Willard နှင့် New Haven ကို ကျော်လွန်ပြီ
(၁၅) ရက်မြောက်ခရီး (ဇွန်လ ၁၂၊ ၂ဝဝ၉)
(၁၅) ရက်မြောက်ခရီး (ဇွန်လ ၁၂၊ ၂ဝဝ၉)
ဒီကနေ့ နေသာ၏။ ပြီးခဲ့သည့် ၁၄ ရက်မြောက်ခရီးစဉ်ကို Paul Road တွင် ရပ်နားခဲ့သည်။ ထို့ကြောင့် ၁၅ ရက်မြောက်နေ့ ခရီးသည် Paul Road ကိုအစပြုလေ၏။ စတင်ချီတက်ပြီး မိနစ် ၃ဝ ခန့်တွင် Willard မြို့ငယ်လေးကို ကျော်လွန်နိုင်ခဲ့သည်။ US 224 E သည် Willard မြို့၏ဘေးဘက်မှ ဖောက်လုပ်ထားသော လမ်းဖြစ်၏။ မနက်ပိုင်းမှာပင် ထိုမြို့ငယ်လေးကို ကျော်လွန်ခဲ့ပြီ။
ပြောင်းခင်း၊ ဂျုံခင်း၊ အာလူးခင်းများစွာကို ထုံးစံအတိုင်းမြင်တွေ့ခဲ့ရ၏။ အချို့နေရာတွင် လမ်ဘေးမြေကျယ်ပြီး အချို့နေရာတွင် လမ်းက ကျဉ်းသဖြင့် မြက်ခင်းများကြားမှ ဖြတ်လျှောက်နေကြရဆဲပါ။
မွန်းလွဲပိုင်းတွင် ကျွန်ုပ်တို့၏ရဲဘော်ကြီးစောငို၏ သူငယ်ချင်းနှင့်အတူ အခြားမိတ်ဆွေ ၄ ဦးတို့က အစားအသောက်များ အကူအညီ ပေးရန် ရောက်လာလေ၏။ ရဲဘော်စောငို၏သူငယ်ချင်း ကိုဘုန်းကျော်သည် California State တွင်နေထိုင်ပြီးNew York State သို့အလည်သွားရာမှ Indiana သို့အပြန် ကျွန်ုပ်တို့လမ်းလျှောက်နေသည်ကို ကြားသိပြီးဖြစ်သည့်အတွက် အစားအသောက် များဖြင့် အကူအညီပေးရန် US 224 E လမ်းကြောင်းအတိုင်း ကျွန်ုပ်တို့်လမ်းလျှောက်ရာလမ်းကြောသို့ရှာဖွေကာ လိုက်လာခြင်းဖြစ်၏။ ကိုဘုန်းကျော်နှင့်အတူ ဦးကင်းရှင၊် မဖြူဖြူစိုး၊ မသီရိထွန်းတို့က ကျွန်ုပ်တို့ ၆ ဦးအတွက် ဒီကနေ့ နေ့လည်စာ စီစဉ်လာလေ၏။ ထို့ကြောင့် မွန်းလွဲ ၂ နာရီတွင် OH, New Haven မြို့ငယ်လေးအရောက်၌ နေ့လည်စာကို လမ်းဘေးတနေရာတွင် စားဖြစ်ခဲ့ကြလေတော့၏။ ကျွန်ုပ်တို့ ၆ ဦးနှင့်အတူ ကိုဘုန်းကျော်တို့အဖွဲ့ မှတ်တမ်းဓာတ်ပုံရိုက်ကာ ဝမ်းသာအားရ အားပေးနှုတ်ဆက်ဖြစ်ကြ၏။ ကျွန်ုပ်တို့ ၆ ဦးနှင့် ကိုဘုန်းကျော်တို့အဖွဲ့သည် နေ့လည်စာဝိုင်းတွင် ပျော်ရွှင်စွာ စကားပြောရင်း စားရင်းဖြင့် ဒီကနေ့မနက်ပိုင်းက ပင်ပန်းမှုတွေ တကယ်ပင်ပျောက်ထွက်ကုန်တော့၏။ ကျွန်ုပ်တို့လန်းဆန်းကုန်ကြ၏။ တက်ကြွကုန်ကြ၏။ ပျော်ရွှင်ကုန်ကြ၏။ ထိုပီတိမျိုးကား ကျွန်ုပ်တို့ရခဲသော ပီတိများဖြစ်ကြ၏။ လူရောစိတ်ပါနွမ်းနယ်နေကြသည့် ကျွန်ုပ်တို့အဖို့ ထိုပီတိမျိုးကို ဒီကနေ့ရလိုက်ခြင်းသည် အပျော်နေ့များစွာကို ဖြတ်သန်းချီတက်နေရသကဲ့သို့ တန်ဖိုးများစွာရှိလေစွ။ ထို့ကြောင့် ကိုဘုန်းကျော်၊ ဦးကင်းရှင်၊ မဖြူဖြူစိုး၊ မသီရိထွန်းတို့ကို များစွာကျေးဇူးတင်ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ပါရစေ။
နေ့လည်စာ စားပြီးအထွက်တွင် US 224 E နှင့် East St. တို့တွေ့ဆုံရာလမ်းခွ၌ အမျိုးသမီးတဦးနှင့် သားငယ်တယောက်ပြေးထွက်လာပြီး ကျွန်ုပ်တို့ကိုလှမ်းခေါ်၏။ ထို့နောက် ကျွန်ုပ်တို့အား အကျိုးအကြောင်း မေးမြန်းသဖြင့် ရှင်းပြောပြကြရာ စိတ်ဝင်စားစွာဖြင့် မစ္စတာဘန်ကီမွန်းထံ ပေးပို့မည့်စာအား ထောက်ခံ လက်မှတ်ရေးထိုးလေ၏။
ထို့နောက် US 224 E အတိုင်းဆက်လက်ချီတက်လာခဲ့ကြရာ တောင်ယာအိမ်တအိမ်မှ လူငယ်တဦးသည် ကျွန်ုပ်တို့သတင်းကားရှိရာသို့ လာရောက်သတင်းမေးလာပြန်၏။ ကျွန်ုပ်တို့လည်း စိတ်ရှည်ရှည်ဖြင့် ရှင်းပြကြရာ ၎င်းသည်လည်း ထောက်ခံလက်မှတ်ရေးထိုးလာပြန်၏။ ယနေ့အထိ ကျွန်ုပ်တို့၏ လမ်းခရီးတလျှောက် ကြုံခဲ့ရသည့် အတွေ့အကြုံများတွင် လက်မှတ်ရေးထိုးသူတို့၏ စိတ်ဝင်တစားရှိမှုသည် ကျွန်ုပ်တို့ ကာယကံရှင်များကိုယ်တိုင် အံ့သြရလေ၏။ အဘယ်ကြောင့်နည်း။ စာဖတ်ပြီးလျှင် အလွယ်တကူ လက်မှတ်ရေးထိုးကြသောကြောင့်ဖြစ်၏။ အမေရိကန်နိုင်ငံပြည်သူတို့၏ မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် စိတ်ဝင်စားမှုသည် တတိယနိုင်ငံရောက်မြန်မာနိုင်ငံသား အများစု၏ စိတ်ဝင်စားမှုထက်ပင် သာလွန်နေသည်ဟု သတ်မှတ်ရမလိုဖြစ်တော့၏။ မြန်မာနိုင်ငံက လာပါတယ်လို့ ပြောရမှာရှက်သော မြန်မာနိုင်ငံသားတချို့ကိုပင် စာရေးသူတွေ့ကြုံဖူးလေ၏။
ညနေပိုင်းနေပူရှိန်က အလွန်းပြင်း၏။ ထို့ကြောင့်နားနားပြီးလျှောက်ကြရ၏။ သို့သော် ဒီကနေ့မပင်ပန်းပါ။ အမောပြေပါ၏။ အဘယ်ကြောင့်နည်း။ နေ့လည်စာ စားပြီးကတည်းက အပျော်နေ့တခုလို လန်းဆန်း ခဲ့ရသောကြောင့်တည်း။ ညနေ ၄ နာရီတွင် ဒီကနေ့ကျွန်ုပ်တို့၏ ခရီးဆုံးမှတ်တိုင်ဖြစ်သည့် US 224 E နှင့် Old State Road တို့ ဆုံရာနေရာသို့ ရောက်ခဲ့လေတော့၏။
အပျော်နေ့များစွာ နေ့တိုင်းဖြစ်ပါရစေ။
သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း
No comments:
Post a Comment