Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Saturday, June 20, 2009

မိုင်၉၀၀ ခရီးစဉ်၏ ၂၁ ရက်မြောက်နှင့်ဒေါ်အောင်ဆန်းစုကြည် ၆၄နှစ်မြေက်မွေးနေ့ 21st day of 900 miles for Long March & Daw Aung San Suu Kyi' 64 birthday


Ohio State, Akron မြို့သို့ရောက်ပြီ
၂၁ ရက်မြောက်နေ့ (ဇွန်လ ၁၉ ရက်၊ ၂ဝဝ၉)



မှိုင်းညှို့သောမိုးသားက ကောင်းကင်ကြီးကို အုပ်မိုးထား၏။ တညလုံးမိုးရွာပြီး နံနက်ပိုင်းတွင် မိုးဖွဲများကျနေ၏။ မိုးမင်းကြီးလည်း မောနေပြီထင်၏။ မိုးဖွဲများကြားမှာပင် ကျွန်ုပ်တို့ စတင်ချီတက်ဖြစ်ကြ၏။ Norton Ave နှင့်Miami Ave လမ်းဆုံတို့မှ ဒီကနေ့ စလျှောက်ဖြစ်ကြ၏။ Norton Ave လမ်းမှတဆင့် Wooster Rd သို့ ကူးပြောင်းချီတက်နေကြစဉ် ရေခဲမုန့်ရောင်းသော ဆိုင်တဆိုင်မှ စေတနာရှင် လင်မယား ၂ ဦးက ကျွန်ုပ်တို့အား လှမ်းခေါ်ကာ ရေခဲမုန့်များကြွေးလေ၏။ ရင်ကိုအေးမြရပါ၏။ ကြည်နူးရပါ၏။ ၎င်းတို့ကို လည်း လေးစားရပါ၏။

ထိုမှတဆင့် ရှေ့သို့ဆက်လျှောက်လျှင် ထိုလမ်းကြောသည် East Ave ဟုအမည်ပြောင်းသွားလေ၏။ ထိုလမ်းသည် Akron မြို့တွင်းသို့ ဝင်သွားမည့်လမ်းဖြစ်၏။ Akron မြို့မှ ဒီမိုကရေစီအင်အားစုများက ကျွန်ုပ်တို့အား ထိုလမ်းမှစောင့်၍ ကြိုဆိုနေကြလေ၏။ ကိုဒေါင်းနီ (ရဲဘော်ဒေါင်းနီ)၊ ကိုခင်မောင်ချင်း (ရဲဘော်ခင်မောင်ချင်း)၊ မဝင်း (ဒေါ်ဝင်း) နှင့် မျိုးဆက်သစ်လူငယ်အမြောက်အများ ကျွန်ုပ်တို့ကို ဝမ်းသာအားရကြိုဆိုနေကြလေ၏။ မျိုးဆက်သစ်လူငယ်များကို မြင်ရသောအခါ ကျွန်ုပ်တို့၏ရင်ထဲတွင် အနာဂတ်အတွက် ခြေလှမ်းများပြည့်နက်လို့သွားလေ၏။


မောင်ဥက္ကာကျော် (၁၆ နှစ်)၊ မချောငြိမ်းကျော် (၁၄ နှစ်)၊ မောင်ငြိမ်းချမ်း (၁၁ နှစ်)၊ မသန်းသန်းချို (၁၁ နှစ်)၊ မမာလင်း (၉ နှစ်)၊ မောင်ဝမ်ယု (၇ နှစ်) တို့ ၆ ဦးသည် ကျွန်ုပ်တို့နှင့်အတူ အားပေးလမ်းလျှောက်ကြလေ၏။ လန်းဆန်းတက်ကြွနေကြသော မျိုးဆက်သစ် တို့၏ စိတ်ဓာတ်ကိုတွေ့ရလေသောအခါ ၁၉၈၈ ခုနှစ်ကာလက ဖြတ်ဖြတ်လတ်လတ်သွက်သွက်လက်လက် လှုပ်ရှားခဲ့ကြသော ကျွန်ုပ်တို့၏ငယ်စိတ်များ ပြန်ရလာလေ၏။ သူတို့ကိုကြည့်ပြီး ကျွန်ုပ်တို့သည်ပင် ပြန်လည်၍ငယ်သွားသလား အောင့်မေ့မိလေ၏။ အလွန်သွက်၏။ အလွန်ထက်သန်နေကြ၏။ လမ်းမလျှောက်ရလို့စိတ်ကောက်နေသော မျိုးဆက်သစ်များကို မြင်ရသဖြင့် ခွင့်ပြုခဲ့ရသော မိဘတို့၏အဖြစ်ကိုလည်း မြင်ခဲ့ကြရ၏။


Akron မြို့တွင်းတွင် ဒီကနေ့အဆုံးသတ်မည့် ခရီးစဉ်အား East Ave တဆင့် US 261 E သို့ကူးပြောင်းပြီး၊ ၎င်းမှ W Cedar St ထိုမှ မြို့လယ်သို့ S Main St အတိုင်းလျှောက်ဝင်ကြရလေ၏။ ဒေသခံမျိုးဆက်သစ်တို့ကလည်း အပြေးတဝက်ခြေလှမ်းများဖြင့် ပြုံးပျော်ရွှင်မြူးကာ ချီတက်နေကြလေ၏။ ၁၆ နှစ်အရွယ် မျိုးဆက်သစ်လူငယ် ဥက္ကာကျော်နှင့် စာရေးသူစကားပြောဖြစ်သည်။ အတွေး အခေါ်မြင့်သည်။ နိုင်ငံရေးအတွေးအခေါ်ရှိသည်။ စိတ်ဓာတ်ကြံ့ခိုင်သည်။ မြန်မာပြည်သူတို့အတွက် သူ့ရင်ထဲက စေတနာတွေကို စီမံကိန်း နှင့် စနစ်တကျပြောပြ သည်။ ဤတကြိမ်သည် မောင်ဥက္ကာကျော်အတွက် ဒုတိယအကြိမ်ဖြစ်ပြီး၊ ကိုအေသင်နှင့်ကိုဇော်မင်းထွေး တို့ လျှောက်ခဲ့စဉ်က ပထမအတွေ့အကြုံရခဲ့သည်။


နိုင်ငံရေးသမားဆိုသူတို့နှင့် တွေ့ကြုံခဲ့ရဘူးသမျှ ၎င်း၏ထင်မြင်ချက်များကို ပြတ်ပြတ်သားသား ပြောပြသွား သောအခါ စာရေးသူ သိရှိ နားလည်ထားခဲ့သည့်အတိုင်း ၎င်းသည်လည်း အသက်အရွယ်နှင့်မလိုက်အောင် သိရှိနေသည်ကိုကြည့်ခြင်းအားဖြင့် မောင်ဥက္ကာ၏ ဉာဏ်ရည်ထက်မြက်မှုကို စာရေးသူချီးကျူးမိလေ၏။ မျိုးဆက်သစ်လူငယ်တိုင်းကို အူတူတူများအထင်ဖြင့် ဆွဲစား၊ ထိုးကျွေးလုပ်လိုကြ သော နိုင်ငံရေးသမား အမည် ခံတချို့သည် မောင်ဥက္ကာလို လူမျိုးကိုပြုလုပ်ခဲ့မိမည်ဆိုပါက အမှားကြီးမှားလိမ့်မည်ဟု စာရေးသူသုံးသပ်မိ ရလေတော့၏။

ဒီကနေ့သည် ဇွန်လ ၁၉ ရက်နေ့ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လည်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် Akron မြို့တွင်းသို့ မွန်းလွဲ ၁ နာရီခွဲအရောက် ချီတက်ခဲ့ကြပြီး၊ S Main St နှင့် E Market St လမ်းဆုံတွင် အဆုံးသတ်ခဲ့ကြ၏။ ထိုလမ်းဆုံ တွင် Akron ဒေသခံများ၊ မျိုးဆက်သစ်လူငယ်များနှင့် ကျွန်ုပ်တို့အဖွဲ့ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပွဲကို အထက်ပါလမ်းဆုံတွင် ညနေ ၃ နာရီခွဲအချိန်အထိ ပြုလုပ်ခဲ့ကြ၏။


မွေးနေ့ဆုတောင်းပွဲပြုလုပ်နေစဉ် စိတ်ပါဝင်စားသော အမေရိကန်အမျိုးသမီးတဦး၊ မြန်မာနိုင်ငံသား မွန်ဘုန်းတော်ကြီးတပါး နှင့် ဒကာမ တဦး၊ ထို့နောက် အာဖရိကတိုက်မှလာပြီး ယခုအမေရိကန်နိုင်ငံသား ဖြစ်နေသူ လူမဲကျောင်းသားလူငယ် တဦးတို့သည် ကျွန်ုပ်တို့ထံ ရောက်လာကြပြီး မစ္စတာဘန်ကီမွန်း ထံပေးပို့မည့်စာအား လက်မှတ်ရေးထိုးလိုပါသည်ဟုပြောလာ၏။ ကျွန်ုပ်တို့လည်း အချက်အလက် တချို့ကို ရှင်းပြရာ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင် မြန်မာပြည်ကို သိနေသည့်အပြင် လက်ရှိအခြေအနေကို လည်း သိနေပြီ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့လမ်းလျှောက်ချီတက်အဖွဲ့ကိုလည်း သိနေပြီဖြစ်ကြောင်း ပြောပြလာလေ ၏။ လက်မှတ်များ ရေးထိုးကြပြီးနောက် ကျေးဇူးတင်စကားပြောဆိုကာ နှုတ်ဆက်သွားကြလေတော့၏။



ဒီကနေ့မနက်စာနှင့် ညနေစာကိုပေါင်းကာ စားကောင်းသောက်ဖွယ်များဖြင့် စားဖြစ်ကြလေ၏။ အဘယ်ကြောင့်နည်း။ Akron မြို့မှ ဒေါ်ဝင်းမာက ၎င်း၏အိမ်သို့ ထမင်းဖိတ်ကျွေးသောကြောင့်ဖြစ်လေ၏။ ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်၏။ နိုင်ငံရေးမျိုးဆက်များမှ ဆင်းသက်လာကြသော ထိုမိသားစု၏ အကူအညီပေးမှုသည်ကား ကျွန်ုပ်တို့အံ့သြရလောက်ပါပေ၏။



ကျွန်ုပ်တို့၏ မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်မှုမှတ်တမ်းတွင် Akron မြို့၌ အံ့သြလောက်အောင် မှတ်တမ်းတင်ထိုက်သူများ ကျန်ရှိနေပါ သေး၏။ တည်းခိုရန်ကိစ္စ၊ စားရေးကိစ္စ၊ သွားလာရေးကိစ္စများကို စိတ်အားထက်သန်စွာ ကူညီခဲ့ကြသူများ ရှိကြလေ၏။ နောက်နေ့များ တွင် ဆက်လက်ဖေါ်ပြသွားမည်ဖြစ်ပြီး ဒီကနေ့တွင် အားလုံးကိုယ်လက်များ ကိုက်ခဲနေကြသည်ဖြစ်၍ အနားယူလိုပါသဖြင့် စာဖတ် ပရိသတ်များအား နှုတ်ဆက်လိုက်ပါရစေတော့။



သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

1 comment:

Unknown said...

ဟေးးးးးး ပျော်စရာကြီးဗျာ..... မျိုးဆက်သစ်လေးတွေ တက်ကြွနေကြတာ...... ကောင်းတယ်ဗျို့.... သူတို့လေးတွေ မြန်မာပြည်ကို ချစ်ကြတာ ဝမ်းသာစရာ... ထမင်းဖိတ်ကျွေးတဲ့ သူတွေ ဘာတွေနဲပဆိုတော့ ပွဲစည်နေမှာပေါ့နော်......

Followers

Blog Archive