Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, June 23, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၅ ရက်မြောက်နေ့ ခရီး 25th day of 900 miles for Long March

State Route 44 N လမ်းကြောင်းပေါ်ရောက်ပြီ

၂၅ ရက်မြောက်နေ့ (ဇွန်လ ၂၃ ရက်၊ ၂ဝဝ၉)

Akron မြို့၏အရှေ့မြောက်ဘက် မိုင် ၃ဝ ကျော်ဝေးသည့် Munn Rd လမ်းကြောင်းပေါ်မှာ ဒီကနေ့ စချီတက်ကြသည်။ မနေ့က အဆုံးသတ်ခဲ့သည့်နေရာသည် ဒီကနေ့ခရီး၏ အစဖြစ်သည်။ မနက်ပိုင်းတွင် နေပူနေသော်လည်း အပူရှိန်က မမြင့်ပါ။

မနေ့က ကိုယ်လက်ကိုက်ခဲသဖြင့်အနားယူခဲ့ရသော ရဲဘော်ကျော်ရှိန်လည်း သက်သာသွားပြီဖြစ်၍ ဒီကနေ့ ဆက်လက်ချီတက်နိုင်ပြီ ဖြစ်သည်။ ဒီကနေ့တွင်လည်း မောင်ငြိမ်းချမ်းတယောက်ပါလာပြန်၏။ သို့ဖြစ်၍ ချီတက်ရဲဘော် ၆ ယောက်နှင့်စာရေးသူအပါအဝင် အာလုံး ၇ ယောက် ဖြစ်သွား၏။


မြောက်ဘက်သို့ဦးတည်နေသော Munn Rd တွင် မိနစ် ၃ဝ ခန့်လျှောက်ပြီးကြသောအခါ အရှေ့ဘက်သို့ ဦးတည်သွားမည့် Bartholomeow Rd ထဲသို့ချိုးကွေ့ပြီး ဆက်လက်ချီတက်ခဲ့ကြ၏။ Bartholomeow Rd သည်လည်း တောင်ကုန်းအတက်အဆင်းလမ်း ဖြစ်လေ၏။ ထိုလမ်းသည် Oak Valley ကိုဖြတ်ဖေါက်ထားသော လမ်းကြောင်းဖြစ်၏။ State Route ဟုအမည်တပ်ထားသော အမေရိကားလမ်းများသည် ကျေးလက်ဒေသများ ကို ဖြတ် ဖေါက်ထားသော လမ်းကြောင်းများဖြစ်သည်ကို ကျွန်ုပ်တို့ဗဟုသုတအဖြစ် သိရှိရ၏။ Bartholomeowလမ်းဘေးတွင် မြင်းများမွေးထားသောခြံများကို နေရာတချို့တွင်တွေ့ရ၏။

ခြံကျယ်ကြီးများဖြစ်ပြီး အိမ်ရှေ့ပိုင်းတွင် ရေကန်၊ ပန်းခြံများဖြင့် အလှတန်ဆာဆင်ထားသည်ကို မြင်တွေ့ခဲ့ကြ၏။ ထိုလမ်းသည် ကျွန်ုပ်တို့ဦးတည်နေရာ အရှေ့ဘက်သို့ ကြည့်လိုက်လျှင် ရေလှိုင်းများပမာ အလိပ်အလိပ် တောင်ကုန်းများက ဖြည်းဖြည်းချင်းမြင့်တက်သွားသည်ကို တွေ့ကြရ၏။ ၂ မိုင်ခွဲခန့် လျှောက်ရသည့် Bartholomeow ပေါ်ရှိ Oak Valley ကျေးလက်ရွာငယ်ကလေးသည် ပန်းပင်၊အရိပ်ရပင်တို့ အပြင် ရံဖန်ရံခါ အာလူးစိုက်ခင်းနှင့် ပြောင်းစိုက်ခင်းတချို့ ကိုလည်း တွေ့ရလေ၏။

အထက်ပါလမ်းအတိုင်း ချီတက်ကြပြီး State Route 44 နှင့်ဆုံတွေ့ချိန်၌ မြောက်ဘက်သို့ဦးတည်သွားမည့် State Route 44 N လမ်းသို့ ကူးပြောင်းချီတက် ကြလေ၏။ State Route 44 N လမ်းတွင် ပထမဦးဆုံး Ladue ရွာကိုဖြတ်လျှောက်ရသည်။ ထိုလမ်းကြောင်းတွင် Ladue ရေကန်ကို မြင်တွေ့ ကြရ၏။ စတင်လျှောက်ချိန်မှ ၁ နာရီ ၄၅ မိနစ်ခန့်အကြာတွင် ရောက်ခဲ့ကြသော Ladude Lake ရေကန်ဘေးတွင် ခေတ္တနားကြ၏။ ယခုအချိန် တွင် ကားပေါ်ပါလာသောသောက်ရေပင် ကုန်နေပြီဖြစ်ရာ လက်ဆေးရန်ယူလာသောရေကိုပင် သောက်ဖြစ် ခဲ့ကြလေ၏။ ယခုအချိန်အထိ ဓာတ်ဆီဆိုင်မတွေ့၊ ဈေးဆိုင်မတွေ့ကြရသေးပါ။


ကြာပန်းများနှင့်အတူ အစိမ်းရောင်တို့ဖြင့် လှပနေသော ရေဝမ်းဘဲများက ထိုရေကန်တွင်မြူးပျော်နေကြ၏။ ကျွန်ုပ်တို့လည်း ရှိတဲ့ရေကို သောက်၊ ခေတ္တနား၊ ရေကန်မှာခြေလက်ဆေး၊ အပေါ့အပါးသွားကြ၊၊ ပြီးတော့ ရှေ့ခရီးဆက်ရလေ၏။ မောင်ငြိမ်းချမ်းကတော့ ကလေးပီပီ ရေကူးဖို့ပူဆာလေ၏။ နောက်မှလာကြတာပေါ့ဟု ဖြေသိမ့်ရင်း ညီညာစဉ်ကာစီပြီး အလံများတလူလူလွင့်ရင်း State Route 44 N လမ်းအတိုင်း ခရီးဆက်ကြ လေတော့၏။ နေပူရှိန်မြင့်လာပေပြီ။ ယခုအခါမှာတော့ ကျွန်ုပ်တို့၏အရေပြားတွေက ခြောက်သွေ့ပြီးအရေခွံ တချို့ ကွာနေလေပြီ။

လမ်းဘေးတလျှောက်အလေ့ကျပေါက်နေသော ပန်းခင်းမျိုးစုံကိုတွေ့ရ၏။ ထိုပန်းများသည် မြန်မာပြည်တွင်စီးပွားဖြစ်အလှစိုက်ရောင်း ချ၍ရသော ပန်းများဖြစ်၏။ အမေရိကားတွင်လည်း ဈေးကွက်ထဲ၌ တွေ့နိုင်သည့်ပန်းများဖြစ်လေ၏။ သို့သော် ယခုလမ်းဘေးတွင် အလေ့ကျပေါက်နေသည်ကို တွေ့နေရ၏။

ယနေ့ဖြတ်လျှောက်ခဲ့သောရွာများတွင် Munn ရွာနှင့် Oak Valley ရွာတို့သည် Bartholomeow လမ်းဘေးတွင်ရှိပြီး၊ Lude ရွာ၊ Sun Valley နှင့် Oak Valley ရွာတို့မှာ State Route 44 N လမ်းဘေးတွင်ရှိ ကြ၏။ ယနေ့တွင် အလွန်ရေငတ်နေကြ၏။ ကျွန်ုပ်တို့ ရေလိုနေကြပြီ။ ယခုအချိန် ရေအေးအေးတခွက်လောက် တိုက်လျှင် နိဗ္ဗာန်ဘုံရောက်သွားသကဲ့သို့ ခံစားကြရမည်လားဟု အတွေးရောက်မိ၏။

Lude ရွာကိုကျော်ပြီး မိနစ် ၃ဝ လျှောက်လျှင် အရှေ့နှင့်အနောက်သွယ်တန်းထားသော US 422 အဝေးပြေး လမ်းမကြီး၏ တံတားကို တွေ့ရမည်။ ထိုတံတားအောက်မှ State Route 44 N လမ်းကြောင်းအတိုင်း ဖြတ်သန်း ပြီးချိန်၌ ကျွန်ုပ်တို့အား စိတ်ဝင်စားသူတဦး ကားဖြင့် ရောက်လာလေ၏။ ၎င်း၏အမည်မှာ Ryan Lind ဖြစ်ပြီး၊ ကိုယ်ပိုင် Blog ရှိသူဖြစ်၏။ မြန်မာပြည်တွင် နာဂစ်မုန်တိုင်း မိစဉ်က ၎င်းတို့လည်း အလှူငွေများကောက်ခံပြီး လှူခဲ့၏။မြန်မာနိုင်ငံအကြောင်း နှိုက်နှိုက်ချွတ်ချွတ်သိသူဖြစ်၏။ Burma နှင့် Myanmar ဆိုသော အသုံးအနှုန်း ကွဲပုံကိုပါ သိသူဖြစ်၏။ ၎င်းက ကျွန်ုပ်တို့အား သိလိုသမျှမေးမြန်းကာ မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာ တွင်လည်း လက်မှတ်ရေးထိုးသွားလေ၏။ ၎င်း၏ Blog http://reametpaper.blogspot.com တွင်တင်ရန် ဓာတ်ပုံအမှတ်တရ ရိုက်သွား၏။


နေ့လည် ၁၂ နာရီကျော်ကျော်တွင် နေ့လည်စာကို လမ်းဘေးတနေရာ၌ စားကြ၏။ သို့သော် အချို့သောရဲဘော်များ နေ့လည်စာ မစားကြပါ။ သောက်ရေကိုသာ တောင့်တနေခဲ့ကြပါ၏။ ကျွန်ုပ်တို့အရေးတကြီး ရေလိုနေပါပြီ။ Little Punderson Lake ရောက်ခါနီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် State Route 44 N လမ်းဘေးက ရှားရှားပါးပါးဈေးဆိုင်တခုကို တွေ့လိုက်ရ၏။ ‘ရေ ရေ သောက်ရေ’ ထိုဆိုင်တွင် ဝင်ဝယ်၏။ အကပ်လိုက်မရပါ။ တဂါလံဝင် ပလပ်စတစ်ပုံးနှင့် ရေပုလင်းတချို့သာတွေ့လေ၏။ ရေခဲသေတ္တာထဲထည့်ထားသော သောက်ရေ ဂါလံဗူးဝယ်ပြီး ထိုဆိုင်၏အရှေ့ဘက် လမ်းတဘက်ခြမ်း အရိပ်တွင်ထိုင်ကာ အငမ်းမရသောက်ဖြစ်ကြလေတော့၏။ ထိုအချိန် သည်ကား မှတ်မှတ်ရရ မွန်းလွဲ ၁ နာရီခွဲပါ။

တအောင့်တနားထိုင်ပြီးနားကြစဉ် ဆိုင်ရှင်အမျိုးသားကြီးတဦးနှင့် ၎င်း၏သားဖြစ်သူတို့ထွက်လာကြပြီး ကျွန်ုပ်တို့အား နှုတ်ဆက်စကား ပြောကြလေ၏။ဆိုင်ရှင်အမျိုးသားကြီးမှာ မြန်မာနိုင်ငံအကြောင်း သိရှိပြီးသူဖြစ်နေပြန်၏။ကျွန်ုပ်တို့လမ်းလျှောက်နေကြသည့် ဦးတည်ချက် ရည်ရွယ်ချက်နှင့် လက်ရှိဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို ရှင်းပြပြီးသောအခါ၌ ကျွန်ုပ် တို့၏ မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာအား ထောက်ခံသောလက်မှတ်ကို ရေးထိုးလေတော့၏။


ဒီကနေ့လျှောက်နေသည့် State Route 44 N တွင် ဓာတ်ဆီဆိုင်လည်းမရှိပါ။ အထက်တွင်ဖေါ်ပြလိုက်ရသော ဆိုင်ငယ် တဆိုင်မှလွဲ၍ အခြားသော မည်သည့်ဈေးဆိုင်ကိုမျှ မတွေ့ရပါ။ ယခုရောက်နေသော State Route 44 N ၏ညာဘက် (East Side) တွင် Little Punderson Lake ရှိပြီး၊ ဘယ်ဘက် (West Side) တွင် Punderson Lake ရှိ၏။ ရေကန်ကြီးနှင့် ရေကန်အသေးဟုဆိုကြပါစို့။ ကျွန်ုပ်တို့လည်း ရေကန်ကြီး ဖြစ်သောPunderson Lake ကို State Route 44 N အတိုင်းဖြတ်ကျော်ကြရပြန်လေ၏။ ဝေ့ဝိုက်သောလမ်း၊ ကုန်းတက်ကုန်းဆင်းလမ်းတချို့ကိုကျော်ပြီး ရေကန်ကြီးကိုလွန်မြောက်ချိန်၌ State Route 44 N မှခွဲထွက်သော Burton HTS BLVD လမ်းခွဲကို တွေ့ကြရလေ၏။ ဒီကနေ့တော့ မှတ်မှတ်ရရ ဤနေရာတွင်သာ နားလိုက်ကြပါစို့။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

No comments:

Followers

Blog Archive