Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Saturday, June 27, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၈ ရက်မြောက်နေ့ 28th day of 900 miles for Long March

State Route 528 N လမ်းကြောင်းပေါ်မှာ

၂၈ ရက်မြောက်နေ့ (ဇွန်လ ၂၇ ရက်၊ ၂ဝဝ၉)၊ စနေနေ့



ဒီကနေ့ State Route 528 N နှင့် State Route 166 E တို့ဆုံရာလမ်းခွမှ State Route 528 N အတိုင်းမြောက်ဘက်သို့ ဦးတည် ချီတက်ကြ၏။ လေအေးတဖြူးဖြူးတိုက်နေသဖြင့် လမ်းလျှောက်ရသည်မှာ အဆင်ပြေလေ၏။ လမ်းခွမှ ၁ဝ မိနစ်ခန့် လျှောက်ပြီးချိန်၌ သဲအကြီးအကျယ်ထုတ်လုပ်သော စက်ရုံတခုကိုတွေ့ကြရ၏။ ၄၅ မိနစ်ခန့်လျှောက်ပြီးချိန်၌ အားကစားကွင်းတခုကို ဖြတ်ကျော်ကြရ၏။ ကြိုတင်ရောက်ရှိနေသော သတင်းကားရှိရာသို့ အမျိုးသမီးတဦးစိတ်ဝင်တစား လာရောက်မေးမြန်းသဖြင့် လမ်းတဘက်ခြမ်းတွင် ချီတက်နေသော ကျွန်ုပ်တို့အဖွဲ့နှင့် ခေါ်ယူမိတ်ဆက်ပေးရလေ၏။ ထိုအားကစားကွင်း သည် Thompson ရွာ၏အဝင်တွင်တည်ရှိလေသည်။ ကျွန်ုပ်တို့အဖွဲ့ဝင်များမှ စိတ်ရှည်လက်ရှည် ရှင်းလင်း ပြောပြသဖြင့် ထိုအမျိုးသမီးလည်း မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာအား ဖတ်ကြည့်လေ၏။

ထို့နောက်ထောက်ခံလက်မှတ်ရေးထိုးမည်ဟုပြောပြီး လက်မှတ်ရေးထိုး၏။ ထို့အပြင် ကျွန်ုပ်တို့အား ခေတ္တစောင့်ခိုင်းပြီး အားကစားကွင်းထဲရှိ ၎င်း၏ယောက်ျားကို သွားရောက်ခေါ်ယူကာ ၎င်းကိုယ်တိုင် ယောက်ျားဖြစ်သူအား တဆင့်ပြန်လည်ရှင်းပြသဖြင့် ၎င်း၏ခင်ပွန်းဖြစ်သူလည်း လက်မှတ်ရေးထိုး လာလေ၏။ ထို့နောက်၎င်းတို့ ၂ ဦးနှင့်နှုတ်ဆက်ပြီး ကျွန်ုပ်တို့ ခရီးဆက်ခဲ့ကြလေတော့၏။


ဒီကနေ့လျှောက်နေသော State Route 528 N သည် တောင်အဆင်းလမ်းဖြစ်လေ၏။ တောင်လှိုင်း အထပ်ထပ်ကို ပြန်၍ဆင်းနေ၏။ ဒီကနေ့ခရီးသည် Chardon မြို့နှင့် Madison မြို့တို့ကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်တွင် ချီတက်နေကြသောခရီးဖြစ်၏။ Akron မြို့နှင့် မိုင် ၇ဝ ခန့်ဝေးနေပြီဖြစ်၍ ဒီကနေ့တွင် Akron မှ မျိုးဆက်သစ်လူငယ်များ ရောက်မလာနိုင်ကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့ ၅ ဦးနှင့် သတင်း၊ ဓာတ်ပုံတာဝန်ယူသူ ရဲဘော်ကျော်ထွန်းတို့သာ ရှေ့ခရီးသို့ဆက်ခဲ့ကြရလေတော့၏။ စတင်လမ်းလျှောက်ပြီး ၁ နာရီခန့်တွင် ကျွန်ုပ်တို့ လမ်းဘေးသစ်ပင်ရိပ်၌ နားကြ၏။ ထိုစဉ် လမ်းတဘက်တွင်မြက်ရိပ်စက်မောင်းနေသော အသားဖြူဖြူ ဝဝဖိုင့်ဖိုင့် ခြံရှင်အမျိုးသားတဦးရောက်လာပြီး ကျွန်ုပ်တို့အား စိတ်ဝင်တစားမေးခွန်းများမေးပါ၏။ ရဲဘော်မင်းရွှေဦးမှ စိတ်ရှည်ရှည်ဖြင့် ရှင်းလင်းပြောပြရာ ၎င်းလည်း မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးပေးလေ၏။ ထို့နောက် ကံကောင်းပါစေ ဟု ဆုတောင်းပေးပါ၏။



နေပူရှိန်သည် တဖြည်းဖြည်းမြင့်လာ၏။ သို့သော် လေအေးအေးတိုက်နေသည်ကတကြောင်း၊ ယနေ့တွင် တောင်အဆင်းလမ်းများကိုသာ လျှောက်နေကြရသည်ကတကြောင်းကြောင့် ကျွန်ုပ်တို့မပင်ပန်းကြပါ။ ဖြတ်လျှောက်ရာလမ်းတလျှောက်တွင် စပျစ်စိုက်ခင်းကြီးများ၊ ဂျုံစိုက်ခင်းတချို့နှင့် ပြောင်းစိုက်ခင်းတချို့ကို တွေ့ကြရပါသည်။ ကျွန်ုပ်တို့သည် State Route 528 N လမ်းကြောင်းပေါ်တွင် ချီတက် နေကြဆဲပါ။ ဤနေရာတွင် Chardon-Madison Rd ဟုလည်း ပြောင်းလဲသုံးနှုန်းခေါ်ဝေါ်ထားပါသည်။

မွန်းလွဲ ၁ နာရီခွဲခါနီးတွင် Klasen Rd လမ်းခွအနီး၌ ကားတစီးသည် တကူးတကရောက်လာပြီး လမ်းတွင်ရပ်ကာ ရေခဲစိမ် သောက်ရေသန့်ပုလင်း ၃ ပုလင်းအား ကျွန်ုပ်တို့ကို ကမ်းပေးသွားပါ၏။ ဆက်လျှောက်ကြပြီး မိနစ် ၂ဝ ခန့်တွင် Grand River ချောင်းကူးတံတားကို ဖြတ်ကျော်ကြပါ၏။ ပေ ၁ဝဝဝ ကျော်မျှရှည်မည်ဟုခန့်မှန်းရသော ချောင်းကူးတံတားသည် တောင်ကုန်းမို့မို့ပေါ်သို့ ဦးတည်၍ သွယ်တန်းတည်ဆောက်ထားလေ၏။ ယခုချိန်၌ နေပူရှိန်ပြင်းနေပေပြီ။ လေတိုက်နှုန်းလည်း လျော့ကျသွားလေ၏။ ဒီကနေ့ နေ့လည်စာကိုတော့ ချောင်းကူးတံတား ကျော်ပြီးသည်နှင့် အရိပ်ကောင်းသော လမ်းဘေးတနေရာတွင် စားဖြစ်ကြလေ၏။


Akron မှ မျိုးဆက်သစ်များကို သတိရမိပါ၏။ ယနေ့ထမင်းဝိုင်းသည် ကျွန်ုပ်တို့ ၆ ဦးတည်းမို့ ခြောက်ကပ် ကပ်ဖြစ်၍နေလေ၏။ Akron မြို့မှ ကျွန်ုပ်တို့အား ထမင်းဖိတ်ကျွေးခဲ့သော ရဲဘော်ဒေါင်းနီ၊ မဝင်း (ဒေါ်ဝင်း)၊ ဒေါ်ဝင်းမာ၊ ရဲဘော်ခင်မောင်ချင်း၊ မချို (ဒေါ်ချို) နှင့် ဒေါ်အေးမွန် မိသားစုတို့အား သတိရ၍မဆုံးပါ။ ကျွန်ုပ်တို့၏ မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်မှု သမိုင်းမှတ်တိုင်တွင် ကမ္ဗည်းတင် ကျန်ရစ်ခဲ့လေတော့၏။ ထိုထိုသောစိတ်ဓာတ်များ၊ ထိုထိုသော မျိုးဆက်သစ်များဖြင့် ကျစ်လစ်သောဖွဲ့စည်းမှုများသာ အခြားအခြားသော ပြည်နယ်များတွင် ရှိခဲ့ကြမည်ဆိုပါက ကျွန်ုပ်တို့၏အောင်ပွဲသည် ကျွန်ုပ်တို့၏ ရှေ့တည့်တည့်တွင် ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။


ကျွန်ုပ်တို့အဖွဲ့သည် မည်သူ့ကိုမျှ နှုတ်မဆက်လိုပါ။ ပြန်ဆုံပါရစေဟုသာ ဆုတောင်းလိုပါ၏။ ယနေ့ ကျွန်ုပ်တို့ ပျင်းရိပါ၏။ ကျွန်ုပ်တို့အား အားပေးခဲ့ကြသော Indian, Fortwayne နှင့် Ohio, Akron မှ မျိုးဆက်သစ်များ အားလုံးကိုသတိရနေပါ၏။ ကျွန်ုပ်တို့သည် တာဝန်တရပ်ကို ထမ်းဆောင်နေသူများပါ။ ဒီတော့ နေ့လည်စာကို စားပြီးသည်နှင့် State Route 528 N ပေါ်သို့ ပြန်လည်ချီတက် ကြရတော့၏။

မွန်းလွဲ ၂ နာရီ၊ မိနစ် ၂ဝ တွင် Madison မြို့သို့ စတင်ဝင်ရောက်နိုင်လေ၏။ မြို့လယ်ခေါင် Main St တွင် လက်ျာဘက်သို့ ချိုးကွေ့ပြီးမှ မြောက်ဘက်သို့ ဆက်လက်ဦးတည်ထွက်သွာမည့် State Route 528 N သို့ ဘက်ကွေ့၍ ဆက်လျှောက်ကြရ၏။

Madison မြို့မှာ မြို့ငယ်လေးတမြို့သာဖြစ်၍ အဆောက်အဦမြင့်မြင့်ကြီးများ မတွေ့ရပါ။ မြို့အထွက်လမ်းတွင် ခြံတခြံမှ လင်မယား ၂ ယောက်က ကျွန်ုပ်တို့လမ်းလျှောက်ချီတက်လာသည်ကို စိတ်ဝင်တစားထွက်၍မေးပါ၏။ ကျွန်ုပ်တို့လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေအပါအဝင် မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတို့ကိုပါ ပေးဖတ်လိုက်ရာ ခင်ပွန်း ဖြစ်သူလည်း ထောက်ခံလက်မှတ် ရေးထိုးလာလေ၏။ မြို့အထွက်လမ်းသည် ခြံကျယ်ကြီးများဖြစ်၍ အချို့နေရာတွင် အိမ်ခြေစိပ်ကာ အချို့နေရာတွင် အိမ်ခြေက ခပ်ကျဲကျဲဖြစ်၍နေ၏။


ဒီကနေ့တွင် ဆိုင်ကယ်စီး၍ လျှောက်လည်သူ အလွန်များပြားစွာ တွေ့ရ၏။ ၎င်းတို့သည် ကျွန်ုပ်တို့အား ဟွန်းတီး၍အားပေးခြင်း၊ လက်မထောင်ပြ၍ အားပေးခြင်းများဖြင့် အားပေးကြပါ၏။ ညနေ ၃ နာရီခွဲတွင် State Route 528 N (Hubbard Rd) နှင့် US 20 E တို့တွေ့ဆုံရာနေရာသို့ရောက်ခဲ့ကြလေ၏။ ထိုနေရာတွင် ကျွန်ုပ်တို့ဒီကနေ့ ရပ်နားကြပေတော့မည်။



Photos and News by Kyaw Tun

1 comment:

Unknown said...

အော်..... ကလေးတွေနဲ့ အမေရိကန်သူ မပါတော့ဘူးကိုးးးး
သူတို့လဲ အတော် ပင်ပန်းသွားရောပေါ့.....
တောင့်ထားဗျို့.... အားပေးလျှက်ပါ.....

Followers

Blog Archive