကြေညာချက်ကို ဖတ်ကြားသည်။ ယူတီကာမြို့ ဒီမိုကရေစီအင်အားစုများ၏ ကြေညာချက်ကို ကိုစိုးခိုင်ကဖတ်ကြားသည်။

ဆက်လက်၍ ယူတီကာမြို့မှ မန်းသောင်းတင်က ရှစ်လေးလုံးနှင့်ပတ်သက်၍ ဂုဏ်ပြုစကားပြောကြားသည်။ ရှစ်လေးလုံးအရေးတော်ပုံသည် တိုင်းရင်းသားအချင်းချင်းနားလည်မှု ရစေအောင် ဖန်တီးပေးသော အကြောင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်သည် ပြည်သူလူထုတရပ်လုံးကို နှိပ်စက်နေကြောင်း၊ အောင်မြင်မှုရရန်မှာ ဘုံရန်သူကို တိုင်းရင်းသားအားလုံး ညီညွတ်စွာတိုက်ခိုက်မှ ရမည်ဖြစ်ကြောင်း စသည်တို့ကို ဟောပြောပါသည်။

Ithaca မြို့မှ ကိုထွန်းအောင်ကျော် ပြောကြားပါသည်။ ရှစ်လေးလုံးအရေးအခင်းကြောင့် မြန်မာပြည်သူတို့ဆန္ဒကို ကမ္ဘာကသိခဲ့ရသည်။ သမိုင်းတွင် ကြီးမားသောမှတ်တိုင်လည်းဖြစ်၏။ ရှစ်လေးလုံးစိတ်ဓါတ် အဓွန့်ရှည်ရန်လိုအပ်၏။ စွန့်လွတ်အနစ်နာခံမှု၊ ပြည်သူ့လိုအင်ကို ရယူပေးမှုသည် ရှစ်လေးလုံးစိတ်ဓါတ် ဖြစ်ကြောင်းဟောပြောပါသည်။

ရခိုင်ဒီမိုကရေစွဲအဖွဲ့ချုပ်ကိုယ်စား ကိုခိုင်လင်းပြောကြားပါသည်။ လမ်းလျှောက်ချီတက်အဖွဲ့ကို ဂုဏ်ယူကြိုဆိုကြောင်း၊ တချို့သောပုဂ္ဂိုလ်တို့၏ ပြက်ရယ်ပြုသောစကားကို ချေပပြောဆိုခြင်းဖြစ်သည်။ အလုပ်လုပ်သည်ဆိုရာတွင် လက်နက်ကိုင်ထွက်တိုက်၍ဖြစ်စေ၊ မိမိကိုယ်တိုင်အသေခံ၍ဖြစ်စေ၊ အလှူငွေထည့်၍ဖြစ်စေ၊ ရေတခွက်တိုက်၍ဖြစ်စေ အမျိုးမျိုးရှိကြောင်းပြောဆိုပါသည်။

ထိုနောက်တွင် ခရီးရှည်အဖွဲ့၏ကိုယ်စား ရဲဘော်မောင်မောင်တိတ်ဟောပြောသည်။ ရှစ်လေးလုံး အရေးတော်ပုံသည် ဦးနေဝင်းအာဏာရှင်ဂိုဏ်းကို နိဂုံးချုပ်စေခဲ့ကြောင်း၊ သို့သော် စစ်အုပ်စုသည် ယနေ့အထိ မတရားပြုနေဆဲ၊ အာဏာရှင်ကိုဆန့်ကျင်ရန် နည်းလမ်းသုံးသွယ်ရှိရာတွင် လူထုနည်း၊ လက်နက်ကိုင် တော်လှန်သောနည်း၊ တိုင်းပြည်အတွက်ဘာလုပ်ပေးနိုင်မလဲဆိုသောနည်းတို့တွင် ခရီးရှည်အဖွဲ့သည် ကုလသမဂ္ဂတွင် နိုင်ငံတကာစုံညီသောအခိုက်၌ မြန်မာ့အရေးကို ကမ္ဘာကသိအောင် တပ်လှန့်နှိုးဆော် ပေးနေခြင်းဖြစ်ကြောင်း၊ ကျဆုံးသွားသူအပေါင်းကို လေးစားသောအားဖြင့် သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်သွားမည်ဖြစ်ကြောင်း ဟောပြော၏။

အော်ဘနီမြို့မှ ရဲဘော်ဇော်ကိုနိုင်ဟောပြောပါသည်။ ကျဆုံးသွားခဲ့သူအပေါင်း၊ အနစ်နာခံသူအပေါင်းကို အလေးအမြတ်ပြုပါ၏။ ရန်သူ့အခြေအနေနှင့် မိမိအခြေအနေရှိရာတွင် ရန်သူသည် ရန်ငါစည်းပြတ်သူဖြစ်၏။ အာဏာကို ကာကွယ်ရန် စစ်တိုက်သကဲ့သို့သာ ဖြေရှင်းမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်တွင် ခိုင်မာတိကျသော မဟာဗျူဟာနှင့် နိုင်ငံရေးဦးဆောင်မှုရှိရန်လိုကြောင်း စသည်တို့ကို ဟောပြောသည်။

ယူတီကာမြို့၏ကိုယ်စား ဆရာဦသန်းထွန်းဟောပြော၏။ လမ်းလျှောက်ချီတက်အဖွဲ့ကို ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒကိုပစ်ပယ်သူ သွေးစွန်းသောလက်နှင့် စစ်အာဏာရှင်ကို လက်ဆွဲ နှုတ်ဆက်ချင်သူတို့ရှိနေသမျှ ဒီမိုကရေစီရေးသည် မလွယ်ကူကြောင်းပြောဆို၏။

ထို့နောက် Ithaca မြို့မှ အလက်ဇန္ဒားဟောပြော၏။ မိမိခေါင်းဆောင် (ဒေါ်အောင်ဆန်းစုကြည်) ကို တကယ် လွတ်မြောက်စေလိုလျှင်၊ ကမ္ဘာကသိစေလိုလျှင် ကျယ်လောင်စွာကြွေးကြော်ရမည်ဖြစ်ကြောင်း၊ တပါးသူတို့က အသံတိုးသွားသည့်အခါ မိမိတို့က မြင့်တင်ရမည်ဖြစ်ကြောင်း၊ ယနေ့အခါ ကမ္ဘာတွင် ထောင်ကျနေသော နိုဗယ်ဆုရှင်ဆိုသည် မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်တဦးတည်းသာလျှင် အကျဉ်းကျနေသော နိုဗယ်ဆုရှင်ဖြစ်ကြောင်း၊ အကြမ်းဖက်နေသောအာဏာရှင်ကို နှလုံးရည်ဖြင့် ရင်ဆိုင်နေခြင်းသည် အကြီးမားဆုံးသော စွမ်းအင်ဖြစ်ကြောင်း၊ သံဃာတော်များသည် စစ်အာဏာရှင်တို့အတွက် မှောက်ထားသောသပိတ်ကို အစဉ်အမြဲမှောက်ထားရန်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကို တသံတည်းဖြင့် ဆန့်ကျင်ကြရန်ပြောဆို၏။


ထို့နောက်တွင် ယူတီကာမြို့ မျိုးဆက်သစ်လူငယ်အဖွဲ့က ကမ္ဘာမကြေဘူးသီချင်းဖြင့်းသီဆိုကြပြီးနောက်၊ ကြွေးကြော်သံဖြင့် အဆုံးသတ်ကြ၏။ ရဲဘော်ဇော်ကိုနိုင်သည် လမ်းလျှောက်ချီတက်အဖွဲ့အတွက် အလှူငွေ ကောက်ခံရင်းအလုပ်များနေ၏။ ညနေ (၅) နာရီ (၁ဝ) မိနစ်တွင် အခမ်းအနားကို အဆုံးသတ်လိုက်ကြသည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive