Greenwich ရွာငယ်လေးကို ကျော်ဖြတ်ပြီ
၁၆ ရက်မြောက်နေ့ (ဇွန်လ ၁၃၊ ၂ဝဝ၉)
ဒီကနေ့ခရီးကို Old State Road က စတင်ခဲ့သည်။ မနက်ပိုင်းမိုးရိပ်အုပ်ပြီး မွန်းလွဲပိုင်းမှစ၍ နေပြင်းပြင်း ပူနေ၏။ ခရီးစတင်ပြီး မကြာမီမှာပင် Greenwich ဆိုတဲ့ရွာငယ်လေးတရွာကို ကျော်ဖြတ်ခဲ့ကြ၏။ တောရွာလေး တရွာဟု ဆိုရပါမည်။ နေ့လည်စာကိုတော့ မွန်းလွဲ ၁ နာရီအချိန် US 224 E နှင့် 13 Road တို့ဆုံရာ လမ်းခွ အနီးက သစ်ပင်ရိပ်အောက်တခုမှာ မြိန်ရှက်စွာစားခဲ့ကြ၏။
မွန်းလွဲပိုင်းလမ်းပြန်လျှောက်ချိန်မှာတော့ နေပူရှိန်ပြင်းနေပြီ။ ထုံးစံအတိုင်း ယာခင်းမျိုးစုံကို ဖြတ်လျှောက်ကြရ၏။ လမ်းမအပူရှိန်က တရှိန်းရှိန်းရှိ၏။ တံလျှပ်တို့ဖြစ်ပေါ်နေ၏။ ကျုပ်တို့အဖို့တော့ ဤခရီးနီးသလား။ လျှောက်နေသူ ခရီးရောက်၏ အဆိုကို နှလုံးမူရင်း ချီတက်နေကြ၏။ အောင်မြင်ခြင်း လည်းမရှိ ဆုံးရှုံးခြင်းလည်းမရှိသောသူသည် ရပ်နေသူဖြစ်၏။ ထိုသို့သောလူမျိုးကို လူ့သုညဟုခေါ်၏။ လူ့သုည မဖြစ်လိုလျှင် တခုခုသောခရီးကိုတော့ လျှောက်နေကြရမည်။
ဒီမိုကရေစီထွန်းကားနေသောနိုင်ငံတို့သည် ထိုင်နေရင်းအလိုအလျောက်ရလာကြခြင်းမဟုတ်ပါ။ ထိုခရီးအတွက် တနည်းနည်းထွင်းဖေါက် ကြိုးစားလျှောက်လှမ်းခဲ့ကြသူများရှိသောကြောင်းတည်း။ ကျွန်ုပ်တို့လည်း တခုခုသောခရီးအတွက် ယခုလျှောက်နေပါ၏။ လက်တွေ့ ကြုံကြိုက်ရသော အခက်အခဲများရှိမည်။ ဖြေရှင်းကြရ၏။ ထို့ကြောင့် ဉာဏ်တို့သည် သွေးသောဓါးထက်သကဲ့သို့ ထက်လာရ၏။ မြန်မာပြည်သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်ရေးအတွက် မိုင်ပေါင်း ၉ဝဝ ချီတက်ပြီး ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်မြို့်ဆီသို့ ချီတက်နေကြ၏။ များပြားရှုတ်ထွေးသော မေးခွန်းပေါင်းများစွာကို ကြိုးစားဖြေကြားရင်း စိတ်ရှည်မှု၊ သည်းခံမှု၊ ဇွဲရှိမှုများပေါင်းစပ်ကာ လမ်းတလျှောက်ရှိပြည်သူများကို ရှင်းပြပြီး ထောက်ခံလက်မှတ် များကို ရသလောက်စုဆောင်းသွား၏။
မိုးရွာ၏။ နေပူ၏။ အစားဆင်းရဲမည်။ အနေဆင်းရဲမည်။ လေအေးစက်တပ်အခန်းထဲက ဖြူဖွေးနုနု အသားအရေနှင့်ကျွန်ုပ်တို့ ခန္တာကိုယ်က အသားအရေ ဘယ်သူလှသလဲတော့ မေးခွန်းမမေးလိုတော့ပါ။ မြန်မာပြည်သူတွေနှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရင်ထဲကနှလုံးသားကို လှအောင်သာ ကျွန်ုပ်တို့ ပိုမိုအာရုံထားပါ၏။ နေလောင်မယ်။ တခါတရံငတ်မယ်။ ပူလိုက်အေးလိုက် နာစေးမယ်။ အဖျား ဝင်မယ်။ ဒီလိုနဲ့မိုင်ပေါင်း ၉ဝဝ ရောက်သွားမည်။
နားရင်းလျှောက်ရင်းပေါ့။ Old State Road နှင့် US 224 E ဆုံရာက စခဲ့တဲ့ဒီနေ့ခရီးဟာလည်း ချောတယ် လို့တော့မရှိပါ။ ဒီလိုနဲ့ဘဲ ညနေ ၃ နာရီခွဲမှာ US 224 E နှင့် Township Road 1281 တို့ဆုံရာနေရာမှာ ဒီနေ့အတွက် ရပ်နားခဲ့ကြလေတော့၏။
သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

1 comment:
တနေ့ တလံ . ပုဂံ ဘယ်ရွေ့ မလည်း ....
ရှေ့ သို့ ဆက်လျှောက် တနေ့ ရောက်မည် ပန်းတိုင် ဆီသို့
ဂုဏ်ယူလျှက် ၊ အားပေးလျှက် ၊ ဆုတောင်းလျှက်
မြန်မာပြည်ကြီး စစ်မှန်သော လွတ်လပ်ရေး ရရှိပြီး
ဆင်းရဲ ပိပြား ပြည်သူများအားလုံး ၊စစ်ဖိနပ် အောက်မှ အမြန်ဆုံး လွတ်မြောက်ရပါစေ ။
Post a Comment