Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, June 17, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၉ ရက်မြောက်နေ့ 19th day of 900 miles for Long March


OH Greenwish လမ်းကြောင်းပေါ်မှာ
၁၉ ရက်မြောက်ခရီး (ဇွန်လ ၁၆ ရက်၊ ၂ဝဝ၉)


မနေ့ကတည်းကUS 224 E ပေါ်ကနေ တဆင့်ပြီးတဆင့် လမ်းကြောင်းပြောင်း ချီတက်နေခဲ့ကြသည်မှာ Grenwish Rd သို့ပင် ရောက်နေပေပြီ။ မနေ့က အဆုံးသတ်ခဲ့ကြသည့် Grenwish Rd နှင့် Friendsville လမ်းဆုံမှ စတင်၍ ဒီကနေ့လျှောက်ကြပြန်၏။ ယခုအချိန်တွင် ကျွန်ုပ်တို့အားလုံး Greenwish Rd လမ်းကြောင်းပေါ်တွင် ချီတက်နေကြသည်။


စတင်ချီတက်ပြီး မိနစ် ၃ဝ ခန့်တွင်Westfield Center ကိုဖြတ်လျှောက်ကြရ၏။ ထိုနေရာသည် အလွန်သာယာလှပသော နေရာတခု ဖြစ်လေ၏။ သာယာလှပသော မြို့ငယ်လေးဟုဆိုချင်ပါ၏။ သို့သော် မြို့ဟုခေါ်ဝေါ်ထားခြင်း မရှိဘဲ Center ဟုသာ သုံးနှုန်းခေါ်ဝေါ်ထား လေ၏။

ဂေါက်ကွင်းများ၊ ပန်းခြံများနှင့် မြက်ခင်းစိမ်းလွင်ပြင်များက တွေ့ရသူရင်ကိုအေးမြစေ၏။ သန့်ရှင်းသပ်ရပ်လျက် ရှိသည်ကိုတွေ့ရ ၏။ Greenwish Rd သည် Westfield Center မြို့လယ်အဝိုင်းကိုပတ်ပြီး မူလ Greenwish Rd လမ်းထဲသို့ ပြန်လည် ဦးတည်သွား လေ၏။ တောင်ကုန်းတောင်တန်းအတက်အဆင်းများ၏။ Greenwish Rd သည် တောင်ကုန်းတောင်တန်းများကို ဖြတ်တက်၍ ဖေါက်လုပ်ထားလေ၏။ Westfield Center ကိုလွန်မြောက်ပြီးGreenwish Rd သို့ဆက်လျှောက်နေစဉ် ကျွန်ုပ်တို့အား စိတ်ဝင်စား သော ရဲအရာရှိတဦး

တာဝန်ထမ်းဆောင်နေရာမှ ကျွန်ုပ်တို့ထံ ရောက်ရှိလာလေ၏။ ရဲအရာရှိ၏ စိတ်ဝင်တစား မေးမြန်းချက်များကို ရှင်းပြပြီးသောအခါ၌ ကျွန်ုပ်တို့ မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင် ထောက်ခံကြောင်း လက်မှတ်ရေးထိုးသွားလေတော့၏။

မြက်ခင်းစိမ်းများဖြင့် လှပနေသော ဂေါက်ကွင်းများကို ကျော်လွန်လာသောအခါ ကျွန်ုပ်တို့လျှောက်နေသောလမ်း၏ လက်ဝဲဘက် (မြောက်အရပ်) တွင်US 224 E ကို ဟိုအဝေးဆီ၌ လှမ်းမြင်နေရလေ၏။ ကျွန်ုပ်တို့လျှောက်နေသည့် Greenwish Rd နှင့် US 224 E သည် အပြိုင်ပြေးနေသည်ကို တွေ့ရ၏။ ကျွန်ုပ်တို့ချီတက်နေသည်ကို ကားဖြည်းဖြည်းမောင်း၍ ကြည့်ကြသူများ ဓာတ်ပုံရိုက် ကြသူများအပြင် အသက်အရွယ်ကြီးသူဇနီးမောင်နှံ ၂ ဦးတို့ကလည်း ကျွန်ုပ်တို့ အရိပ်ခိုနားရာနေရာဆီသို့လာပြီး ရေခဲစိမ်သောက်ရေ ဗူးများနှင့် စားစရာတချို့အား လာရောက်ပေးရင်း အားပေးစကားပြောကာ ဆုတောင်းမေတ္တာ ပို့သပေးပါ၏။

နေပူလွန်းသဖြင့် နေ့လည် ၁၂ နာရီခန့်တွင် လမ်းဘေးတနေရာ၌ ခေတ္တအနားယူနေခဲ့ကြစဉ် ESL ကျောင်းဆရာတဦးသည် ၎င်း၏ ကလေးများကိုခေါ်ပြီး ကျွန်ုပ်တို့ထံရောက်လာကြပါ၏။
ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များအပေါ် အတုယူစရာဖြစ်သည့်အတွက် ၎င်း၏ သားသမီးများ အားရပီတိစိတ်၊ အတုယူလိုစိတ်၊ ဂုဏ်ယူလိုစိတ်များ ဖြစ်တည်လာစေရန် ယခုကဲ့သို့ခေါ်လာရခြင်းဖြစ်ကြောင်း အစချီ ပြောဆိုပြီး တဦးချင်းနှုတ်ဆက်ကြပါ၏။ ပီတိနှင့် ဂုဏ်ယူနေကြသော မျိုးဆက်သစ်ကလေးငယ်များ၏ မျက်နှာကို တွေ့ခဲ့ကြရလေ၏။ ESL ကျောင်းဆရာက သိလိုသောအချက်များအား စုံလင်စွာမေးမြန်းပြီး မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာအား ထောက်ခံလက်မှတ် ထိုးလေ၏။ ရေခဲတုံးငယ်များစိမ်ထားသော ရေသန့်အေးအေးတို့ကိုလည်း ကျွန်ုပ်တို့အားတိုက်ကြလေ၏။ ကျွန်ုပ်တို့၏အကြောင်း နှူ ကျောင်းတွင် ပြောပြမည်ဖြစ်ကြောင်းနှင့် ဆုတောင်းမေတ္တာပို့သပါကြောင်းပြောကာ ကျွန်ုပ်တို့ကို နှုတ်ဆက်ထွက်ခွါသွားကြ လေတော့၏။

တောင်ကုန်းအတက်အဆင်းများသော ဤနေရာ ဤလမ်းသည် တောတန်းအရိပ်များနှင့် လှပသပ်ရပ်သော အိမ်များစွာကိုတွေ့ရလေ ၏။ မွန်းလွဲ ၁ နာရီခွဲတွင် Seville မြို့နယ်ကို် ဖြတ်ကျော်ကြရ၏။Greenwish Rd သည် Seville မြို့ကို မြို့ပြင်ဘက်မှ ဖြတ်ကျော် သွားသဖြင့် Seville မြို့၏ စည်ကားမှုကိုတော့ တွေ့ရှိခွင့် မကြုံခဲ့ကြပါ။ မြို့ပြင်ဧရိယာသည်လည်း သပ်ရပ်လှပသည်ကို တွေ့ရှိခဲ့ရ၏။ ယခုအချိန်တွင် ကြီးမားသောတောင်ယာခင်းများကို သိပ်မတွေ့ရတော့ပါ။ အိမ်ခြံနှင့်တွဲထားသော တောင်ယာအခင်းငယ် တချို့ကိုသာ မကြာခဏတွေ့ရလေ့ရှိပါ၏။

ဒီကနေ့လျှောက်ခဲ့တဲ့ Greenwish Rd လမ်းဘေးတနေရာမှာတော့ Weltzien Skypark လို့ခေါ်တဲ့ ၂ ယောက် အပျော်စီး လေယာဉ်ကွင်းတခုကိုလည်း တွေ့ခဲ့ကြရလေ၏။ လေယာဉ်ငယ်များလည်း ဆင်းသက်လျက်ရှိ၏။ Skypark လေယာဉ်ကွင်းသည် Greenwish Rd လမ်းဘေးက Kane Rd နှင့် Skypark Rd လမ်းအကြားတွင် တည်ရှိလေ၏။ Greenwish Rd လမ်းကြောင်း ပေါ်ရှိ Friendsville မှစတင်ခဲ့သည့် ဒီကနေ့ခရီးစဉ်သည် Skypark လေယာဉ် ကွင်းကို လွန်မြောက်ပြီး နာရီဝက်ခန့်အကြာ မွန်းလွဲ ၂ နာရီတွင်Mennonite Rd လမ်းနှင့် Greenwish Rd သို့ တွေ့ဆုံရာနေရာ၌ အဆုံးသတ်ခဲ့ကြလေတော့၏။ ဒီကနေ့ နေ့လည်စာ မစားကြပါ။ ညနေစာနှင့်ပေါင်း၍စားလိုက်ကြတော့၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

No comments:

Followers

Blog Archive