နေ့စဉ် အလှူလုပ်သလို ကျွေးမွေးနေခဲ့တဲ့ ဇေတဝန်ကျောင်းက ထမင်းဝိုင်းတွေဟာ မိုင် ၉ဝဝ ခရီးရှည်ချီတက်နေတဲ့ ကျွန်ုပ်တို့အတွက် အလွန်ကြီးမားတဲ့ အားဆေးတွေဖြစ်ခဲ့ပါတယ်။ နှုတ်ဆက်ထွက်ခွာခဲ့တဲ့နေ့ရက်က လမ်းခရီးအတွက် ဦးကုသ ပေးလိုက်တဲ့ ရေပုလင်းနဲ့အချိုရည်ဗူးတွေဟာOhio State ထဲကိုလျှောက်ဝင်ခဲ့တဲ့ ကျွန်ုပ်တို့ခြေလှမ်းတွေကို များစွာခြေလှမ်းသွက်စေခဲ့ပါတယ်။ Fort Wayne မြို့က နိုင်ငံရေးမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘပြည်သူတွေကို မိုင်ပေါင်း ၉ဝဝ လျှောက်နေတဲ့ ကျွန်ုပ်တို့ရဲ့ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးတွေအတွက် ခရီးရှည်ချီတက်နေတဲ့ သမိုင်းစာမျက်နှာပေါ်မှာ ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်။ ဆန်၊ ဆီအပါအဝင် အခြား သောအစားအစာတချို့ ကူညီထောက်ပံ့သူတွေကိုလည်း ကျွန်ုပ်တို့ဘယ်တော့မှမမေ့နိုင်ပါ။
င်္Fort Wayne ကတော့ တကယ်ပါ။ တကယ့်ဘူမိနက်သန်ဖြစ်ခဲ့ရတဲ့ ကျွန်ုပ်တို့ရဲ့  မိုင်ပေါင်း ၉ဝဝ ခရီးစဉ်ထဲက မှတ်တိုင်သစ်တခုပါ။ ရဲဘော်တို့အားလုံးကိုလည်း ကျွန်ုပ်တို့ဘယ်သောအခါမျှ မေ့နိုင်တော့မည်မဟုတ်ပါ။ Welcome to Ohio ထဲရောက်ခဲ့ပါပြီ။ ဒီနေ့ US 30 E ပေါ်က နေပူရှိန် အလွန်ပူပြင်းလွန်းလှ၏။ အဝေးပြေး ကားလမ်းမပေါ်က တရှိန်းရှိန်းတောက်လောင်နေတဲ့ နေပူရှိန်ဟာ လမ်းမပေါ်မှာ တံလျှပ်တွေအဖြစ် မြင်နေရပါတယ်။ တချို့နေရာတွေမှာ လေတိုက်နှုန်း အလွန်ကြမ်းလေ၏။ ကြမ်းတော့မှာပေါ့ အတားအဆီးမဲ့တဲ့ကွင်းပြင်ကြီးတွေကို ဖြတ်တိုက်နေတာကိုး။ လေရှိန်ထဲမှာ ခွပ်ဒေါင်းအလံနှင့် ဗုဒ္ဓသာသနာ့အလံတော်ဟာ တလူလူလွင့်နေလေ၏။ လေမှာလွင့်နေတဲ့အလံကို ပြန်ထိမ်းရင်း လမ်းလျှောက်နေကြရတာကြောင့် ကျွန်ုပ်တို့ရဲ့ခွန်အားတချို့သည် ကုန်ခန်းသွားလေ၏။
Lincoln ဟိုင်းဝေးလမ်းရဲ့  တနေရာမှာ ကျွန်ုပ်တို့ ရဲ့ သတင်းကားကိုမြင်တော့ အလွန်စိတ်ဝင်စားတဲ့ အိမ်းရှင် အမျိုးသား ၂ ဦးဟာ ကားကိုရပ်တားပြီး စိတ်ဝင်တစား မေးမြန်းတာကို ကြုံခဲ့ရတယ်။ ကျွှန်ုပ်တို့၏ ရှင်းလင်းပြောပြမှုအပြင် မြန်မာပြည် အကြောင်း စိတ်ဝင်စားတဲ့ အိမ်ရှင်အမျိုးသား ၂ ဦးဟာ ကျွန်ုပ်တို့ကို သူတို့ ရဲ့ အိမ်ရှေ့ အပင်ရိပ်အောက်မှာ ခေတ္တ နားစေပြီး သောက်ရေဘူးတွေပေးပါတယ်။
သင်တို့ တိုက်သော ရေတခွက်သည် ကျွန်ုပ်တို့၏ ခြေလှမ်းကို ရှေ့သို့တလှမ်းပို၍တိုးသွားစေသည်ဖြစ်အံ့။ သင်သည် ဒီမိုကရေစီရေးအတွက် သဲတပွင့်အုတ်တချပ်မက တန်ဘိုးရှိသွားပြီဟု မှတ်ယူပါ။ သင်က ကျွန်ုပ်တို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်သွင်းမည့်စာအား ထောက်ခံ လက်မှတ် ထိုးလာသူဖြစ်အံ့။ သင်သည် ကျွန်ုပ်နိုင်ငံနှင့် လူမျိုး ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ကြီးမားသော ပေးဆပ်မှု တခုကိုဆောင်ရွက်လိုက်သူဖြစ်လေ၏။ ထိုသို့ခံယူထားသော ကျွန်ုပ်တို့အား ယနေ့တွင် အမေရိကန်ဖြစ်သူ ၂ ဦးက တကူးတက ခေါ်၍ ရေအေးများ တိုက်သည်။ လိုလိုလားလား ထောက်ခံ လက်မှတ် ရေးထိုးကြသည်။ ထိုဖော်ရွေသော အမေရိကန် ပြည်သူတို့အား ကျွန်ုပ်တို့ လှိုက်လှိုက်လှဲလှဲ မှတ်တမ်း တင်ပါရစေ။ မှတ်တမ်းတင်ပါ၏။ ဂုဏ်ယူပါ၏။
ယဉ်ကျေးပျူငှာလှသော ထိုအမေရိကန်သား ၂ ဦးစလုံးနှင့် ကျွန်ုပ်တို့ ၆ ဦး ဓာတ်ပုံအမှတ်တရရိုက်ကာ နှုတ်ဆက်ထွက်ခွာရင်း ခရီးကို Lincoln ဟိုင်းဝေးလမ်းအတိုင်း ဆက်ကြရလေ၏။ ခြေထောက်နာရင်း၊ ရေငတ် ရင်း၊ တဦးနှင့်တဦး အားပေးကြကာ ရှေ့ သို့ ဦးတည်ကြရလေ၏။ ညနေ ၃ နာရီထိုးတော့မယ်၊ နေ့လည်စာ ထမင်းကို ဘယ်မှာစားရမည်မသိသေး။ ဘာဆိုင်မှမရှိ၊ ဘာနားစရာအရိပ်မှမတွေ့ ၊ အိမ်ခြေအလွန်နည်းသော Lincoln ဟိုင်းဝေးလမ်းမပေါ်မှာတော့ ကျွန်ုပ်တို့ ၆ ဦးနဲ့ မိုင်ပေါင်း ၉ဝဝ ခရီး။ ရှေ့ ပြေးသတင်းက ပြန်လှည့်လာသည်။ ဒီနေ့အတွက် ဦးတည်ထားသော ခရီးလမ်းဆုံးကို တွေ့ပြီဖြစ်ကြောင်းနှင့် နောက် ၁၅ မိနစ်ခန့်တွင် ထိုနေရာရောက်မည်ဟု လမ်းကြောင်းပေါ်က သတင်းသမား ရဲဘော်ကျော်ထွန်း သတင်းပို့လာသည်။ ကျွန်ုပ်တို့ အမော်ပြေရပါ၏။ သို့သော် ရေနှင့်ပြည့်နေပြီးဖြစ်တဲ့ ဗိုက်က ဆာရမည်ကို မတောင့်တတော့။
အခုတော့ ဒီကနေ့ရဲ့ ခရီးဆုံးမှတ်တိုင် Lincoln ဟိုင်းဝေးလမ်းနှင့် Tully-Harisson လမ်းခွဲဆုံရာ မိုင်ပေါင်း ၉ဝဝ အတွက် ၃ ရက်မြောက်ခရီးစဉ် အဆုံးသို့ ရောက်ခဲ့ပါပြီ။ သို့သော် ဒီနေ့ဘယ်မှာ စားရမည်၊ ဘယ်မှာအိပ်ရမည် နည်း။ Van Wert County ဧရိယာထဲမှာမို့ Van Wert မြို့ထဲကိုတော့ အနည်းဆုံး သွားကြရပေမည်။ ကျွန်ုပ်တို့ အကူအညီမျှော်လင့်မိတာတော့ အမှန်ပါ။ သဘာဝပါ။ ဒါပေမဲ့ ဒီနေ့တော့ ကြုံရာမှာ အိပ်ရဖို့ ရှာရပေဦးမည်။ Ohio ထဲက သိသလောက် ဖုန်းတွေက Message တွေချည်း ဖြစ်နေသည်။ Message ပေးပြန်တော့လည်း reply က ပြန်မလာ။
ကျွန်ုတို့ ၆ ဦး Van Wwert မြို့ရဲ့ပန်းခြံတခုသို့ GPS အားကိုနှင့် သွား၍ နားလိုက်ကြသည်။ ကဲ အခုတော့ ကျွန်ုပ်တို့အားလုံး မြက်ခင်းပြင်ပေါ်မှာ ပက်လက်။