Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead
Monday, June 22, 2009
Saturday, June 20, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၂၂ ရက်မြောက်နေ့ 22st day of 900 miles for Long March
၂၂ ရက်မြောက်နေ့ (ဇွန်လ ၂ဝ၊ ၂ဝဝ၉)
ဒီကနေ့ Akron မြို့မှပြန်လည်ထွက်ခွာတော့မည်။ မနေ့က အဆုံးသတ်ခဲ့သော S Main St နှင့် E Market Stတို့ဆုံရာနေရာမှ စတင်၍ E Market St အတိုင်း အရှေ့ဘက်ဆီသို့ ဦးတည်၍ လျှောက်ကြလေ၏။ ဒီကနေ့ ကျွန်ုပ်တို့နှင့်အတူ မောင်ငြိမ်းချမ်း (၁၁ နှစ်) လည်း ပါလာပြန်၏။ မောင်ငြိမ်းချမ်းတယောက် ကျွန်ုပ်တို့နှင့် ချီတက်နေရသည်မှာ အလွန်ပျော်နေလေ၏။
Ohio ပြည်နယ်မှ Pennsylvenia ပြည်နယ်ဘက်သို့ ကျွန်ုပ်တို့ဦးတည်ကြမည်ဖြစ်၏။ Akron မှ အရှေ့မြောက် ဘက်သို့ ဦးတည် ချီတက်ကြမည်ဖြစ်၏။ Indiana ပြည်နယ်နှင့် Ohio နယ်စပ်အလွန် Ohio State အတွင်း မိုင် ၂ဝ ကျော်မှစ၍ Akron မြို့သို့မဝင်ခင် အချိန်ထိ မိုင် ၂ဝဝ နီးပါးခန့် အခက်အခဲပေါင်းများစွာကို ကျွန်ုပ်တို့ ၆ ဦး၊ ညီညီညွတ်ညွတ်ကျော်ဖြတ်ခဲ့ကြရ၏။ လမ်းတလျှောက် တည်းခိုရန် အကူအညီပေးမည့်သူမရှိ၊ မည်သည့်မြန်မာနိုင်ငံသားနှင့်မျှ မတွေ့ဆုံခဲ့ကြပါ။ ကျွန်ုပ်တို့ Akron မြို့ကို အဆက်အသွယ်ယူရာOhio State အတွင်းဝင်ရောက်ပြီး ၄ ရက်မြောက်နေ့တွင် စတင်အဆက်အသွယ်ရခဲ့လေ၏။ Akron တွင်နေထိုင်သော ကိုဒေါင်းနီ (ရဲဘော်ဒေါင်းနီ) ကို စတင်အဆက်အသွယ်ရခဲ့ပြီး ကိုဒေါင်းနီမှတဆင့် အခြားသော မြန်မာနိုင်ငံသား များကို ဆက်သွယ်ပေးမှုဖြင့် ကျွန်ုပ်တို့ အကူအညီများစွာ ရရှိခဲ့လေ၏။
ယခင်က လမ်းတွင်အိပ်ခဲ့ကြရ၏။ ထမင်းအနပ်မမှန်ခဲ့ကြ။ ကျွန်ုပ်တို့မှာရှိတဲ့ ငွေကလေးနှင့် ချင့်ချိန်ချွေတာပြီး စားခဲ့ကြသည်။ ကိုဒေါင်းနီ နှင့် အဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်းတွင် လိုအပ်သည်များကို အတတ်နိုင်ဆုံး ကျွန်ုပ်တို့အား အကူအညီပေးခဲ့၏။ Akron မြို့တွင် ၎င်းနေထိုင်သော Apartment ၌တည်းခိုနေထိုင်စေပြီး “ဘာလိုလဲပြော၊ လိုတာရှိရင် ကျနော့်ကိုပြောပါ” ဆိုသောစကားကို မကြာခဏ ပြောကာ အကူအညီအပြည့်အဝ ပေးလေ၏။ ကန္တာရထဲ လမ်းပျောက်၊ အစာငတ်နေတဲ့သူကို အလှူအိမ်ခေါ်ပြီး ထမင်းကျွေး နေရာပေး ကာ ကူညီနေသကဲ့သို့ ကျွန်ုပ်တို့အလွန်ဝမ်းမြောက်စွာ ခံစားရမိပါလေ၏။
Teleconfrence ပေါ်တက်လာပြီး အားပါးတရဆွေးနွေးကာ ဆုံးဖြတ်ချက်များချမှတ်၍ တကယ်အကောင် အထည်ဖေါ်ကြသော အခါ၌ တယ်လီဖုန်းဖြင့်ပင် လှမ်း၍ဆက်လာသူမရှိကြဘဲ၊ ကျွန်ုပ်တို့ ၆ ဦးနှင့်အတူ နောက်တန်းတွင် တာဝန်အပြည့်ယူနေကြသော ကိုဇော် (ဇော်နိုင်ဝင်း)၊ ကိုမင်းဆန်းမင်းတို့သာ ယခုအချိန်၌ ကျန်ရစ်နေကြပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိလေတိုင်း ရင်ထဲမကောင်း ဖြစ်မိကြ သည်မှာအမှန်ပါ။ သို့သော် ကျွန်ုပ်တို့ အားလုံးကိုခွင့်လွတ်ပါ၏။ ကျွန်ုပ်တို့အားလုံးသည် အခြေအနေအားလုံးကို နားလည်မှု ပေးနိုင်ပြီး ကျွန်ုပ်တို့၏ မိုင်ပေါင်း ၉ဝဝ ခရီးစဉ်ကို ဆက်လက်ချီတက်နေကြဆဲပါ။
Akron မှ ကိုဒေါင်းနီနှင့် အဆက်အသွယ်ရလိုက်ခြင်းသည် မိုင်ပေါင်း ၉ဝဝ ၏အနာဂတ်ကို အစာငတ်သူဘဝမှ အာဟာရပြည့်သူတို့ ဘဝသို့ ရောက်သွားခဲ့ရပါလေ၏။ ကဲအခုတော့ Akron မြို့မှ စတင်ထွက်ခွာနေပေပြီ။ E Main St မှ Hazel St ထိုမှ Eastwood Ave အတိုင်း အရှေ့ဘက်သို့ ဦးတည်နေကြလေ၏။ တောင်ကုန်း အတက်အဆင်းလမ်း အလွန်များပြား၏။ လမ်းဘေးအိမ်များက တောင်စောင်းတွင် လှပစွာတည်ထားကြလေ၏။ ပန်းမျိုးစုံတို့ဖြင့် သာယာလေ၏။ လမ်းဘေးတွင်သဘာဝအတိုင်းပေါက်ကာ ပွင့်နေကြသော နှင်းဆီရိုင်း၊ ဂန္ဓမာတို့အပြင် အခြားသောအလှပန်းမျိုးစုံတို့ဖြင့် သဘာဝအလှကို ပြည့်ဝနေစေလေ၏။ မောင်ငြိမ်းချမ်းကတော့ လူငယ်ပီပီ ပျော်နေလေ၏။ပင်ပန်းရမည်ကိုသူမသိပါ။ Eastwood Ave သည် Eastland Ave အမည်သို့ပြောင်းပြီး၊ ထိုမှ Siuthwest Ave အဖြစ်နှင့် Tallmadge ဆိုသော ရွာငယ်လေးတရွာကို မြို့လယ်လမ်းဆုံမှ ကျော်ဖြတ်ကာ Northeast Ave သို့ ဝင်ကြရလေ၏။ ၎င်းလမ်းသည် ထိုနေရာတွင် US 261 N နှင့် အတူတူဖြစ်သွားလေ၏။ ဒီကနေ့တွင် ကျွန်ုပ်တို့သည် Akron မြို့၏ အရှေ့မြောက် ဘက်တွင် ရှိသော Kent မြို့သို့အရောက်သွားကြမည်ဖြစ်၏။
ဒီကနေ့လျှောက်နေသောလမ်းကြောင်းတလျှောက်တွင် လေလွင့်အမှိုက်များမှတဆင့် မြေသြဇာထုတ်လုပ်နေသောစက်ရုံများ၊ သဲခဲ ကြိတ်ခွဲရောင်းချသောစက်ရုံများ၊ အမှိုက်များကို သန့်စင်ရွေးချယ်သောစက်ရုံများ စသည်တို့ကိုတွေ့ကြရလေ၏။ စက်မှုထွန်းကားသော အမေရိကားတွင် အမှိုက်များကိုပင် ပစ်စလက်ခတ်မလုပ်လိုက်ဘဲ သူ့နေရာနှင့်သူ ရွေးချယ်ပြီး အသုံးဝင်အောင်ဖန်တီးနေသည်ကို ဗဟုသုတအဖြစ် တွေ့ရှိခဲ့ကြလေတော့၏။ ယခုလျှောက်နေသောလမ်းများတွင် တောင်ယာစိုက်ခင်းများမတွေ့ရတော့ပါ။ ကုန်ထုတ်လုပ်မှု နှင့် ဆိုင်သောစက်ရုံများကိုသာ တွေ့ရပါ၏။
ယနေ့ခရီးစဉ်တွင် Kent မြို့သို့အရောက်သွားရန်ရှိသော်လည်း မွန်းလွဲ ၂ နာရီအထိ နေ့လည်စာနေရာတွင် သောက်ရေကိုသာ အစားထိုးခဲ့ကြရသည်ကတကြောင်း၊ ၁၁ နှစ်အရွယ် မောင်ငြိမ်းချမ်းကိုယ်တိုင် စိတ်ဓာတ်ခိုင်မာစွာ ရေကိုသာ သုံးဆောင်နေသဖြင့် အခြေအနေကို သုံးသပ်ကာ State Route 261 မှ Cherry Ave သို့ လမ်းချိုးဝင်ပြီး ၁ မိုင်ခန့်အရောက် Cherry St ၏ တနေရာတွင် ကျွန်ုပ်တို့ရပ်နားခဲ့ကြလေတော့၏။
ကဲ မောင်ငြိမ်းချမ်းရေ နေ့လည်စာနှင့် ညစာကို အိမ်မှာတနပ်တည်းပေါင်းပြီး စားကြရအောင်။ ဒီနေ့ဒီမှာဘဲနားလိုက်ကြပါစို့။
သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
မိုင်၉၀၀ ခရီးစဉ်၏ ၂၁ ရက်မြောက်နှင့်ဒေါ်အောင်ဆန်းစုကြည် ၆၄နှစ်မြေက်မွေးနေ့ 21st day of 900 miles for Long March & Daw Aung San Suu Kyi' 64 birthday
Ohio State, Akron မြို့သို့ရောက်ပြီ
၂၁ ရက်မြောက်နေ့ (ဇွန်လ ၁၉ ရက်၊ ၂ဝဝ၉)
မှိုင်းညှို့သောမိုးသားက ကောင်းကင်ကြီးကို အုပ်မိုးထား၏။ တညလုံးမိုးရွာပြီး နံနက်ပိုင်းတွင် မိုးဖွဲများကျနေ၏။ မိုးမင်းကြီးလည်း မောနေပြီထင်၏။ မိုးဖွဲများကြားမှာပင် ကျွန်ုပ်တို့ စတင်ချီတက်ဖြစ်ကြ၏။ Norton Ave နှင့်Miami Ave လမ်းဆုံတို့မှ ဒီကနေ့ စလျှောက်ဖြစ်ကြ၏။ Norton Ave လမ်းမှတဆင့် Wooster Rd သို့ ကူးပြောင်းချီတက်နေကြစဉ် ရေခဲမုန့်ရောင်းသော ဆိုင်တဆိုင်မှ စေတနာရှင် လင်မယား ၂ ဦးက ကျွန်ုပ်တို့အား လှမ်းခေါ်ကာ ရေခဲမုန့်များကြွေးလေ၏။ ရင်ကိုအေးမြရပါ၏။ ကြည်နူးရပါ၏။ ၎င်းတို့ကို လည်း လေးစားရပါ၏။
ထိုမှတဆင့် ရှေ့သို့ဆက်လျှောက်လျှင် ထိုလမ်းကြောသည် East Ave ဟုအမည်ပြောင်းသွားလေ၏။ ထိုလမ်းသည် Akron မြို့တွင်းသို့ ဝင်သွားမည့်လမ်းဖြစ်၏။ Akron မြို့မှ ဒီမိုကရေစီအင်အားစုများက ကျွန်ုပ်တို့အား ထိုလမ်းမှစောင့်၍ ကြိုဆိုနေကြလေ၏။ ကိုဒေါင်းနီ (ရဲဘော်ဒေါင်းနီ)၊ ကိုခင်မောင်ချင်း (ရဲဘော်ခင်မောင်ချင်း)၊ မဝင်း (ဒေါ်ဝင်း) နှင့် မျိုးဆက်သစ်လူငယ်အမြောက်အများ ကျွန်ုပ်တို့ကို ဝမ်းသာအားရကြိုဆိုနေကြလေ၏။ မျိုးဆက်သစ်လူငယ်များကို မြင်ရသောအခါ ကျွန်ုပ်တို့၏ရင်ထဲတွင် အနာဂတ်အတွက် ခြေလှမ်းများပြည့်နက်လို့သွားလေ၏။
မောင်ဥက္ကာကျော် (၁၆ နှစ်)၊ မချောငြိမ်းကျော် (၁၄ နှစ်)၊ မောင်ငြိမ်းချမ်း (၁၁ နှစ်)၊ မသန်းသန်းချို (၁၁ နှစ်)၊ မမာလင်း (၉ နှစ်)၊ မောင်ဝမ်ယု (၇ နှစ်) တို့ ၆ ဦးသည် ကျွန်ုပ်တို့နှင့်အတူ အားပေးလမ်းလျှောက်ကြလေ၏။ လန်းဆန်းတက်ကြွနေကြသော မျိုးဆက်သစ် တို့၏ စိတ်ဓာတ်ကိုတွေ့ရလေသောအခါ ၁၉၈၈ ခုနှစ်ကာလက ဖြတ်ဖြတ်လတ်လတ်သွက်သွက်လက်လက် လှုပ်ရှားခဲ့ကြသော ကျွန်ုပ်တို့၏ငယ်စိတ်များ ပြန်ရလာလေ၏။ သူတို့ကိုကြည့်ပြီး ကျွန်ုပ်တို့သည်ပင် ပြန်လည်၍ငယ်သွားသလား အောင့်မေ့မိလေ၏။ အလွန်သွက်၏။ အလွန်ထက်သန်နေကြ၏။ လမ်းမလျှောက်ရလို့စိတ်ကောက်နေသော မျိုးဆက်သစ်များကို မြင်ရသဖြင့် ခွင့်ပြုခဲ့ရသော မိဘတို့၏အဖြစ်ကိုလည်း မြင်ခဲ့ကြရ၏။
Akron မြို့တွင်းတွင် ဒီကနေ့အဆုံးသတ်မည့် ခရီးစဉ်အား East Ave တဆင့် US 261 E သို့ကူးပြောင်းပြီး၊ ၎င်းမှ W Cedar St ထိုမှ မြို့လယ်သို့ S Main St အတိုင်းလျှောက်ဝင်ကြရလေ၏။ ဒေသခံမျိုးဆက်သစ်တို့ကလည်း အပြေးတဝက်ခြေလှမ်းများဖြင့် ပြုံးပျော်ရွှင်မြူးကာ ချီတက်နေကြလေ၏။ ၁၆ နှစ်အရွယ် မျိုးဆက်သစ်လူငယ် ဥက္ကာကျော်နှင့် စာရေးသူစကားပြောဖြစ်သည်။ အတွေး အခေါ်မြင့်သည်။ နိုင်ငံရေးအတွေးအခေါ်ရှိသည်။ စိတ်ဓာတ်ကြံ့ခိုင်သည်။ မြန်မာပြည်သူတို့အတွက် သူ့ရင်ထဲက စေတနာတွေကို စီမံကိန်း နှင့် စနစ်တကျပြောပြ သည်။ ဤတကြိမ်သည် မောင်ဥက္ကာကျော်အတွက် ဒုတိယအကြိမ်ဖြစ်ပြီး၊ ကိုအေသင်နှင့်ကိုဇော်မင်းထွေး တို့ လျှောက်ခဲ့စဉ်က ပထမအတွေ့အကြုံရခဲ့သည်။
နိုင်ငံရေးသမားဆိုသူတို့နှင့် တွေ့ကြုံခဲ့ရဘူးသမျှ ၎င်း၏ထင်မြင်ချက်များကို ပြတ်ပြတ်သားသား ပြောပြသွား သောအခါ စာရေးသူ သိရှိ နားလည်ထားခဲ့သည့်အတိုင်း ၎င်းသည်လည်း အသက်အရွယ်နှင့်မလိုက်အောင် သိရှိနေသည်ကိုကြည့်ခြင်းအားဖြင့် မောင်ဥက္ကာ၏ ဉာဏ်ရည်ထက်မြက်မှုကို စာရေးသူချီးကျူးမိလေ၏။ မျိုးဆက်သစ်လူငယ်တိုင်းကို အူတူတူများအထင်ဖြင့် ဆွဲစား၊ ထိုးကျွေးလုပ်လိုကြ သော နိုင်ငံရေးသမား အမည် ခံတချို့သည် မောင်ဥက္ကာလို လူမျိုးကိုပြုလုပ်ခဲ့မိမည်ဆိုပါက အမှားကြီးမှားလိမ့်မည်ဟု စာရေးသူသုံးသပ်မိ ရလေတော့၏။
ဒီကနေ့သည် ဇွန်လ ၁၉ ရက်နေ့ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လည်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် Akron မြို့တွင်းသို့ မွန်းလွဲ ၁ နာရီခွဲအရောက် ချီတက်ခဲ့ကြပြီး၊ S Main St နှင့် E Market St လမ်းဆုံတွင် အဆုံးသတ်ခဲ့ကြ၏။ ထိုလမ်းဆုံ တွင် Akron ဒေသခံများ၊ မျိုးဆက်သစ်လူငယ်များနှင့် ကျွန်ုပ်တို့အဖွဲ့ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပွဲကို အထက်ပါလမ်းဆုံတွင် ညနေ ၃ နာရီခွဲအချိန်အထိ ပြုလုပ်ခဲ့ကြ၏။
မွေးနေ့ဆုတောင်းပွဲပြုလုပ်နေစဉ် စိတ်ပါဝင်စားသော အမေရိကန်အမျိုးသမီးတဦး၊ မြန်မာနိုင်ငံသား မွန်ဘုန်းတော်ကြီးတပါး နှင့် ဒကာမ တဦး၊ ထို့နောက် အာဖရိကတိုက်မှလာပြီး ယခုအမေရိကန်နိုင်ငံသား ဖြစ်နေသူ လူမဲကျောင်းသားလူငယ် တဦးတို့သည် ကျွန်ုပ်တို့ထံ ရောက်လာကြပြီး မစ္စတာဘန်ကီမွန်း ထံပေးပို့မည့်စာအား လက်မှတ်ရေးထိုးလိုပါသည်ဟုပြောလာ၏။ ကျွန်ုပ်တို့လည်း အချက်အလက် တချို့ကို ရှင်းပြရာ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင် မြန်မာပြည်ကို သိနေသည့်အပြင် လက်ရှိအခြေအနေကို လည်း သိနေပြီ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့လမ်းလျှောက်ချီတက်အဖွဲ့ကိုလည်း သိနေပြီဖြစ်ကြောင်း ပြောပြလာလေ ၏။ လက်မှတ်များ ရေးထိုးကြပြီးနောက် ကျေးဇူးတင်စကားပြောဆိုကာ နှုတ်ဆက်သွားကြလေတော့၏။
ဒီကနေ့မနက်စာနှင့် ညနေစာကိုပေါင်းကာ စားကောင်းသောက်ဖွယ်များဖြင့် စားဖြစ်ကြလေ၏။ အဘယ်ကြောင့်နည်း။ Akron မြို့မှ ဒေါ်ဝင်းမာက ၎င်း၏အိမ်သို့ ထမင်းဖိတ်ကျွေးသောကြောင့်ဖြစ်လေ၏။ ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်၏။ နိုင်ငံရေးမျိုးဆက်များမှ ဆင်းသက်လာကြသော ထိုမိသားစု၏ အကူအညီပေးမှုသည်ကား ကျွန်ုပ်တို့အံ့သြရလောက်ပါပေ၏။
ကျွန်ုပ်တို့၏ မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်မှုမှတ်တမ်းတွင် Akron မြို့၌ အံ့သြလောက်အောင် မှတ်တမ်းတင်ထိုက်သူများ ကျန်ရှိနေပါ သေး၏။ တည်းခိုရန်ကိစ္စ၊ စားရေးကိစ္စ၊ သွားလာရေးကိစ္စများကို စိတ်အားထက်သန်စွာ ကူညီခဲ့ကြသူများ ရှိကြလေ၏။ နောက်နေ့များ တွင် ဆက်လက်ဖေါ်ပြသွားမည်ဖြစ်ပြီး ဒီကနေ့တွင် အားလုံးကိုယ်လက်များ ကိုက်ခဲနေကြသည်ဖြစ်၍ အနားယူလိုပါသဖြင့် စာဖတ် ပရိသတ်များအား နှုတ်ဆက်လိုက်ပါရစေတော့။
သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
Wednesday, June 17, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၂၀ ရက်မြောက်နေ့ 20th day of 900 miles for Long March
၂ဝ ရက်မြောက်နေ့ (ဇွန်လ ၁၇၊ ၂ဝဝ၉)
ဒီမနက်စတင်ချီတက်ကတည်းက မိုးဖွဲများရွာနေ၏။ လေအေးများတိုက်နေ၏။ သွေးမပူခင်မှာတော့ ရဲဘော်ကျော်ရှိန်နှင့် ရဲဘော်စောငိုတို့ ဒဏ်ကြေလိမ်းဆေးလိမ်းနေရ၏။ မိုးရွာနေသည့်နေ့တွင်မှ ၁၁ နှစ်အရွယ် မျိုးဆက်သစ်လူငယ်လေးတဦး ကျွန်ုပ်တို့နှင့် အားကြိုးမာန်တက် ပျော်ရွှင်ခြင်းများနဲ့အတူ ဒီကနေ့လာရောက်လမ်းလျှောက်နေလေ၏။
Ohio State Akron တွင်နေသော ဦးကျော်စွာနှင့် ဒေါ်ဝင်းမာတို့၏သား ၁၁ နှစ်အရွယ်မောင်ငြိမ်းချမ်းသည် ယနေ့ကျွန်ုပ်တို့ကို အားပေးလမ်းလျှောက်ခဲ့လေ၏။ မျိုးဆက်သစ်လူငယ်မောင်ငြိမ်းချမ်းသည် စိတ်ဓာတ်ခိုင်မာ၏။ သွက်လက်၏။ မြန်မာပြည်သူတို့ကို စစ်ကျွန်ဘဝမှ လွတ်မြောက်စေချင်သောစိတ်ဓာတ် ဤကလေးတွင် ကိန်းအောင်းနေသည်ကို ကျွန်ုပ်တို့သိရှိခဲ့ရလေ၏။ မြန်မာနိုင်ငံသား မိဘ၂ ပါးကမွေးဖွားပြီး မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားမှုအားနည်းသွားကြသည့် တတိယနိုင်ငံရောက် မျိုးဆက်သစ်များအကြား အမေရိကားနိုင်ငံရောက် မောင်ငြိမ်းချမ်းလို မျိုးဆက်သစ်တို့ကတော့ အလွန်ရှားလေ၏။ ကျွန်ုပ်တို့အံ့သြရ၏။ မချီးကျူးဘဲ မနေနိုင်တော့ပါ။ မောင်ငြိမ်းချမ်းလို စိတ်ဓာတ်ခိုင်မာသည့် မျိုးဆက်သစ်များ များပြားပါစေဟု လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါ၏။
ဒီကနေ့ခရီးစဉ်တွင်Mennonite Rd နှင့် Greenwish Rd တွေ့ဆုံရာနေရာမှ စတင်ခဲ့ကြ၏။ မိုးရေထဲမှာဘဲ စတင် ချီတက်ခဲ့ကြ၏။ နေ့လည် ၁၂ နာရီခန့်တွင် မိုးက ခေတ္တနားသွားပြန်၏။
Greenwish Rd အတိုင်းဆက်လျှောက်ရာ မွန်းလွဲ ၂ နာရီတွင် Wadsworth မြို့ကို ဖြတ်ကျော်ကြလေတော့၏။ အတန်ငယ် စည်ကားသော ထိုမြို့သည် တောင်ကုန်းအတက်အဆင်းလှိုင်းများပေါ်တွင် တည်ထားလေ၏။ မြို့တွင်းဧရိယာကို ဖြတ်သန်းစဉ်၌ Greenwish Rd ကို နာမည်ပြောင်း၍ သုံးနှုန်းခေါ်ဝေါ်ထားပြန်လေ၏။ ၎င်းတို့မှာ College St ၊ ထိုမှဆက်လျှောက်လျှင် Booad St ၎င်းနောက် S Medina Line Rd လမ်းဆုံအရောက်တွင်Greenwish ဟု ပြန်လည်ခေါ်ဝေါ်ပြန်၏။ ထိုမှဆက်သွားလျှင် Norton Ave ဟုပြောင်းသွားပြန်၏။ မြို့တွင်းကိုဖြတ်စဉ် လမ်းအမည်အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ် ထားသော်လည်း ၎င်းလမ်းသည် Greenwish Rd နှင့် အတူတူပင်ဖြစ်လေ၏။
ညနေ ၃ နာရီတွင် မိုးက သဲသဲမဲမဲရွာချပြန်၏။ ကျွန်ုပ်တို့က မိုးရေထဲဆက်လျှောက်နေဆဲပါ။ ယခုအချိန်တွင် Ohio State ၏ Akron မြို့အနီးသို့ ရောက်လာနေချေပြီ။ မနက်ဖြန် Akron မြို့တွင်းသို့ဝင်တော့မည်။ ဒီကနေ့တော့ Wadsworth မြို့ကို မိုးရေထဲဖြတ်ကျော် နေဆဲပါ။ မနက်ကတည်းက မိုးရေထိလိုက်၊ နေပူလိုက်၊ မိုးရေပြန်စိုလိုက်ဖြစ်နေလို့ Wadsworth မြို့တွင်းကို လွန်မြောက်ပြီး မြို့ပြင်သို့ မထွက်မီ Norton Ave နှင့် Miami Ave လမ်းတို့ဆုံရာနေရာ၌ ဒီကနေ့ခရီးကို ညနေ ၃ နာရီခွဲတွင်အဆုံးသတ်လိုက်ကြလေတော့၏။
သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
မိုင် ၉၀၀ ခရီးစဉ်၏ ၁၉ ရက်မြောက်နေ့ 19th day of 900 miles for Long March
OH Greenwish လမ်းကြောင်းပေါ်မှာ
၁၉ ရက်မြောက်ခရီး (ဇွန်လ ၁၆ ရက်၊ ၂ဝဝ၉)
မနေ့ကတည်းကUS 224 E ပေါ်ကနေ တဆင့်ပြီးတဆင့် လမ်းကြောင်းပြောင်း ချီတက်နေခဲ့ကြသည်မှာ Grenwish Rd သို့ပင် ရောက်နေပေပြီ။ မနေ့က အဆုံးသတ်ခဲ့ကြသည့် Grenwish Rd နှင့် Friendsville လမ်းဆုံမှ စတင်၍ ဒီကနေ့လျှောက်ကြပြန်၏။ ယခုအချိန်တွင် ကျွန်ုပ်တို့အားလုံး Greenwish Rd လမ်းကြောင်းပေါ်တွင် ချီတက်နေကြသည်။
စတင်ချီတက်ပြီး မိနစ် ၃ဝ ခန့်တွင်Westfield Center ကိုဖြတ်လျှောက်ကြရ၏။ ထိုနေရာသည် အလွန်သာယာလှပသော နေရာတခု ဖြစ်လေ၏။ သာယာလှပသော မြို့ငယ်လေးဟုဆိုချင်ပါ၏။ သို့သော် မြို့ဟုခေါ်ဝေါ်ထားခြင်း မရှိဘဲ Center ဟုသာ သုံးနှုန်းခေါ်ဝေါ်ထား လေ၏။
ဂေါက်ကွင်းများ၊ ပန်းခြံများနှင့် မြက်ခင်းစိမ်းလွင်ပြင်များက တွေ့ရသူရင်ကိုအေးမြစေ၏။ သန့်ရှင်းသပ်ရပ်လျက် ရှိသည်ကိုတွေ့ရ ၏။ Greenwish Rd သည် Westfield Center မြို့လယ်အဝိုင်းကိုပတ်ပြီး မူလ Greenwish Rd လမ်းထဲသို့ ပြန်လည် ဦးတည်သွား လေ၏။ တောင်ကုန်းတောင်တန်းအတက်အဆင်းများ၏။ Greenwish Rd သည် တောင်ကုန်းတောင်တန်းများကို ဖြတ်တက်၍ ဖေါက်လုပ်ထားလေ၏။ Westfield Center ကိုလွန်မြောက်ပြီးGreenwish Rd သို့ဆက်လျှောက်နေစဉ် ကျွန်ုပ်တို့အား စိတ်ဝင်စား သော ရဲအရာရှိတဦး
မြက်ခင်းစိမ်းများဖြင့် လှပနေသော ဂေါက်ကွင်းများကို ကျော်လွန်လာသောအခါ ကျွန်ုပ်တို့လျှောက်နေသောလမ်း၏ လက်ဝဲဘက် (မြောက်အရပ်) တွင်US 224 E ကို ဟိုအဝေးဆီ၌ လှမ်းမြင်နေရလေ၏။ ကျွန်ုပ်တို့လျှောက်နေသည့် Greenwish Rd နှင့် US 224 E သည် အပြိုင်ပြေးနေသည်ကို တွေ့ရ၏။ ကျွန်ုပ်တို့ချီတက်နေသည်ကို ကားဖြည်းဖြည်းမောင်း၍ ကြည့်ကြသူများ ဓာတ်ပုံရိုက် ကြသူများအပြင် အသက်အရွယ်ကြီးသူဇနီးမောင်နှံ ၂ ဦးတို့ကလည်း ကျွန်ုပ်တို့ အရိပ်ခိုနားရာနေရာဆီသို့လာပြီး ရေခဲစိမ်သောက်ရေ ဗူးများနှင့် စားစရာတချို့အား လာရောက်ပေးရင်း အားပေးစကားပြောကာ ဆုတောင်းမေတ္တာ ပို့သပေးပါ၏။
နေပူလွန်းသဖြင့် နေ့လည် ၁၂ နာရီခန့်တွင် လမ်းဘေးတနေရာ၌ ခေတ္တအနားယူနေခဲ့ကြစဉ် ESL ကျောင်းဆရာတဦးသည် ၎င်း၏ ကလေးများကိုခေါ်ပြီး ကျွန်ုပ်တို့ထံရောက်လာကြပါ၏။
တောင်ကုန်းအတက်အဆင်းများသော ဤနေရာ ဤလမ်းသည် တောတန်းအရိပ်များနှင့် လှပသပ်ရပ်သော အိမ်များစွာကိုတွေ့ရလေ ၏။ မွန်းလွဲ ၁ နာရီခွဲတွင် Seville မြို့နယ်ကို် ဖြတ်ကျော်ကြရ၏။Greenwish Rd သည် Seville မြို့ကို မြို့ပြင်ဘက်မှ ဖြတ်ကျော် သွားသဖြင့် Seville မြို့၏ စည်ကားမှုကိုတော့ တွေ့ရှိခွင့် မကြုံခဲ့ကြပါ။ မြို့ပြင်ဧရိယာသည်လည်း သပ်ရပ်လှပသည်ကို တွေ့ရှိခဲ့ရ၏။ ယခုအချိန်တွင် ကြီးမားသောတောင်ယာခင်းများကို သိပ်မတွေ့ရတော့ပါ။ အိမ်ခြံနှင့်တွဲထားသော တောင်ယာအခင်းငယ် တချို့ကိုသာ မကြာခဏတွေ့ရလေ့ရှိပါ၏။
ဒီကနေ့လျှောက်ခဲ့တဲ့ Greenwish Rd လမ်းဘေးတနေရာမှာတော့ Weltzien Skypark လို့ခေါ်တဲ့ ၂ ယောက် အပျော်စီး လေယာဉ်ကွင်းတခုကိုလည်း တွေ့ခဲ့ကြရလေ၏။ လေယာဉ်ငယ်များလည်း ဆင်းသက်လျက်ရှိ၏။ Skypark လေယာဉ်ကွင်းသည် Greenwish Rd လမ်းဘေးက Kane Rd နှင့် Skypark Rd လမ်းအကြားတွင် တည်ရှိလေ၏။ Greenwish Rd လမ်းကြောင်း ပေါ်ရှိ Friendsville မှစတင်ခဲ့သည့် ဒီကနေ့ခရီးစဉ်သည် Skypark လေယာဉ် ကွင်းကို လွန်မြောက်ပြီး နာရီဝက်ခန့်အကြာ မွန်းလွဲ ၂ နာရီတွင်Mennonite Rd လမ်းနှင့် Greenwish Rd သို့ တွေ့ဆုံရာနေရာ၌ အဆုံးသတ်ခဲ့ကြလေတော့၏။ ဒီကနေ့ နေ့လည်စာ မစားကြပါ။ ညနေစာနှင့်ပေါင်း၍စားလိုက်ကြတော့၏။
သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
မိုင် ၉၀၀ ခရီးရှည်၏ ၁၅ နှင့် ၁၆ ရက်မြောက်နေ့ ခရီးမှတ်တမ်းများ Photos from day 15 & 16 of 900 miles Long March
Tuesday, June 16, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၁၈ ရက်မြောက်နေ့ ခရီး 18th day of 900 miles for Long March
၁၈ ရက်မြောက်ခရီး (ဇွန်လ ၁၅၊ ၂ဝဝ၉)
မနေ့ကရပ်နားခဲ့သောUS 224 E နှင့်Firestone Road တို့တွေ့ဆုံရာလမ်းခွမှ အစပြုပြီး ဒီကနေ့လျှောက်ကြ၏။ မိနစ် ၃ဝ ခန့် ချီတက်ပြီးချိန်တွင် Hommerville ဆိုတဲ့ ရွာငယ်တခုဆီသို့ ရောက်ကြ၏။ US 224 E သည် ရွာတချို့နှင့် မြို့တချို့ကို ဖြတ်သွားစဉ်၌ ထိုရွာ၊ ထိုမြို့ရှိ လမ်းနာမည်ကို ပြောင်းလဲခေါ်ဝေါ်ကြ၏။ ထို့ကြောင့် ယခုအချိန်တွင် Hommerville ကိုဖြတ်သွားသော US 224 E သည် Greenwish Rd ဟု ပြောင်းလဲသုံးနှုန်းထားလေ၏။ သို့ရာတွင် US 224 E နှင့် အတူတူပင်ဖြစ်၏။
ဒီကနေ့ ကျွန်ုပ်တို့ LOdi မြို့ဘက်ဆီသို့ ရှေ့ရှုဦးတည်သွားကြမည်ဖြစ်၏။ Lodi မြို့သို့ဖြတ်သန်းစဉ် နားနေရန်နေရာ အခက်ခဲ ရှိနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် ထိုမြို့တွင်းသို့မဖြတ်သန်းမီ နေ့လည် ၁၂ နာရီခွဲတွင် နေ့လည်စာကို သစ်ပင်ရိပ်တခုအောက်၌ ထုံးစံအတိုင်း စားလိုက်ကြ၏။
Homerville ကိုကျော်လွန်ပြီး US 224 E (Greenwish Rd) အတိုင်းဆက်သွားလျှင် US 42 နှင့်ပေါင်းဆုံသော လမ်းခွကို တွေ့ရှိ လေ၏။ ထိုလမ်းဆုံမှစ၍ US 224 E သို့ ဆက်လက်ချီတက်ကြခြင်းမပြုတော့ဘဲ US 421 E အတိုင်းအရှေ့ဘက်ဆီသို့ လမ်းကြောင်း ပြောင်း၍ ချီတက်ကြရလေတော့၏။ ထိုလမ်းသည် Lodi မြို့၏ မြို့လယ်ခေါင်လမ်းဆုံမှ ဖြတ်သွားမည်ဖြစ်၏။ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် တွင် Lodi မြို့တွင်းကို ကျွန်ုပ်တို့ဖြတ်ကျော်ကြ၏။ Lodi မြို့သည် အနည်းငယ်စည်ကားနေသည်ကို တွေ့ရ၏။ နေကပူ၊ ရေကငတ် သို့သော် ခရီးကိုမနားတမ်း နှင်လိုက်ကြ၏။
Lodi မြို့တွင်းလမ်းဆုံ မီးပွိုင့်အရောက်တွင် US 241 E သို့ ဆက်လက်မလျှောက်တော့ဘဲ US 83 St (Woodster St) လမ်းသို့ချိုးကွေ့ပြီး အရှေ့ဘက်သို့ ဦးတည်လျှောက်ကြရပြန်၏။US 83 St နှင့် Woodster St လမ်းတို့သည် ဤနေရာတွင် ပူးပေါင်းနေလေ၏။ ထိုလမ်းကြောင်းအတိုင်း မိနစ် ၃ဝ ခန့် လျှောက်ပြီးသောအခါ US 83 နှင့် Greenwish Rd ဆိုသော လမ်းခွဲကို တွေ့ရလေ၏။ ထိုနေရာ၌ လမ်း ၃ ခွ ဖြစ်၍နေ၏။ ကျွန်ုပ်တို့ဦးတည်ကြရသည်က Greenwish Rd သို့ ဖြစ်လေ၏။ ထို့ကြောင့် US 83 S နှင်Greenwish Rd တို့ဆုံရာနေရာအရောက်တွင် Greenwish Rd လမ်းသို့ ဘယ်ချိုးကာ ဆက်လက်ချီတက်ကြရလေ၏။
ထိုလမ်းဆုံအလွန်မှစ၍ Greenwish Rd လမ်းသည် တောင်ကုန်းအတက်အဆင်းပေါင်းများစွာကို ဖြတ်၍ဖြတ်၍ လျှောက်ကြရလေ တော့၏။ ရေလှိုင်းကြီးများသဖွယ် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသောGreenwish လမ်းကြောင်းပေါ်တွင် နေပူပူ၊ ခြေပူပူ၊ ရေငတ်ငတ် ခရီးပေါက်အောင် လျှောက်ကြရ၏။ ထိုလမ်းသည် Friendsville သို့ဦးတည်နေပြန်၏။ ညနေ ၃ နာရီခွဲတွင် ကျွန်ုပ်တို့ ဒီကနေ့ ရပ်နားမည့် Greenwish Rd နှင့် Friendsville လမ်းတို့ တွေ့ဆုံကြရာ နေရာသို့ ရောက်ရှိခဲ့ကြလေတော့၏။
ကဲ မောမောနဲ့ ရေသောက်ရင်း နားလိုက်ကြဦးစို့။
သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
Followers
Blog Archive
-
▼
2009
(137)
-
▼
October
(7)
- Interview with Burmese Refugee Maung Maung Tate
- Burmese Hunger Strike at United Nations 2009 Gener...
- Causecast: Interview with Burmese Refugee Maung Ma...
- အစာအငတ်ခံဆန္ဒပြခြင်း ၉ ရက်မြောက်နေ့နှင့် ပိတ်ပွဲအခမ...
- ဆန္ဒပြခြင်း ၈ ရက်မြောက်နေ့ 8th day of Hunger Strike...
- အစာအငတ်ခံဆန္ဒပြခြင်း ၇ ရက်မြောက်နေ့ 7th day of Hung...
- အစာအငတ်ခံဆန္ဒပြခြင်း ၆ ရက်မြောက်နေ့ 6th day of Hung...
-
▼
October
(7)