Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Thursday, July 23, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၇ ရက်မြောက်နေ့ 47th day of 900 miles for Long March

Rochester City မှထွက်ခွာ
(၄၇) ရက်မြောက်နေ့ (ဇူလိုင်လ၊ ၂၁၊ ၂ဝဝ၉)
နံနက် (၉)နာရီတွင် Rochester မြို့လယ်၊ State လမ်းနှင့် Main လမ်းဆုံမှ စတင်ထွက်ခွာသည်။ စတင် လမ်း လျှောက်သည်နှင့် စိတ်ဝင်စားသူ၊ မေးမြန်းသူများ ရှိလာသည်။ South လမ်းရှိ Rundel Memorial Library ရှေ့တွင် အမျိုးသမီးတဦးစူးစမ်းမေးမြန်းနေရာ အတော်ကြာကြာစောင့်လိုက်ရ၏။ မြို့လယ်လမ်းများတွင် ချိုးလိုက်၊ ကွေ့လိုက်ဖြင့် ရှုပ်ထွေးလှသည်။


Time Warner အဆောက်အဦရှေ့ရောက်လျှင် ခရီးရှည်အကြောင်းမေးမြန်းသူများရှိသည်။ မျက်နှာချင်းဆိုင် ဆိုရှယ်ရုံးတခုမှ ဝန်ထမ်းအဖွားကြီးများ ထွက်လာပြီး ခရီးရှည်အကြောင်မေးမြန်းပါသည်။ ထောက်ခံအားပေး သည်။ ထိုနောက် ၎င်းအဖွားကြီးများထဲက တယောက်က မနီးမဝေးရှိ အဆောက်အဦတခုကိုညွန်ပြသည်။ ထိုအဆောက်အဦတွင် (၁၁)နာရီခွဲလျှင် ကော်ဖီ၊ အအေး၊ အစားအသောက် စသည်တို့ လှူပါသည်ဟုဆို၏။ ကျေးဇူးတင်ပါသည်။

ဤမြို့သည် မဆိုးလှသောမြို့ဖြစ်၏။ ကျယ်ပြန့်၏။ ကျယ်ပြန့်သည်နှင့်အညီ မြန်မာပြည်အကြောင်း စိတ်ဝင်းစားသူ များရှိသည်။ တချို့လူများမှာ ဒေါ်စု နှင့် ကိုးရီးယားခေါင်းဆောင်အမျိုးသမီးကို မှားနေသည်။ မြို့လယ်မှသည် မြို့ပြင်သို့ E 31 အတိုင်း ဦးတည်ရင်း (၁ဝ)နာရီ (၁ဝ)မိနစ်တွင် Hillside Children Center ကုန်းအရှေ့၊ အားကစားကွင်းတခု၏အရှေ့တွင် ခေတ္တနားသည်။


ဆက်လက်ထွက်ခွာသည်နှင့် Town of Brighton ကိုဝင်ရောက်သွားပါသည်။ Monroe Ave အတိုင်း တောက်လျှောက်ချီတက်ကြသည်။ ဤမြို့တွင်လည်း စိတ်ဝင်စားသူ၊ အားပေးသူများရှိသည်။ တလမ်းလုံး တောက်လျှောက် မြို့ဧရိယာသက်သက်ဖြစ်၏။ တောနယ်ကိုမတွေ့ရပါ။ (၁၁)နာရီတွင် အမျိုးသမီးတဦး လှမ်းနှုတ်ဆက်ပြီး သောက်ရန်တခုခု လိုအပ်ပါသလားဟု မေးမြန်းပါသည်။ လောလောဆယ် သူ့ကားထဲတွင်ပါလာသည်ဟုပြော၏။ အအေးဗူးနှစ်လုံးပေးပါသည်။ ဗူးမှာ လက်ထဲတွင်တောက်လျှောက် ကိုင်သွားရန် ခက်ခဲသည့်အရွယ်အစားဖြစ်သည်။ သတင်းမှတ်တမ်းကားကိုလည်း မမြင်သေးပါ။ လမ်းများသည် ရုတ်တရက် ကားရပ်ရန်လည်းကောင်း၊ မှတ်တမ်းယူရန်ရန်လည်းကောင်း ခက်သော အနေအထားရှိသည်။



ဆက်လက်ချီတက်လာရာ ပုဂ္ဂိုလ်တဦး ငွေငါးဒေါ်လာ လှူပါသည်။ ကျွန်ုပ်တို့၏ လှုပ်ရှားမှုကို အားပေး ထောက်ခံကြောင်း တကူးတကလာပြောသူများရှိသည်။ ကားများမှ အထူးအားပေးသည်။ (၁၁)နာရီခွဲတွင် Pittsford မြို့ကလေး၏ Shopping Center တခုရှေ့တွင် ခဏနားကြသည်။ Monroe Ave အတိုင်း ပင်ရှိပါသေးသည်။ ရှည်လျားလှသောလမ်းဖြစ်၏။ နေ့လည် (၁၂)နာရီတွင် Village of Pittsford ကိုကျော်ဖြတ် သည်။ ရွာဟုဆိုသော်လည်း မြို့ကဲ့သို့ခမ်းနား၏။ သံတံတားကြီးအောက် ရစ်ခွေ၍သွားသောချောင်းကလေး၊ ဘေးဘီရှိကမ်းများတွင် အပန်းဖြေရန်၊ လမ်းလျှောက်ရန် နေရာများ၊ ဈေးဆိုင်တန်းနှင့် လှပသောရွာဖြစ်သည်။ ချောင်းကလေးတွင် တချို့လူများ လေမှုတ်ဘောများ စီးနေကြသည်။ ဤချောင်းလေးသည် ရှည်လျားထွေပြား စွာသော Erie Canal ဖြစ်သည်။ နှမြောစရာကောင်းသော ရွာလေးဖြစ်၏။ မင်းမူမည့်သူမရှိသဖြင့် မြို့အမည်မခံရခြင်း ဖြစ်တန်ရာသည်။ လူ့လောက၏ ကိစ္စရပ်အတော်များများတွင် မင်းမူနိုင်မှလည်း ကြီးကြီးကျယ်ကျယ် နေရာရနိုင်သည်မှာ ဓမ္မတာဖြစ်နေသည်မဟုတ်လော။ ရိုသေ၊ နိမ့်ချ၊ ကျိုးနွံစွာ အစဉ်အမြဲရှိနေလျှင် ဘယ်ကဆင်းသက်လာမှန်းမသိသောမျောက်က ယာခင်းပိုင်ရှင်ဖြစ်သွားပေအံ့၊ မျောက်ကဆင်းသက်လာသော ယာခင်းပိုင်ရှင်သည် ကလေကဝ၊ ကျောမွဲ၊ သူတောင်းစား ဖြစ်သွားပေအံ့။ သို့သော် ရွာကလေးသည် ထိုတရားတို့ကို အလေးမထားပေ။

(၁၂)နာရီ (၁၅)မိနစ်တွင် ထိုသာယာကုန်းရွကလေးမှ ထွက်လိုက်သည်နှင့် စိမ်းလဲ့ညိုမှောင်သော တောလမ်းသို့ ဝင်ရောက်သွားပါ၏။ မေပယ်တောကြီးသိပ်သည်းစွာရှိသော တောမြိုင်လမ်းဖြစ်သည်။ ရှေးစာဆိုတို့၏ တောနှင့်ပတ်သက်သော ကဗျာများကို သတိရမိသည်။ မည်သို့ဆိုစေ လွတ်လပ်ရေးဟူသည် မြေကြီးပေါ်၌ သဘာဝလျောက်ပေါက်ရောက်နေသော ပဒေသာပင် မဟုတ်၊ မိုးပေါ်မှ အလကားကျလာမည့် ရတနာလည်း မဟုတ်ပေ။ သူတပါးနိုင်ငံ၏ တိုးတက်မှု၊ လှပမှုများကို တွေ့ရတိုင်း မြန်မာပြည်မှ အကျွန်ုပ်တို့လူသတ္တဝါများကို အဘယ်မည်သော အတိတ်ကံသည် နှိပ်စက်သနည်းဟု တွေးမိ၏။ သို့ဖြင့် အကုသိုလ်တက်နေသည်မှာ အနှစ်(၂ဝ) ကျော်လေပြီ။ နောက်မှ ဆက်လက်တွေးရဦးမည်။ (၁၂)နာရီခွဲလျှင် Palmyr နှင့် Marsh လမ်းဆုံရာအနီး တောအုပ်တခုတွင် ခေတ္တနားကြသည်။ ယနေ့အဖို့ ထမင်းမဆောင်ခဲ့သဖြင့် ရေနှင့်မုန့်ခြောက်ကို အဆာပြေ စားသူစားကြသည်။


ကုန်းမို့မို့ရှိသော ဟိုင်းဝေးကို ဖြတ်လျှောက်နေရသည်။ Erie Canal သည် မည်သို့မည်ပုံ ကွေ့ကောက်နေသည် မသိ။ သံတံတားကြီးတခုပေါ်မှ တွေ့ရပြန်သည်။ (၁) နာရီ (၁ဝ) မိနစ်တွင် Town of Parinton ဆိုင်းဘုတ်ကို ဖြတ်ကျော်သည်။ တမော့တမောရှိလှသော ရှည်လျားသော ကုန်းများကို ကျော်နင်းရ၏။ ရာသီဥတု ကောင်းနေသဖြင့် တော်ပါသေးသည်။ မွန်းလွဲ (၂)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် Palmyra လမ်းနှင့် Valley Creek Dr. ဆုံရာတွင် Valley Creek ဆိုင်းဘုတ်ရှေ့၌ ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Wednesday, July 22, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၆ ရက်မြောက် ခရီး 46th day of 900 miles for Long March

Rochester City သို့ရောက်ပြီ
(၄၆) ရက်မြောက်နေ့ (ဇူလိုင်လ ၂ဝ၊ ၂ဝဝ၉)

နံနက် (၉)နာရီတွင် စတင်ထွက်ခွာသည်။ စိမ်းစိုသောတောတောင်ရှိ၏။ ညို့မှိုင်းသော တောအုပ်များကို တွေ့ရသည်။ တချို့နေရာများတွင် တောအုပ်ထဲအိမ်လေးများကိုတွေ့ရသည်။ သာယာသော ပတ်ဝန်းကျင် ရှိသည်။ မြို့နှင့်နီးကပ်သောကြောင့်လားမသိ လမ်းတလျှောက် လူနေအိမ်ခြေများစိပ်၍လာသည်။ သပ်သပ်ရပ်ရပ်ရှိပါ၏။


(၁ဝ) နာရီတွင် ခဏနားကြသည်။ ရာသီဥတုသည် ပကတိကြည်လင်၏။ ဤသို့သော ကြည်လင်မှုမျိုးသည် တဖြည်းဖြည်း ပူလာမည့်သဘောဖြစ်၏။ ချီတက်ပြီးသိပ်မကြာခင်ပင် ခရီး (၄)မိုင်ခန့်ရောက်လျှင် ချွေးပြိုက်ပြိုက် ထွက်၏။ (၁ဝ)နာရီခွဲတွင်Union St နှင့် Stottle Rd ဆုံရာ မီးပွိုင့်ကိုကျော်သည်။ မြို့ကလေး ဖြစ်သော်လည်း ဤနေရာတွင်တော့ မဆိုးလှပါ။ လမ်းခွရှိ ဓါတ်ဆီဆိုင်များ၊ တခြားသောဆိုင်များ၊ ဈေးတန်းများဖြင့် သိုက်သိုက်မြိုကမြိုက်ရှိ၏။ လူနေရပ်ကွက်များ ပို၍ပို၍တွေ့လာရသည်။ တချို့အိမ်များက လှမ်း၍နှုတ်ဆက် အားပေးကြသည်။ ကားများမှ ဟွန်းတီး၍ နှုတ်ဆက်အားပေးသည်။ ချီတက်ရင်း လမ်းတလျှောက်တွင် သေသပ်သော ရပ်ကွက်များကိုတွေ့ရသည်။


(၁၁) နာရီတွင် E 33 A လမ်းမပေါ်ရှိ Chilli Rd နှင့် Orange Tree Circle လမ်းဆုံရာတွင် ခေတ္တနားကြသည်။ (၁၁) နာရီခွဲတွင် Town of Chilli ဆိုင်းဘုတ်ကို လှမ်းမြင်ရသည်။ မြို့ဝင်ဝင်ချင်း စည်ကားသော Shopping Center များကို ဖြတ်ကျော်ရသည်။ မြို့တွင်းသို့ဖြတ်သော် သစ်ပင်သစ်ရိပ်တို့ အုံ့အုံ့ဆိုင်းဆိုင်းဖြင့် လှပသော ရပ်ကွက်များကိုတွေ့ရသည်။ နေသည်အလွန်ပူလာ၏။ ယနေ့လမ်းလျှောက်ပုံမှာ တနာရီလျှောက်ပြီးတိုင်း တကြိမ်နားသော စကေးဖြစ်သည်။


(၁၂) နာရီ၊ မိနစ် (၄ဝ) တွင် Chestnut လမ်းရှိ Chilli Fire Dept. ဘေးတွင် ခေတ္တနား၍ နေ့လည်စာ စားကြသည်။ ထိုစဉ် လူတယောက် ကားတစီးဖြင့်ရောက်လာပြီး ရေလှူပါသည်။ Radio Shack တွင် လုပ်ကိုင် နေသူတဦးဖြစ်သည်ဟုဆို၏။ ခရီးရှည်အဖွဲ့ လမ်းလျှောက်လာသည်ကို သူတွေ့ရကြောင်းပြောပြသည်။ (၆)မိုင်ခန့်အဝေးကို တကူးတက လိုက်လာခြင်းဖြစ်၏။

ဆက်လက်ထွက်ခွာကြ၏။ (၁)နာရီ (၁၅)မိနစ် အချိန်တွင် Town of Gates ဆိုင်းဘုတ်ကို ကျော်ဖြတ်သွား သည်။ Chilli Ave နှင့် Renouf လမ်းဆုံရာတွင် ခဏနားကြသည်။ ထိုနေရာသည် Rochester မြို့လယ်သို့ ရောက်ရန် (၃)မိုင်ခွဲ လိုပါသေးသည်။ နားပြီးနောက် မွန်းလွဲ (၂)နာရီ (၁ဝ) မိနစ်တွင် ပြန်လည်ထွက်ခွာကြ၏။ သိပ်မကြာမီ သားအမိနှစ်ဦးကိုတွေ့ရသည်။ ကျွန်ုပ်တို့ကိုတွေ့ရာလမ်းတဘက်မှ ဖြတ်ကူးလာပါသည်။ နေ့လည်စာအတွက် ကမ်းလှမ်းပါ၏။ စားပြီးကြောင်းပြောပြသော်လည်း ယခု ဆာနေပါက Subway သို့လှမ်း၍ အကြောင်းကြားပေးမည်ဟုဆိုပါသည်။ လက်ကမ်းစာစောင်ကို ပေးလိုက်ရာ အလှူငွေပို့ရန် ဖုန်းနံပါတ်၊ Blog စသည်တို့ကို မှတ်သွားပါသည်။ ဤအမျိုးသမီးသည် Subway ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသည်။ ဆက်လက်၍ လျှောက်လာရာ ဆိုင်အမျိုးမျိုးရှိသော Shopping Center တခုကို တွေ့ရသည်။


အမေရိကန်ပြည်တွင်းစစ်အတွင်း အရေးကြီးလှသော Canal ကို ဖြတ်ကျော်သည်။ ထို့နောက် (၁ဝ)မိနစ် ဆက်လျှောက်လျှင် Rochester City သို့ စတင်ဝင်ရောက်သွားပါသည်။ တနာရီလျှောက်လိုက် ခဏနားလိုက် ဖြင့် ရှည်လျားလှသောရပ်ကွက်တခုကို ဖြတ်ကျော်ရသည်။ လူအမျိုးမျိုးတွေ့ရသည်။ တချို့တို့က လေးလေး စားစားနှုတ်ဆက်ကြသည်။ တချို့တို့က မိုင် (၉ဝဝ)ဆိုင်းဘုတ်ကိုကြည့်၍ အံ့သြနေသည်။ တချို့က နောက်ပြောင် ကျီစယ်ကြသည်။ ဤလမ်းကြောတွင် လက်ကမ်းစာစောင်အတော်များများ ဝေလိုက်ရပါသည်။ ကြီးမားလှသော Kodak ကုမ္ပဏီကြီးတခုကိုတွေ့ရသည်။ ရောက်ခါနီးမှ လမ်းမှားသဖြင့် တကွေ့ပြန်ကွေ့လာရ၏။ ညနေ (၄)နာရီတွင် State လမ်းနှင့် Main လမ်းဆုံရာ မြို့လယ်ခေါင်တွင် ရပ်နားလိုက်ကြသည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Tuesday, July 21, 2009

Buffalo မြို့ က အာဇာနည်နေ့နှင့် ခရီးရှည်ချီတက်သူများ

၆၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို Buffalo မြို့ ခံများနှင့်အတူ မိုင် ၉၀၀ ခရီးရှည်ချီတက်သောရဲဘော်များ စုပေါင်း၍ ကျင်းပခဲ့ကြ
ဇူလိုင် ၁၈ ရက်၊ ၂၀၀၉ ခုနှစ်

အာဇာနည်နေ့ အခမ်းအနားတွင် မိန့်ကြားနေသော ဆရာတော် ဦးပညာဇောတ

မိုင် ၉၀၀ ခရီးရှည်ချီတက်အဖွဲ့မှ ရဲဘော်မောင်မောင်တိတ်

Buffalo မြို့ မှ ရဲဘော် ကျော်ဝဏ

အခမ်းအနားသို့ တက်ရောက်လာသော မြန်မာပြည်သားများ

အခမ်းအနားအပြီး တက်ရောက်လာသော ဆရာတော်များနှင့် ခရီးရှည်ချီတက်သူများ အမှတ်တရ

မိုင် ၉၀၀ ခရီးစဉ်၏ ၄၅ ရက်မြောက်နေ့ 45th day of 900 miles for Long March


ခရီးရှည်ချီတက်ခြင်း (၄၅)ရက်မြောက်
(ဇူလိုင်လ ၁၉၊ ၂ဝဝ၉)



နံနက် (၁ဝ) နာရီခွဲတွင် မနေ့က ရပ်နားခဲ့ရာ E 33 A လမ်းပေါ်ရှိ Millerလမ်းမှစတင်သည်။ တောလမ်း တောင်လမ်းတို့သာဖြစ်၏။ တိတ်တိတ်ဆိတ်ဆိတ်ရှိလှ၏။ ကားအသွားအလာသိပ်မတွေ့ရပါ။ စိမ်းစိုသော ပြောင်းခင်းများ၊ ရိုးပြတ်တောလယ်ကွင်းများကိုသာ အများစုတွေ့ရသည်။ (၁၂)နာရီထိုးရန် (၁၅)မိနစ် အလိုတွင် ခေတ္တနားကြသည်။ ဆက်လက်ချီတက်ရာ (၁၂)နာရီ (၅)မိနစ်တွင် စက်ဘီးသမားစုံတွဲကို တွေ့ရသည်။ လှမ်း၍နှုတ်ဆက်သည်။ ဓါတ်ပုံရိုက်ခွင့်တောင်းပြီး ဓါတ်ပုံရိုက်သည်။ အားပေးပါ၏။

(၁၂)နာရီ (၁ဝ)မိနစ်တွင် Welcome to Bergen ဆိုင်းဘုတ်ကိုတွေ့ရသည်။ လမ်းတောက်လျှောက် အထူး ပြောင်းလဲသွားခြင်းမရှိပါ။ (၁၂)နာရီခွဲတွင် ခေတ္တနား၍ နေ့လည်စာစားကြသည်။ နေသည် ပူလာပါ၏။ နေ့လည် (၁)နာရီတွင် ဆက်လက်ထွက်ခွာကြသည်။ မွန်းလွဲ (၂)နာရီတွင် Monore County သို့ ရောက်သည်။ E 33 A လမ်းပေါ်တွင်ပင် ဖြစ်ပါသည်။ ယခုအခါ Bergen မြို့မှထွက်ပြီး တမိုင်ဝေးသော နေရာတွင်ဖြစ်ပါသည်။


ထူးခြားမှုမရှိလှသော လမ်းကြောင်းကြီးဖြစ်ပါသည်။ ခေတ္တနားလိုက်၊ လျှောက်လိုက်ဖြင့် ချီတက်ရင်း Riga မြို့သို့ ရောက်ရှိသွားသည်။ ညနေ (၃)နာရီတွင်Chili Riga Central လမ်းနှင့် Lentine Dr. လမ်းဆုံရာတွင် ယနေ့ အဖို့ကို အဆုံးသတ်လိုက်ကြသည်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Sunday, July 19, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၄ ရက်မြောက်နေ့ 44th day of 900 miles for Long March


သံဃာတော်များ ဦးဆောင်ချီတက်ခြင်း
၄၄ ရက်မြောက်နေ့ (ဇူလိုင်လ ၁၇ ရက်၊ ၂ဝဝ၉)


ယနေ့တွင် မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်အဖွဲ့သည် သံဃာတော်များကို အမှူးထားလျက်ချီတက်၏။ နံနက် (၁ဝ)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် မနေ့က ရပ်နားခဲ့သော West Batavia ရွာကလေးမှ စတင်လိုက်သည်။ ရှေပြေးမှာ ရဲဘော်ကျော်ရှိန်၊ ထိုနောက်ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ၊ ရွှေဝါရောင်ကျောင်း၊ ယူတီကာမြို့)၊ ဦးစန္ဒိမာ (ဖို့ဝိန်း)၊ အရှင်စန္ဒာသာရ (ဖို့ဝိန်း)၊ ဘတ်ဖလိုးမြို့ဆရာတော်ဦးနန္ဒဝံသ၊ ထို့နောက် လမ်းလျှောက်ရဲဘော်များ စသည်ဖြင့် စီတန်းလျက်ချီတက်ကြသည်။


သံဃာတော်များသည် သာသနာ့အလံကိုထမ်းလျက်၊ ခရီးရှည်အဖွဲ့ကြီးသည် သင်္ကန်းဝါဝါ၊ ခွပ်ဒေါင်းဝါဝါ တို့ဖြင့် အရှေ့ဆီသို့ ဦးတည်လျက်။ နဘံမိုး၌ အလံမျိုးစုံတို့သည် တလူလူလွင့်လျက်။ အာကာသည် ကျွန်ုပ်တို့၏အလာကို ကောင်းစွာဆီးကြို၏။ သက်တောင့်သက်သာ ရာသီဥတုရှိ၏။ ထိုသာယာသောနေ့၌ သံဃာအပေါင်းဦးဆောင်လျက် မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်အဖွဲ့သည် Batavia City ဆီသို့ ရှေးရှုနှင်လျက်ရှိ၏။



စတင်ချီတက်ပြီး ခဏကြာလျှင် အဖွားကြီးတဦးသည် လမ်းဘေးတွင်ကားရပ်လျက်၊ ကားပေါ်မှဆင်းကာ အသေအချာဓါတ်ပုံရိုက်ယူသည်။ ဝါဝါသင်္ကန်းဖြင့် ဘုန်းတော်ကြီးများကို တွေ့ရလျှင် မြန်မာပြည်ကို တန်း၍သိသူများရှိကြပါသည်။ လမ်းလျှောက်သမားများသက်သက် လျှောက်သောနေ့များတွင် လမ်းတွင် တခါတရံ ဆိုင်းဘုတ်ကိုလှည့်၍ပြရသည်များရှိ၏။

(၁၁)နာရီ၊ မိနစ်အနည်းငယ်တွင် ခေတ္တရပ်ဆိုင်းကြသည်။ ဖို့ဝိန်းမြို့မှ သံဃာများက ခရီးဆက်ရန်ရှိသေးသဖြင့် ဤနေရာအထိသာ ကူညီချီတက်နိုင်ကြသည်။ သံဃာများ ဆွမ်းပင် မစားကြပါ။ ရွှေဝါရောင်ဘုန်းတော်ကြီးနှင့် ဘတ်ဖလိုးမြို့ဆရာတော်တို့ ဆက်လက်အမှူးပြုလျက်ချီတက်ကြသည်။ ဆက်လျှောက်ပြီးခဏကြာလျှင် အဖိုးကြီးတဦး ကားဖြင့်လိုက်လာပြီး ဓါတ်ပုံရိုက်သည်။ တခါတရံ အမှတ်တမဲ့ရိုက်သွားသော်လည်း သတင်းစာတွင် ပါနေတတ်သည်။


(၁၁) နာရီ (၂ဝ) မိနစ်တွင် City of Batavia သို့ချဉ်းနင်းဝင်ရောက်သွားကြသည်။ (၁၁)နာရီခွဲတွင် သတင်းထောက်တဦးရောက်လာကာ သတင်းမေးခြင်း၊ အမည်များရေးမှတ်ခြင်း၊ မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ စစ်အာဏာရှင်အကြောင်းများ မေးမြန်းခြင်း၊ မှတ်တမ်းရေးခြင်းများ ပြုလုပ်သည်။ မေးမြန်းသည်မှာ စုံလင်နေပါ၏။ Batavia မြို့အခြေစိုက် The Dailt News သတင်းစာမှ ဖြစ်ပါသည်။ Batavia Industrial Park အမည်ရှိ အဆောက်အအုံအရှေ့ Industrial လမ်းနှင့် Pearl လမ်းဆုံရာ အနီးတွင် စောင့်၍မေးမြန်းသည်။ ဤနေရာတွင်ပင် ခေတ္တနားသလိုဖြစ်သွားသည်။ ၎င်းသတင်းထောက် မလာခင် ဓါတ်ပုံဆရာတဦးသည် လမ်းမှဖြတ်စောင့်၍ တင်ကြိုဓါတ်ပုံရိုက်ပြီး လူဦးရေကိုမေးမြန်းသွားခဲ့သည်။

သို့ဖြင့် ချီတက်ရင်းခရီးရှည်အဖွဲ့သည် မြို့လယ်ကိုဖြတ်လျှောက်ကြသည်။ City Hall ကိုကျော်ဖြတ်ကြ၏။ စည်ကားသောမြို့ဖြစ်ပါသည်။ မြို့၏လက္ခဏာများပြည့်စုံလှ၏။ မြို့အဝင်ဆိုင်းဘုတ်တွင် ထူးဆန်းစွာ ဖေါ်ပြထားသည်မှာ ဤမြို့သည် ဇူလိုင် ၂၅၊ ၂ဝဝ၁ ခုနှစ်တွင် နယူးယောက်ပြည်နယ်၏ မြို့တော် (၁)ရက်တာ ဖြစ်ခဲ့သည်ဟူ၏။ ကောင်းလေစွ။ မြန်မာပြည်ကို လွတ်လပ်ရေးတရက်လောက်ပေးပါ။ ထမင်းဝအောင် စားခွင့်ပြုပါ။ မိမိ၏အိုးအိမ်ကို ပိုင်ဆိုင်ခွင့်ပေးပါ။ အကြောက်အလန့်ကင်းစွာ အိပ်စက်အနားယူခွင့်ပြုပါ။ မဖြစ်နိုင်ပါ။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သောသူ ကိုယ်တိုင် ဘယ်ပုံ ဘယ်ချိန်အသက်ပျောက်မည်နည်းဟု ယင်းအချိန်ကို နေ့နေ့ညည ပူပန်နေရဟန်တူ၏။


မြို့လယ်ကိုဖြတ်လျှောက်ရင်း (၁၂)နာရီထိုးပြီး (၁၅)မိနစ်တွင် ပုဂ္ဂိုလ်နှစ်ဦး ရပ်စောင့်ပြီး ဓါတ်ပုံရိုက်ခြင်း၊ မေးမြန်းခြင်းများကို ပြုသည်။ တဦးမှ အလွန်ပျော်ရွှင်တတ်သောသူဖြစ်၏။ ကျန်တဦးမှာ တရားသူကြီး တဦးဖြစ်သည်။ အမည်မှာ J. Grasso ဖြစ်၏။Genesee County Legislature ဖြစ်ပါသည်။ ထိုသို့တွေ့ရသူများ တွင် တချို့သူများက ကဒ်ပြားလေးများ ပေးခဲ့တတ်၏။



မြို့ကိုဖြတ်စဉ် တချို့ ထူးဆန်းသလိုကြည့်ကြ၏။ ဘုန်းကြီးလည်းပါ၏။ စစ်အဝတ်လည်းပါ၏။ အရပ်ဝတ်လည်း ပါ၏။ အလံတို့မှာမျိုးစုံနေသည်ဖြစ်ရာ ထူးဆန်းကောင်းထူးဆန်းနေပေလိမ့်မည်။ ယူနီဖေါင်းဝတ်ထားသဖြင့် လက်ရှိအမှုထမ်းနေပါသလောဟု မေးသူများရှိသည်။ သတင်းထောက်ကိုယ်တိုင်ကလည်း ဤသို့ပင်မေးခဲ့သည်။ တချို့လူများ လက်ပြနှုတ်ဆက်ကြသည်။ တချို့ လက်ဆွဲနှုတ်ဆက်သည်။ (၁)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် အမျိုးသမီးတဦးရေတိုက်၏။ မေတ္တာပို့၏။ ရေဗူးလေးများကိုယ်စီဆောင်လျက် ဆက်လျှောက်ကြ၏။ သင်္ချိုင်းတခုရှေ့သို့ရောက်လျှင် ခေတ္တနားကြသည်။


နားစဉ် ရဲဘော်တချို့ အဆာပြေစားသူစားကြသည်။ သံဃာများမှာ ဆွမ်းမစားဘဲ ဇွဲနှင့်လျှောက်ကြခြင်းဖြစ်သည်။ (၁)နာရီ (၁ဝ)မိနစ်တွင် ပြန်လည်ချီတက်ကြသည်။ သင်္ချိုင်းကိုလွန်သည်နှင့် Batavia မြို့မှ ထွက်ခွာသွားပြီ ဖြစ်၏။ မြို့မှထွက်လျှင် ကျဲပါးသောတောလမ်းကိုလျှောက်ရ၏။ တကုန်းတက်တကုန်းဆင်း၊ တံတားကျော်၊ လွင်ပြင်ဖြတ် စသည်ဖြင့်ချီတက်ကြ၏။ နာရီဝက်ခန့်လျှေက်ပြီးသော် အိမ်တအိမ်မှ မိသားစုများထွက်၍ ကြိုဆိုနှုတ်ဆက်ကြ၏။ ထောက်ခံအားပေး၏။ ရေဗူးများပေး၏။ အမှတ်တရ ဓါတ်ပုံရိုက်ကြ၏။

မွန်းလွဲ (၂)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် အမျိုးသမီးတဦးကားဖြင့်ရောက်လာကာ တကူးတက လမ်းကူးလာပြီး ရပ်စောင့်ကာ ဘယ်ရီသီးများလက်ဆောင်ပေးပါသည်။ တဦးချင်းစီကို ရပ်စောင့်၍ နှုတ်ဆက်ပါသည်။ အမည်မှာ Karinkovach Allen ဖြစ်၏။ အလွန်ငြိမ်းချမ်းသောအမျိုးသမီး ဖြစ်ပါသည်။ ခရီးစဉ်ဆုံးခါနီးအချိန် လေအဝှေ့တွင် မိုးပေါက်လေးများ တချက်တချက်ပါလာ၏။ ထို့နောက်အနည်းငယ် ရွာစပြုလာပါသည်။ ဘုန်းတော်ကြီးများမှာ စိုသောသင်္ကန်းဖြင့်လျှေက်နေကြ၏။ သံဃာအမှူးရှိသော ခရီးရှည်အဖွဲ့သည် (၂)နာရီတွင် ယနေ့ခရီးကို အဆုံးသတ်လိုက်ကြသည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Followers