Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, August 4, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၉ ရက်မြောက်နေ့ ခရီး 59th day of 900 miles for Long March

Utica မြို့မှ ရဲဘော်များ အားဖြည့်ချီတက်ခြင်း
(၅၉) ရက်မြောက်နေ့ (သြဂုတ်လ ၂ ရက်၊ ၂ဝဝ၉)





နံနက် (၉) နာရီခွဲတွင် Deruyter ရွာမှ စတင်ချီတက်သည်။ မနေ့က ရပ်နားခဲ့ရာနေရာ ဤဓါတ်ဆီဆိုင်မှ အဖိုးကြီးသည် ကျွန်ုပ်တို့အား လက်ပြနှုတ်ဆက်အားပေးသည်။ ယနေ့ချီတက်မှုတွင် Utica မြို့မှ ရဲဘော် (၄) ဦးပါဝင်အားဖြည့်ချီတက်ကြသည်။ ထိုသူတို့မှာ ရဲဘော်ဇော်ဇော်၊ ရဲဘော်စိုးစိုး၊ ရဲဘော်စိုးခိုင်၊ ရဲဘော်ခိုင်ထက် တို့ဖြစ်သည်။ ရဲဘော်ဇော်ဇော်သည် မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်ချီတက် ခြင်း Blogကို ဖန်တီးစီမံပေးနေသူဖြစ်ပါသည်။ သို့ဖြစ်ရာ ယနေ့အဖို့ အင်အားအတော်တောင့်တင်းသွားပါ သည်။

လောကဓါတ်သည် မိုးရိပ်တို့ဖြင့်မှိုင်းမှုန်နေ၏။ တောင်တန်းတို့တွင် မြူတို့ဖြင့် ရစ်သိုင်းနေ၏။ အုံ့ဆိုင်းနေသော မနက်ခင်းတွင် ကျွန်ုပ်တို့၏ ခရီးရှည်အဖွဲ့သည် ရွာကလေးမှ စီတန်း၍ ချီတက်ထွက်ခွာသွား၏။ ရွာလမ်းတွင် တချို့နှုတ်ဆက်အားပေးကြ၏။ တချို့မှာ ထူးဆန်းစွာကြည့်နေကြသည်။ ရွာလမ်းကိုကျော်လျှင် ကွင်းပြင်၊ စိုက်ခင်း၊ တောတောင်ဖြင့် ဖွဲ့စည်းထားသောလမ်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါ၏။

ကားအသွားအလာပြတ်လှသော လမ်းမတွင် ခရီးရှည်အဖွဲ့အစီအတန်းသည် မိုးကုတ်ကုတ်၌ တရွေ့တရွေ့ခရီးနှင်နေကြ၏။ အလံမျိုးစုံတို့သည် ပြာမှိုင်းသောကောင်းကင်ကို အာခံ၍ ရုန်းကန်နေကြသည်။ တဖက်တချက်စိုက်ခင်းများ၊ လွင်ပြင်များနှင့် ကုန်းမို့မို့လမ်းကြောတွင် ဤလူစုတို့ချီတက်နေသော အခင်းအကျင်းသည် စိတ်ဝင်စားဖွယ်ရှိလှ၏။ ရုပ်ရှင်ထဲကဇာတ်ဝင်ခန်းကဲ့သို့ ဖြစ်နေသည်။


(၁ဝ) နာရီ (၃၅) မိနစ်အချိန်တွင် တောအုပ်နှစ်ဖက်ကြား လမ်းကလေးတွင်နင်းလျှောက်နေကြစဉ် ဆိုင်ကယ်စီးပုဂ္ဂိုလ်တဦး ပြန်ကွေ့ပြီးရှေ့တွင်ရပ်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့ကို အထူးစိတ်ဝင်စားသဖြင့် မေးမြန်းစုံစမ်း၏။ ယနေ့လိုက်ပါချီတက်သော ရဲဘော်ဇော်ဇော်သည် ဤပုဂ္ဂိုလ်အား မြန်မာပြည်၏ အကြောင်းအရပ်များကို ရှင်းလင်းပြောဆိုပါသည်။ ရဲဘော်ဇော်ဇော်သည် ရဖျူဂျီရုံးတွင် စကားပြန်အဖြစ် အမှုထမ်းနေသူဖြစ်၏။ ဆိုင်ကယ်နှင့်လာသော မုတ်ဆိတ်ကလည်း မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ လမ်းလျှောက်မှုအကြောင်းများကို စိတ်ပါဝင်စားနေသည်ဖြစ်ရာ ကော်ဖီနှင့်သကြားတွေ့သကဲ့သို့ အဆင်ပြေလှ၏။ အကြောင်းမူ မုတ်ဆိတ်သည် Utica မြို့အနီးတွင် နေသူဖြစ်၏။ ယင်းမြို့တွင် မြန်မာပြည်သားများ ရှစ်လေးလုံးအခမ်းအနားကျင်းပရန်၊ ခရီးရှည်အဖွဲ့ကိုကြိုဆိုရေးလုပ်ရန်တို့ ရှိသဖြင့် ထိုဆိုင်ကယ်ခရီးသွားကို တခါတည်း ဖိတ်ကြားလိုက်ပါ၏။


လူသူခရီးသွားနည်းပါးလှသောဒေသ၊ တောကြီးမျက်မဲတွင် ရှားရှားပါးပါးကြုံတွေ့ရသော ပုဂ္ဂိုလ်ထူးဖြစ်ပါ၏။ ကျေးဇူးတင်ရပါမည်။ အကြောင်းမူ ဤသို့သောတောအရပ်တွင် ဤသို့သောပုဂ္ဂိုလ်မျိုးတယောက်နှင့် တွေ့ရခြင်းသည် စည်ကားသောမြို့နယ်မြေတွင် လူများစွာကိုတွေ့ရခြင်းထက် ပို၍ထိရောက်သော အကြောင်းရှိသည်။ သူ့ထံမှ သူ့သူငယ်ချင်း၊ အဖွဲ့အစည်းများကိုပါသိစေ၍ ပင့်ဖိတ်လာသော် ကောင်းလေစွမဟုတ်လော။


အမ္ဗုမ်သည် မြေဝသုန်ကို ရေမှုန်တို့ဖြင့်ဖြန်းလိုက်၊ တခါတခါတဖွဲဖွဲစေလိုက်ဖြင့် ကျီစယ်နေရာ၊ (၁၁) နာရီခွဲခါနီးအချိန်တွင် မိုးသည် သည်းကနဲရွာ၏။ အလံတမားမားဖြင့် ခရီးရှည်သမား ပုရိသ (၈) ဦးတို့သည် တမဟုတ်ချင်း စာသူငယ်ရေစွတ်ဖြစ်ကုန်ကြ၏။ အရပ်ရှစ်မျက်နှာသည် မိုးမှောင်တို့ဖြင့် မှိုင်းမှိုင်းရီရီဖြစ်၏။ မိုးဖွေးဖွေးတွင် ခရီးဝေးသမားတို့သည် မြန်မာ့အရေးကိုဆောင်၍ အနာဂတ်သို့ချီတက်နေဆဲပင်။
မိုးပဇ္ဇုန်ရှင်သည် တလောကလုံးကို စိုစွတ်စေလိုသည်ဖြစ်ရာ မြေအပြင်တွင် သက်ရှိသက်မဲ့အားလုံးတို့သည် အအေးအတူအပူအမျှ သဘောတရားကို မည်သို့မျှ အာခံ၍မရနိုင်ပါ။ မိုးသည် သည်း၍သည်း၍လာသည်ဖြစ်ရာ မိုးရေကြောင့်ပျက်နိုင်သော စာအုပ်စာရွက်၊ ကင်မရာ စသည်တို့ကို သတင်းမှတ်တမ်းကားသို့အပ်နှံလိုက်ရ၏။ (၁၁) နာရီခွဲပြီးချိန်တွင် Georgetown ဆိုင်းဘုတ်ကို မိုးမှုန်တို့အောက်တွင် တွေ့လိုက်ရ၏။
ခရီးသွားရှစ်ဦးသည် နမိုးနီးယားမဖြစ်ဖူးသဖြင့် စိုစွတ်သောယူနီဖောင်း၊ စိုစွတ်သောအလံတို့ဖြင့်၊ စိုစွတ်သောလမ်းကို နင်းလျှောက်ရင်း (၁၂) နာရီ (၁ဝ) မိနစ်တွင် ယနေ့အဖို့ကို အဆုံးသတ်လိုက်ကြသည်။ ဆက်လက်တင်ပြပါဦးမည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive