Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.
The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead
Sunday, May 31, 2009
တတိယနေ့ ခရီးစဉ် May 29' 2009 Third day of 900 miles Long March has reached to Ohio right now!
မိုင်ပေါင်း ၉ဝဝ ခရီးစဉ် Ohio ရောက်ပြီ မေလ ၂၉၊ ၂ဝဝ၉ သောကြာနေ့
ဒီနေ့ Indiana State ကိုနှုတ်ဆက်ခဲ့လေပြီ။ US 30E လမ်းကြောင်းအတိုင်း Ohio Stae ထဲသို့ ဒီကနေ့ မနက်မှာပင် စတင်ဝင်ရောက်နိုင်ခဲ့ကြသည်။ နှုတ်ဆက်လိုက်ပြီ Indiana ရေ။ ကျုပ်တို့ စတင်ခရီး မထွက်ခွာမီ တည်းခိုခွင့်ပေးခဲ့တဲ့ Fort Wayne မြို့ ဇေတဝန်ကျောင်းက ဦးကုသလ၊ ဦးဝါသဝ၊ ဦးတိက္ခစာရ တို့ကို များစွာကျေးဇူးတင်ရှိကြောင်း လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ပါရစေ။
နေ့စဉ် အလှူလုပ်သလို ကျွေးမွေးနေခဲ့တဲ့ ဇေတဝန်ကျောင်းက ထမင်းဝိုင်းတွေဟာ မိုင် ၉ဝဝ ခရီးရှည်ချီတက်နေတဲ့ ကျွန်ုပ်တို့အတွက် အလွန်ကြီးမားတဲ့ အားဆေးတွေဖြစ်ခဲ့ပါတယ်။ နှုတ်ဆက်ထွက်ခွာခဲ့တဲ့နေ့ရက်က လမ်းခရီးအတွက် ဦးကုသ ပေးလိုက်တဲ့ ရေပုလင်းနဲ့အချိုရည်ဗူးတွေဟာOhio State ထဲကိုလျှောက်ဝင်ခဲ့တဲ့ ကျွန်ုပ်တို့ခြေလှမ်းတွေကို များစွာခြေလှမ်းသွက်စေခဲ့ပါတယ်။ Fort Wayne မြို့က နိုင်ငံရေးမိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘပြည်သူတွေကို မိုင်ပေါင်း ၉ဝဝ လျှောက်နေတဲ့ ကျွန်ုပ်တို့ရဲ့ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးတွေအတွက် ခရီးရှည်ချီတက်နေတဲ့ သမိုင်းစာမျက်နှာပေါ်မှာ ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်။ ဆန်၊ ဆီအပါအဝင် အခြား သောအစားအစာတချို့ ကူညီထောက်ပံ့သူတွေကိုလည်း ကျွန်ုပ်တို့ဘယ်တော့မှမမေ့နိုင်ပါ။
င်္Fort Wayne ကတော့ တကယ်ပါ။ တကယ့်ဘူမိနက်သန်ဖြစ်ခဲ့ရတဲ့ ကျွန်ုပ်တို့ရဲ့  မိုင်ပေါင်း ၉ဝဝ ခရီးစဉ်ထဲက မှတ်တိုင်သစ်တခုပါ။ ရဲဘော်တို့အားလုံးကိုလည်း ကျွန်ုပ်တို့ဘယ်သောအခါမျှ မေ့နိုင်တော့မည်မဟုတ်ပါ။ Welcome to Ohio ထဲရောက်ခဲ့ပါပြီ။ ဒီနေ့ US 30 E ပေါ်က နေပူရှိန် အလွန်ပူပြင်းလွန်းလှ၏။ အဝေးပြေး ကားလမ်းမပေါ်က တရှိန်းရှိန်းတောက်လောင်နေတဲ့ နေပူရှိန်ဟာ လမ်းမပေါ်မှာ တံလျှပ်တွေအဖြစ် မြင်နေရပါတယ်။ တချို့နေရာတွေမှာ လေတိုက်နှုန်း အလွန်ကြမ်းလေ၏။ ကြမ်းတော့မှာပေါ့ အတားအဆီးမဲ့တဲ့ကွင်းပြင်ကြီးတွေကို ဖြတ်တိုက်နေတာကိုး။ လေရှိန်ထဲမှာ ခွပ်ဒေါင်းအလံနှင့် ဗုဒ္ဓသာသနာ့အလံတော်ဟာ တလူလူလွင့်နေလေ၏။ လေမှာလွင့်နေတဲ့အလံကို ပြန်ထိမ်းရင်း လမ်းလျှောက်နေကြရတာကြောင့် ကျွန်ုပ်တို့ရဲ့ခွန်အားတချို့သည် ကုန်ခန်းသွားလေ၏။
နေ့လည် ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ဗိုက်ကလည်းဆာ၊ ရေကလည်းငတ်။ US 30 E လမ်းကြောင်းပေါ်ကနေ
Van Wert County ဧရိယာကို ရောက်တော့ Lincoln အဝေးပြေးလမ်း ဘက် သို့ ကူးပြောင်း လျှောက်ကြရသည်။ လူနေအိမ်ခြေက ကိုက်တရာလောက် ရောက်မှ တအိမ်လောက်တွေ့သည်။ နားခိုစရာသစ်ပင်ရိပ်ကမတွေ့။ ရေက ခဏခဏငတ်။ ဗိုက္ထဲမွာလည္းတကြီကြီ။
Ohio State ထဲက Lincoln ဟိုင်းဝေးလမ်း တွင် rest area မတွေ့ရ။ လမ်းကလည်း တဖက်ကို ကားတစီးစာသာ သွားလို့ရသည်။ ၅၅ မိုင်နှုန်းမောင်းခွင့်ပေးထားသော ထိုကားလမ်းတွင် ကားတွေက အရှိန်ဖြင့် မဆင်မခြင်ဖြတ်သွားလေ့ရှိသဖြင့် ကျွန်ုပ်တို့လမ်းဘေးကပ်၍ လျှောက်နေရ သည်။ လမ်းဘေးတွင်လည်း မြေကစောင်း နေပြန်သည်။ ခရီးလမ်းကြောင်းတလျှောက် သတင်းနှင့်ဓာတ်ပုံယူထားတဲ့ ရဲဘော် ကျော်ထွန်းကတော့ GPS သုံးပြီး ရှေ့ကို ကြိုကြည့်လိုက် ပြန်လာပြီးနေပူထဲကနေ သတင်းမှတ်တမ်း ဓာတ်ပုံ ရိုက်လိုက် သူ့ခမျာလည်း တယောက်ထဲအလုပ်ရှုပ်နေရှာသည်။
Van Wert County ထဲက Lincoln ဟိုင်းဝေးကို ကျွန်ုပ်တို့ ဘယ်လောက် ကြာကြာ ဖြက်လျှောက် သွားရ ဦးမည်နည်း။ အချိန်က မွန်းလွဲ ၂ နာရီ ထိုးနေပြီး မိုးကောင်းကင်ပြာပြာထဲမှာတော့ တိမ်လိတ်မှိုပွင့်ဖြူဖြူတွေက ဟိုတကွက် သည်တကွက် ရွေ့ နေကြသည်။ Ohio State ရဲ Spring ရာသီဥတုက ဒီနေ့မှာ ပြင်းထန်စွာပူပြနေလေ၏။ မနေ့ကတော့ လေတိုက်လိုက်၊ မိုးရွာလိုက်၊ နေပူလိုက်နဲ့ မိုးရေစက်တွေကြား Indian State ကိုဖြတ် လျှောက်ခဲ့ရသည်။ မနေ့က ရေကြည်ဖောင်း တည်ထားတဲ့ ခြေထောက်တချို့ ဟာ၊ ရေကြည်ဖောင်းတွေ ပေါက်တော့ ဒီကနေ့လမ်းလျှောက်ရသည်မှာ ထော့နဲ့ထောနဲ့ဖြစ်နေကြလေ၏။ ခြေသလုံး တွေကတော့ တောင့်နေဆဲ။
Lincoln ဟိုင်းဝေးလမ်းရဲ့  တနေရာမှာ ကျွန်ုပ်တို့ ရဲ့ သတင်းကားကိုမြင်တော့ အလွန်စိတ်ဝင်စားတဲ့ အိမ်းရှင် အမျိုးသား ၂ ဦးဟာ ကားကိုရပ်တားပြီး စိတ်ဝင်တစား မေးမြန်းတာကို ကြုံခဲ့ရတယ်။ ကျွှန်ုပ်တို့၏ ရှင်းလင်းပြောပြမှုအပြင် မြန်မာပြည် အကြောင်း စိတ်ဝင်စားတဲ့ အိမ်ရှင်အမျိုးသား ၂ ဦးဟာ ကျွန်ုပ်တို့ကို သူတို့ ရဲ့ အိမ်ရှေ့ အပင်ရိပ်အောက်မှာ ခေတ္တ နားစေပြီး သောက်ရေဘူးတွေပေးပါတယ်။
သင်တို့ တိုက်သော ရေတခွက်သည် ကျွန်ုပ်တို့၏ ခြေလှမ်းကို ရှေ့သို့တလှမ်းပို၍တိုးသွားစေသည်ဖြစ်အံ့။ သင်သည် ဒီမိုကရေစီရေးအတွက် သဲတပွင့်အုတ်တချပ်မက တန်ဘိုးရှိသွားပြီဟု မှတ်ယူပါ။ သင်က ကျွန်ုပ်တို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်သွင်းမည့်စာအား ထောက်ခံ လက်မှတ် ထိုးလာသူဖြစ်အံ့။ သင်သည် ကျွန်ုပ်နိုင်ငံနှင့် လူမျိုး ဒီမိုကရေစီရရှိရေး၊ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ကြီးမားသော ပေးဆပ်မှု တခုကိုဆောင်ရွက်လိုက်သူဖြစ်လေ၏။ ထိုသို့ခံယူထားသော ကျွန်ုပ်တို့အား ယနေ့တွင် အမေရိကန်ဖြစ်သူ ၂ ဦးက တကူးတက ခေါ်၍ ရေအေးများ တိုက်သည်။ လိုလိုလားလား ထောက်ခံ လက်မှတ် ရေးထိုးကြသည်။ ထိုဖော်ရွေသော အမေရိကန် ပြည်သူတို့အား ကျွန်ုပ်တို့ လှိုက်လှိုက်လှဲလှဲ မှတ်တမ်း တင်ပါရစေ။ မှတ်တမ်းတင်ပါ၏။ ဂုဏ်ယူပါ၏။
ယဉ်ကျေးပျူငှာလှသော ထိုအမေရိကန်သား ၂ ဦးစလုံးနှင့် ကျွန်ုပ်တို့ ၆ ဦး ဓာတ်ပုံအမှတ်တရရိုက်ကာ နှုတ်ဆက်ထွက်ခွာရင်း ခရီးကို Lincoln ဟိုင်းဝေးလမ်းအတိုင်း ဆက်ကြရလေ၏။ ခြေထောက်နာရင်း၊ ရေငတ် ရင်း၊ တဦးနှင့်တဦး အားပေးကြကာ ရှေ့ သို့ ဦးတည်ကြရလေ၏။ ညနေ ၃ နာရီထိုးတော့မယ်၊ နေ့လည်စာ ထမင်းကို ဘယ်မှာစားရမည်မသိသေး။ ဘာဆိုင်မှမရှိ၊ ဘာနားစရာအရိပ်မှမတွေ့ ၊ အိမ်ခြေအလွန်နည်းသော Lincoln ဟိုင်းဝေးလမ်းမပေါ်မှာတော့ ကျွန်ုပ်တို့ ၆ ဦးနဲ့ မိုင်ပေါင်း ၉ဝဝ ခရီး။ ရှေ့ ပြေးသတင်းက ပြန်လှည့်လာသည်။ ဒီနေ့အတွက် ဦးတည်ထားသော ခရီးလမ်းဆုံးကို တွေ့ပြီဖြစ်ကြောင်းနှင့် နောက် ၁၅ မိနစ်ခန့်တွင် ထိုနေရာရောက်မည်ဟု လမ်းကြောင်းပေါ်က သတင်းသမား ရဲဘော်ကျော်ထွန်း သတင်းပို့လာသည်။ ကျွန်ုပ်တို့ အမော်ပြေရပါ၏။ သို့သော် ရေနှင့်ပြည့်နေပြီးဖြစ်တဲ့ ဗိုက်က ဆာရမည်ကို မတောင့်တတော့။
အခုတော့ ဒီကနေ့ရဲ့ ခရီးဆုံးမှတ်တိုင် Lincoln ဟိုင်းဝေးလမ်းနှင့် Tully-Harisson လမ်းခွဲဆုံရာ မိုင်ပေါင်း ၉ဝဝ အတွက် ၃ ရက်မြောက်ခရီးစဉ် အဆုံးသို့ ရောက်ခဲ့ပါပြီ။ သို့သော် ဒီနေ့ဘယ်မှာ စားရမည်၊ ဘယ်မှာအိပ်ရမည် နည်း။ Van Wert County ဧရိယာထဲမှာမို့ Van Wert မြို့ထဲကိုတော့ အနည်းဆုံး သွားကြရပေမည်။ ကျွန်ုပ်တို့ အကူအညီမျှော်လင့်မိတာတော့ အမှန်ပါ။ သဘာဝပါ။ ဒါပေမဲ့ ဒီနေ့တော့ ကြုံရာမှာ အိပ်ရဖို့ ရှာရပေဦးမည်။ Ohio ထဲက သိသလောက် ဖုန်းတွေက Message တွေချည်း ဖြစ်နေသည်။ Message ပေးပြန်တော့လည်း reply က ပြန်မလာ။
ကျွန်ုတို့ ၆ ဦး Van Wwert မြို့ရဲ့ပန်းခြံတခုသို့ GPS အားကိုနှင့် သွား၍ နားလိုက်ကြသည်။ ကဲ အခုတော့ ကျွန်ုပ်တို့အားလုံး မြက်ခင်းပြင်ပေါ်မှာ ပက်လက်။
တင်ပြသူနှင့် သတင်းဓာတ်ပုံ (ရဲဘော် ကျော်ထွန်း)
မြန်မာများ ထကြွကြလော့!
ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ကြည့်ကြပါ၊ စစ်အစိုးရဟာ မြန်မာပြည်ကို သမိုင်းအသစ်ရေးနေပါပြီ၊ နောက်ထပ်ကျွန် သက်တမ်းကို ထပ်တိုးနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချနေပါပြီ
ဒါဟာ ကျုပ်တို့ ပြည်တွင်းပြည်ပက ပြည်သူတွေ စုစည်းမှုနဲ့ နိုင်ငံနှင့် ပြည်သူတွေ အပေါ်မှာထားတဲ့ စေတနာ လျှော့နည်းမှု တွေကြောင့်ပါ
မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည်ချီတက်ခြင်းနှင့် အစာငတ်ခံ ဆန္ဒ ပြပွဲ နိုင်ငံတကာ လှုပ်ရှားမှု ကော်မတီ (USA) မှ
ရဲဘော်တဦး
(အမေစု ပုံကို ရဲဘော် စောငို ရေးဆွဲနေချိန်မှာ ရိုက်ယူထားတာပါ)
Thursday, May 28, 2009
ဒုတိယနေ့ ခရီးစဉ် May 28' 2009 Second day of the Long March of 900 miles
မိုင်ပေါင်း ၉၀၀ ဒုတိယနေ့  (မေလ ၊ ၂၈ ၊ ၂၀၀၉)
U. S. 30 E အဝေးပြေးလမ်းကြောင်းမှာ လျှောက်နေဆဲပါ။ ကောင်းကင်တခုလုံး အုပ်မှိုင်းနေပြီး နံနက် ကတည်းက မိုးရွာလိုက်၊ မိုးတိတ်လိုက်။ ရံဖန်ရံခါမိုးက သည်းထန်လာသည်။ လေပြင်းများ တနေကုန် တိုက်နေသဖြင့် အလွန်အေးလာသည်။ ထိုအခါ လမ်းလျှောက်အမြန်နှုန်းကို အရှိန်တင်ရင်း ခန္ဓာကိုယ် အနွေးဓာတ်ရအောင် လုပ်ယူနေရသည်။
U. S. 30 E အဝေးပြေးလမ်းမပေါ်က အမေရိကန်ပြည်သူတွေရဲ့ ကားဟွန်းသံဟာ ကျုပ်တို့ ရဲ့  ရင်ကို လွန်စွာ အေးမြစေခဲ့တယ်။ ဒီမိုကရေစီထွန်းကားတဲ့ မြေပေါ်က အမေရိကန်ပြည်သူတွေကို ကျုပ်တို့ လွန်စွာလေးစားရပါတယ်။ နံနက် ၁၀ နာရီခန့် က ရွာလိုက်တဲ့ မိုးရေကြောင့် စွတ်စိုခဲ့တဲ့ ခန္ဓာကိုယ်ဟာ ကျုပ်တို့ ကိုယ်က အငွေ့ ပျံထွက်နေတဲ့ အနွေးဓာတ်ကြောင့် နေ့ လည် ၁၂ နာရီ လောက်မှာ အ၀တ်အစားတွေ ပြန်ခြောက်သွားခဲ့ရတယ်။
U. S. 30 E လမ်းကြောင်းပေါ်က ခြေလှမ်းတွေကတော့ အင်ဒီးယားနားပြည်နယ် (Indiana Sate) ရဲ့  ရှေ့ ဖက်မှာရှိနေတဲ့ အိုဟိုင်းအို ပြည်နယ်(Ohio State) ဆီသို့  ချီတက်နေဆဲပါ။
ဒီနေ့ မှာတော့ ကားရပ်ပြီး ဂုဏ်ပြုစကား ပြောကြားလာကြတဲ့ မေရိကန် ပြည်သူတွေ မကြာခဏ ဆိုသလို တွေ့ ကြုံလာခဲ့ရပါတယ်။ အဲဒီ အဝေးပြေးလမ်းကြောင်းပေါ်က တာဝန်ကျ ရဲများ ကိုယ်တိုင် ကားရပ်ပြီး ကျုပ်တို့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူရပါကြေင်း လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်တာကိုလည်း ကြုံခဲ့ ကြရပါတယ်။
အနောက်အရပ်ဆီက တိုက်ခတ်လာတဲ့လေနဲ့ အတူ မိုးကလည်း တခါတခါ သည်းထန်တာကို ကြုံနေရ ဆဲပါ။ ကျုပ်တို့ က ရှေ့ ကလျှောက် မိုးကအနောက်ကလိုက်နဲ့  မွန်းလွဲ ၂ နာရီမှာ Welcome to Ohio (အိုဟိုင်းအိုမှ ကြိုဆိုပါ၏) ဆိုတဲ့ဆိုင်းဘုတ်ကို လှမ်းမြင်လိုက်ရပါသည်။
ခြေထောက်ပေါက်သူ၊ ခြေသလုံးတောက်သူတွေ ရှိခဲ့ကြပေမဲ့ ထိုအရာတွေက စိတ်ဓာတ်ကြံ့ခိုင်မှုရဲ့  ခံနိုင်ရည်ကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ ကျုပ်တို့ အခုတော့ Indiana (အင်ဒီးယားနား) နဲ့ Ohio State(အိုဟိုင်းအို ပြည်နယ်)ရဲ့  နယ်စပ်ကိုရောက်ခဲ့ကြပါပြီ။
နံနက်စာ အနည်းငယ်သာစားပြီး တလမ်းလုံး ဗိုက်ဆာတိုင်း ရေကိုသာဖိသောက်နေခဲ့ကြလို့  ဗိုက်တွေလည်း ရေနဲ့ ပြည့်လို့  စာရမှန်းတောင် မသိတော့ပါဘူး။ နေ့ လည်စာကို ညစာနဲ့ တခါတည်း တပေါင်းတည်း စားကြရတော့မှာပေါ့။
ဒီနေ့ တော့ ဒီနေရာမှာ ခရီးတထောက်နားကြရပေဦးမည်။
အချိန်က ညနေ ၂ နာရီ ၃၀ မိနစ်။
On the road U.S. 30 East.
သတင်းနှင့် ဓာတ်ပုံ (ကျော်ထွန်း)
Wednesday, May 27, 2009
မိုင် ၉၀၀ ခရီး၏ ပထမ နေ့ ၊ May 27' 2009 First day of the Long March of 900 miles
မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်ခြင်း စတင်လိုက်ပြီ။
မေလ ၂၇၊ ၂ဝဝ၉ယနေ့နံနက် ၉ နာရီ၊ ၉ မိနစ်တွင် Indiana Fortwayne ဇေတဝန်ကျောင်း၊ ငြိမ်းချမ်းရွှေပြည် ဓမ္မစေတီမှ နယူးယောက်မြို့၊ ကုလသမဂ္ဂံရုံးချုပ်ရှေ့အထိ “မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်ခြင်း”ခရီးစဉ်ကို စတင်လိုက်သည်။
နံနက် ၈ နာရီတွင် Fortwayne မြို့ ဇေတဝန်ကျောင်း၌ ဘုန်းတော်ကြီးဦးကုသလ၊ ဦးဝါသဝ၊ ဦးတိက္ခစာရ တို့ထံမှ ငါးပါးသီလခံယူကြကာ ပရိတ်တရားတော်များ နာကြားခြင်း၊ အောင်မောင်း ၇ ချက်တီးခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆုတောင်းသစ္စာအဓိဌာန်ပြုခြင်း၊ အလေးပြုခြင်း ၃ ရပ်ဖြင့် အလေးပြုခြင်းများ ပြုလုပ်ကြပြီးနောက် ဤခရီးစဉ်ကို စတင်ခဲ့ကြသည်။
နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေး (အမေအေး) ကလည်း အောင်အတိတ် အောင်နိမိတ်ကိုဆောင်သော အောင်သေပြေခက်ကို လက်ဆောင်အဖြစ်ပေးကာ ဦးဇင်းဦးကုသလနှင့် ဇေတဝန်ကျောင်းသံဃာတော်များက အောင်နိမိတ်ဂါထာတော်များ ရွတ်ဆိုပူဇော်ရင်း အောင်သပြေခက်ဖြင့် ရေစဉ်ပက်ဖြန်းမေတ္တာပို့ကြသည်။
ယနေ့ခရီးစဉ်တွင် မိုင်ပေါင်း ၉ဝဝ အစမှအဆုံးလမ်းလျှောက်ကြမည့် ရဲဘော်မောင်မောင်တိတ်၊ ရဲဘော်ကျော်ရှိန်၊ ရဲဘော်စောငို၊ ရဲဘော်မင်းရွှေဦး၊ ရဲဘော်ကဘောယူ နှင့် လမ်းတလျှောက် သတင်းနှင့်ဓါတ်ပုံမှတ်တမ်းတင်သွားမည့် ရဲဘော်ကျော်ထွန်းတို့အပြင် တင်နင်ဆီပြည်နယ်မှ လာရောက်အားပေးခဲ့ကြသော ရဲဘော်ရဲဝင်း၊ ရဲဘော်ခရစ်၊ ရဲဘော်စောဖာဒါး၊ ရဲဘော်ကျော်ဇော (ဖလော်ရီဒါ)၊ Fortwayne ဒေသခံ ရဲဘော်ချစ်ဖွယ် အပါအဝင် ဆယ်ဦးတို့ ယနေ့ခရီးစဉ်တဝက်အထိ အင်အားဖြည့်လမ်းလျှောက်ခဲ့ကြသည်။
Fortwayne မြို့ Paulding လမ်း၊ Adams လမ်းမှတဆင့် US 930E သို့ကူးပြောင်းကာ US 30E အတိုင်း အရှေ့ဘက် Ohio State သို့ ဦးတည်ချီတက်နေကြပြီဖြစ်သည်။
ခရီးစဉ်တလျှောက် စိတ်ဝင်တစား မေးမြန်းကြသည်များကို ပြန်လည်ဖြေကြားရင်း အမေရိကန်ခရီးသွားပြည်သူတို့၏ ကားဟွန်းသံဖြင့်နှုတ်ဆက်ခြင်း၊ လက်များဝှေ့ရမ်းနှုတ်ဆက်အားပေးခြင်းများကို မြင်တွေ့ခဲ့ကြရသည်။ “မင်းတို့ပြည်သူတွေရဲ့ဘဝကို ဒို့နားလည်းတယ်၊ မင်းတို့အခုလိုလုပ်တာ ဒို့ဂုဏ်ယူတယ်၊ ငြိမ်းချမ်းရေးအတွက် မိုင်ပေါင်း ၉ဝဝ လမ်းလျှောက်နေကြတာ ဒို့တကယ်ပဲ အံ့သြဂုဏ်ယူတယ်”ဟု ကားရပ်ပြီး အားပေးကြသော ပြည်သူများကိုလည်း တွေ့ကြုံခဲ့ရသည်။
လမ်းခရီးတလျှောက်တွင် Fortwayne မြို့တာဝန်ခံရဲများက လုခြုံရေးအတွက်ကူညီစောင့်ရှောက်ခဲ့ကြသည်။ TV Channel 15 ၊ BBC (Burmese) ၊ RFA (Burmese) ၊ VOA (Burmese) သတင်းဌာနတို့မှ အင်တာဗျူးမေးမြန်းသွားသည်။
Press Release
Press Release - Activists Walking 900 Miles - May 2009[1]
ခရီးစဉ် စတင်ခြင်း Long March starting Now!
မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လမ်းလျှောက် ချီတက်ခြင်း မိုင် ၉၀၀ ခရီး စဉ် ကို အင်ဒ်ီယားနားပြည်နယ် ဖို့ဝိန်းမြို့ မှ ယနေ့ မေလ၊ ၂၇ ရက်၊ ၂၀၀၉ ခုနှစ် နံနက် ၉ နာရီ ၉ မိနစ်တွင် ငြိမ်းချမ်းရွှေပြည် စေတီတော်မှ စတင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ လိုက်ပါသည်။
Long March for Free Burma and Daw Aung San Suu Kyi (900 miles) is starting today May 27' 2009 from (Nyein Chan Shwe Pyi' Pagoda) Indiana, Fortwayne to (United Nation' HQ) New York at 9:00 am 9:00 min.
သတင်းစာ ရှင်းလင်းပွဲ
The Journal Gezatte သတင်းဌာနနှင့်တွေ့ ဆုံခြင်း (05/26/2009, Tuesday)
The Journal Gezatte မှ သတင်းထောင်း Angela Mapes Turner တွေ့ ဆုံမေးမြန်းနေစဉ်...
လေးစားလျှက်....ရှေ့ တန်းရဲဘော်များ....
The Journal Gezatte မှ သတင်းထောင်း Angela Mapes Turner တွေ့ ဆုံမေးမြန်းနေစဉ်...
လေးစားလျှက်.... ရှေ့ တန်းရဲဘော်များ....
The Journal Gezatte မှ သတင်းထောင်း Angela Mapes Turner တွေ့ ဆုံမေးမြန်းနေစဉ်...
လေးစားလျှက်.... ရှေ့ တန်းရဲဘော်များ....
အင်ဒီးယားနားပြည်နယ် (Indiana) ဖော့ဝိန်း (Fort Wayne) မြို့ မှ နယူးယောက် (New York) မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်အထိ မိုင်ပေါင်း ၉၀၀ ချီတက်ကြမည့် “မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး နိုင်ငံတကာလုပ်ရှားမှူ တိုက်ပွဲဝင်ရဲဘော်များ” အား The Journal Gezatte (Fort Wayne) သတင်းစာဌန၊ သတင်းထောက် Angela Mapes Turner မှ ယနေ့ ညနေ (၃) နာရီတွင် ဇေတ၀န် ဘုန်းတော်ကြီးကျောင်းရှိ ငြိမ်းချမ်းရွှေပြည် ဓမ္မစေတီတွင် လာရောက်တွေ့ ဆုံသွားသည်။
2009 ခုနှစ် မေလ 27 ရက်နေ့ နံနက် 9 နာရီ 9 မိနစ်တွင် စတင်ထွက်ခွာကြပြီး နှလုံးရည်တိုက်ပွဲဖြင့် မိုင်ပေါင်း ၉၀၀ ငြိမ်းချမ်းရေး ခရီရှည် ချီတက်ရင်း၊ မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်မြောက်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချက်ချင်းကိုင်တွယ်ဖြေရှင်းပေးရန်တောင်းဆိုမှူနှင့် အရှိန်တိုးမြှင့်ဆောင်ရွက်လုပ်ကိုင်သွားမည့် ကုလသမဂ္ဂရုံးချုပ်ရှေ့ အစာငတ်ခံ ဆန္ဒပြ လုပ်ရပ်အတွက် များစွာဂုဏ်ယူကြောင်းနှင့် အမေရိကန် ပြည်သူတို့  ပိုမိုပါဝင်လာကြစေရန် The Journal Gezatte မှ သတင်းများထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အားပေးစကားပြောဆိုကာ လိုအပ်သည် များကို ထပ်မံမေးမြန်းတွေ့ ဆုံးသွားခဲ့သည်။
သတင်းနှင့် ဓာတ်ပုံ။ ။ ကျော်ထွန်း
Sunday, May 24, 2009
ခရီးရှည် ချီတက်ခြင်း မှတ်တမ်းများ
ခရီးရှည် ချီတက်မည့် တိုက်ပွဲအတွက် ရေးဆွဲထားသော ရဲဘော် စောငို၏ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား
ဒီပိုစ့်လေးကို ရေးဖြစ်တာက ကျနော်တို့ (ခရီးစဉ်အား စတင်ရန် ပြင်ဆင်မှုများ) အားလုံးရဲ့  မှတ်တမ်းတွေကို ကျနော်တို့ရဲ့  ရဲဘော် ရဲဘက်များ တွေ့နိုင်အောင်၊ ဖတ်နိုင်အောင်အတွက် ရေးပေးလိုက်တာပါ။
ခရီးရှည် ချီတက်ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက်
ရဲဘော စောငို ကိုယ်တိုင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို ရေးဆွဲနေစဉ်။
မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည် ချီတက်ခြင်းနှင့် အစာငတ်ခံဆန္ဒပြပွဲ၊ ဖြစ်မြောက်အောင် တိုက်ပွဲဝင် ရဲဘော်များအားလုံးက မျိုးချစ်စိတ်၊ အမိမြေ လွတ်မြောက်ရေး၊ ဒီမိုကရေစီ ရရှိရေး တို့အတွက် ကိုယ်ကျိုးမဖက်ပဲ၊ ဘက်ပေါင်းစုံမှ ၀ိုင်းဝန်း ကြိုးပန်းကြပုံများပါ။
မိုင် ၉၀၀ ခရီးရှည် ချီတက်ပွဲ ဖြစ်မြောက်စေရန် ရဲဘော်စောငိုနှင့် ရဲဘော် ကျော်ရှိန်တို့ နှစ်ဦးသည် အမေရိကန် အနောက်ဘက်ခြမ်း Kansas ပြည်နယ်မှ နယူးယောက် ပြည်နယ် ယူတီကာသို့ ရောက်ရှိလာပြီး လိုအပ်သည့် လုပ်ငန်းများကို ပြင်ဆင် ဆောင်ရွက်ခဲ့ကြပါတယ်။
အထက်ပါပုံကတော့ မြန်မာ့အရေးနှင့် ခရီးရှည် ချီတက်ခြင်းကို စိတ်ဝင်စားသော အမေရိကန် လူငယ် Marcol နှင့် မြန်မာ ရဲဘော်များ ခရီးလမ်းကြောင်းနှင့် ခရီးစဉ်များကို ယူတီကာရှိ သန္တိသုခ ၀ိဟာရ ဘုန်းတော် ကြီးကျောင်း တွင် ဆွေးနွေးကြစဉ်။
ယူတီကာနှင့် Kansas မှ ရဲဘော်များ FortWayne မြို့ သို့ မထွက်ခွာမှီ သန္တိသုခ၀ိဟာရ ဘုန်းတော် ကြီးကျောင်း မှ ဘုန်းဘုန်းများနှင့် အမှတ်တရ (အပေါ်ပုံ နှင့် အောက်ပုံ)
င်္င်္FortWayne သို့ မထွက်ခွာမှီ ဆရာတော်အား ရှီခိုး ပူဇော် ကန်တော့ နေစဉ်
ယူတီကာမှ ရဲဘော်များနှင့် Kansas မှ ရဲဘော်များ အမှတ်တရ။
မိုင် ၉၀၀ ခရီးရှည် ချီတက်မည့် လမ်းခရီး တလျှောက်တွင် အသုံးပြုမည့် ကားအား အမှတ်တရ
မှတ်တမ်းများကို ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်းနှင့် ကျန်ုပ်တို့နှင့် မြန်မာပြည်လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ခရီးရှည် ချီတက်ခြင်းတွင် အတူတကွ ပါဝင် လက်တွဲ ကြပါလို့ တိုက်တွန်းလိုက်ပါကြောင်း။
တိုက်ပွဲဝင် ရဲဘော်တဦး
Followers