Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, June 23, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၄ ရက်မြောက်နေ့ ခရီးစဉ် 24th day of 900 miles for Long March


Akron မြို့မှ အရှေ့မြောက်သို့ဦးတည်နေပြီ

၂၄ ရက်မြောက်နေ့ (ဇွန်လ ၂၂ ရက်၊ ၂ဝဝ၉)

ဒီကနေ့ US 43 N နှင့် Ethan Ave တို့ဆုံရာလမ်းဆုံမှ စတင်ကာ US 43 N လမ်းကြောင်းအတိုင်း လျှောက်ကြ ၏။ ၁ နာရီခန့် လျှောက်ပြီးချိန်၌ Aurora Valley ကိုဖြတ်ကျော်ကြ၏။ လှပအောင်ပြင်ဆင်ထားသော ရွာငယ်လေးတရွာဖြစ်၏။ တောင်ကုန်းအတက် အဆင်းများက ယခုအထိရှိနေဆဲပါ။ US 43 N သည် N Chillicothe Rd အဖြစ်ပြောင်းလဲသွားပြီး Aurora Valley ကို ကျော်ဖြတ်၏။ မြို့ပြင်အထွက် E Garfield Rd လမ်းဆုံတွင် ကျွန်ုပ်တို့ E Garfield Rd ဘက်သို့ဦးတည်ချီတက်ကြလေ၏။

ဒီကနေ့တွင် နံနက်ပိုင်းကတည်းက နေပူနေ၏။ ရဲဘော်ကျော်ရှိန်သည် တကိုယ်လုံးကိုက်ခဲနေသည်ဖြစ်၍ ဒီကနေ့အနားယူနေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ ၅ ဦးသာထွက်ခဲ့ကြလေ၏။ ကျွန်ုပ်တို့နှင့်အတူ မျိုးဆက်သစ်လူငယ်မောင်နှမ ၂ ဦးလည်းပါလာပြန်၏။ တဦးမှာ မောင်ငြိမ်းချမ်းဖြစ်ပြီး၊ နောက်တဦးမှာ ၎င်း၏အမဖြစ်သူ မချောငြိမ်းကျော် (၁၄ နှစ်) ဖြစ်၏။ ဒီကနေ့တွင် မချော (မချောငြိမ်းကျော်)က အသွက်ဆုံးဖြစ်နေ၏။ ဖြည်းဖြည်းမှန်မှန်လျှောက်ဖို့သတိပေးနေရ၏။

E Garfield Rd သို့ ချိုးဝင်ပြီး ၁ ဖာလုံခန့်အရောက်တွင် ကျွန်ုပ်တို့ အရိပ်ရှာ၍ ရေသောက်ရင်းခေတ္တနားကြ၏။ စိတ်ဝင်စားသူ တဦးသည် ကားဖြင့်ရောက်လာ၏။ ကျွန်ုပ်တို့ကိုင်ဆောင်နေသောအလံများအားလုံးကို စိတ်ဝင်တစားမေး၏။ အထူးသဖြင့် ခွပ်ဒေါင်းပုံ ပါသော NLD အလံနှင့် ကျောင်းသားအလံတို့ကို ပိုမိုစိတ်ဝင်စား လေ၏။ အလွန်အာဝဇ္ဇန်းရွှင်သူဖြစ်၏။ စကားပြော သွက်လက်၏။ ကျွန်ုပ်တို့ နှင့် စကားပြောဆိုပြီးနောက် မစ္စတာဘန်ကီမွန်းထံပေးပို့မည့်စာအား ထောက်ခံကြောင်းလက်မှတ်ရေးထိုးပေးလေ၏။ ၎င်း လက်မှတ်ရေးထိုးအပြီးတွင် ရုံးတရုံးမှ ကျွန်ုပ်တို့အား စိတ်ဝင်တစားကြည့်နေသူတချို့ထွက်လာပြီး အကျိုးအကြောင်းမေးမြန်းကာ လက်မှတ် ရေးထိုးကြပြန်လေ၏။





E Garfield Rd မှတဆင့် Eggleston Rd သို့ရောက်ချိန်တွင် နေပူရှိန်သည် အလွန်ပြင်းနေပေ၏။ ကျွန်ုပ်တို့နှင့်အတူချီတက်နေသော မောင်ငြိမ်းချမ်းနှင့် မချောတို့လည်း ပင်ပန်းနေကြသည်ကို တွေ့ရလေ၏။ သစ်ပင်ရိပ်တချို့ရှိသော်လည်း ကျွန်ုပ်တို့လျှောက်သောလမ်း ဘက်တွင် အပင်ရိပ်ကိုမရသဖြင့် အပူဒဏ်ကိုအပြည့်အဝ ခံကြရ၏။ ယခုအချိန်တွင် ကားလမ်းသည် တဘက်တွင်တလမ်းသာရှိပြီး ဘေးဘက်တွင် ကားရပ်ရန်မြေပို မရှိသလောက်ဖြစ်၏။ မောပန်းလွန်းနေကြသည့်အပြင် လူငယ်များလည်းဆာနေကြပြီဖြစ်၍ အရိပ် တခုကိုရှာဖွေကာ မွန်းလွဲ ၁ နာရီခွဲတွင် နေ့လည်စာကို Eggleston လမ်းဘေးတနေရာ၌စားဖြစ်ခဲ့ကြ၏။


Eggleston သည် တောလမ်းဟုဆိုရပေမည်။ ကားအသွားအလာကျဲ၏။ လမ်းကျဉ်း၏။ ဤသို့သော လူရှင်း၊ ကားပြတ်သည့် တောလမ်းကျဉ်းတွင် အမျိုးသမီးတဦးသည် ကျွန်ုပ်တို့ထံ ကားဖြင့်စိတ်ဝင်တစားလိုက်လာပြီး စေ့စေ့စပ်စပ်မေးမြန်းပါလေ၏။ နိုင်ငံ အကြောင်း၊ နိုင်ငံရေးအကြောင်း၊ ကျွန်ုပ်တို့အကြောင်း၊ လမ်းလျှောက်နေကြသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များအပြင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုပါ မိနစ် ၃ဝ ခန့်မေးမြန်းခဲ့ပြီးနောက် မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ရေးထိုး ပါလေ၏။

ကားလမ်းမှအပူပြန်သော နေပူဒဏ်သည် မျက်နှာကိုတရှိန်းရှိန်းဖြစ်၍နေလေ၏။ ထမင်းစားပြီးချိန်တွင် Eggleston အတိုင်း ဆက်လျှောက်၍ Crackel Rd အရောက်တွင် အရှေ့ဘက်သို့ဦးတည်ကာ ထိုမှ Munn Rd ထဲသို့ဝင်ကြရလေ၏။ ဒီကနေ့တွင် မျိုးဆက်သစ်လူငယ်၂ ဦးဖြစ်သော မချောငြိမ်းကျော်နှင့် မောင်ငြိမ်းချမ်းတို့လည်းနေပူရှိန်ကြောင့် အလွန်ပင်ပန်းနေကြလေ၏။ စိတ်ဓာတ် များကတော့ မာန်မချကြသေး။ ကျွန်ုပ်တို့လည်းပင်ပန်းနေကြပြီဖြစ်ရာ Munn Rd တွင် မိနစ် ၃ဝ ခန့် လျှောက်ကြပြီးနောက် ဒီကနေ့ ခရီးကို ရပ်နားရန်ဆုံးဖြတ်လိုက်ကြလေတော့၏။

သို့ဖြစ်၍ ဒီကနေ့ခရီးသည် Crackel Rd နှင့် Munn Rd တို့တွေ့ဆုံရာနေရာမှ ၂ ဖာလုံခန့်ဝေးသည့်Munn Rd လမ်း၏ လမ်းဘေး တနေရာတွင် အဆုံးသတ်လိုက်ကြလေတော့၏။



သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

No comments:

Followers

Blog Archive