Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, July 19, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၄၄ ရက်မြောက်နေ့ 44th day of 900 miles for Long March


သံဃာတော်များ ဦးဆောင်ချီတက်ခြင်း
၄၄ ရက်မြောက်နေ့ (ဇူလိုင်လ ၁၇ ရက်၊ ၂ဝဝ၉)


ယနေ့တွင် မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်အဖွဲ့သည် သံဃာတော်များကို အမှူးထားလျက်ချီတက်၏။ နံနက် (၁ဝ)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် မနေ့က ရပ်နားခဲ့သော West Batavia ရွာကလေးမှ စတင်လိုက်သည်။ ရှေပြေးမှာ ရဲဘော်ကျော်ရှိန်၊ ထိုနောက်ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ၊ ရွှေဝါရောင်ကျောင်း၊ ယူတီကာမြို့)၊ ဦးစန္ဒိမာ (ဖို့ဝိန်း)၊ အရှင်စန္ဒာသာရ (ဖို့ဝိန်း)၊ ဘတ်ဖလိုးမြို့ဆရာတော်ဦးနန္ဒဝံသ၊ ထို့နောက် လမ်းလျှောက်ရဲဘော်များ စသည်ဖြင့် စီတန်းလျက်ချီတက်ကြသည်။


သံဃာတော်များသည် သာသနာ့အလံကိုထမ်းလျက်၊ ခရီးရှည်အဖွဲ့ကြီးသည် သင်္ကန်းဝါဝါ၊ ခွပ်ဒေါင်းဝါဝါ တို့ဖြင့် အရှေ့ဆီသို့ ဦးတည်လျက်။ နဘံမိုး၌ အလံမျိုးစုံတို့သည် တလူလူလွင့်လျက်။ အာကာသည် ကျွန်ုပ်တို့၏အလာကို ကောင်းစွာဆီးကြို၏။ သက်တောင့်သက်သာ ရာသီဥတုရှိ၏။ ထိုသာယာသောနေ့၌ သံဃာအပေါင်းဦးဆောင်လျက် မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်အဖွဲ့သည် Batavia City ဆီသို့ ရှေးရှုနှင်လျက်ရှိ၏။



စတင်ချီတက်ပြီး ခဏကြာလျှင် အဖွားကြီးတဦးသည် လမ်းဘေးတွင်ကားရပ်လျက်၊ ကားပေါ်မှဆင်းကာ အသေအချာဓါတ်ပုံရိုက်ယူသည်။ ဝါဝါသင်္ကန်းဖြင့် ဘုန်းတော်ကြီးများကို တွေ့ရလျှင် မြန်မာပြည်ကို တန်း၍သိသူများရှိကြပါသည်။ လမ်းလျှောက်သမားများသက်သက် လျှောက်သောနေ့များတွင် လမ်းတွင် တခါတရံ ဆိုင်းဘုတ်ကိုလှည့်၍ပြရသည်များရှိ၏။

(၁၁)နာရီ၊ မိနစ်အနည်းငယ်တွင် ခေတ္တရပ်ဆိုင်းကြသည်။ ဖို့ဝိန်းမြို့မှ သံဃာများက ခရီးဆက်ရန်ရှိသေးသဖြင့် ဤနေရာအထိသာ ကူညီချီတက်နိုင်ကြသည်။ သံဃာများ ဆွမ်းပင် မစားကြပါ။ ရွှေဝါရောင်ဘုန်းတော်ကြီးနှင့် ဘတ်ဖလိုးမြို့ဆရာတော်တို့ ဆက်လက်အမှူးပြုလျက်ချီတက်ကြသည်။ ဆက်လျှောက်ပြီးခဏကြာလျှင် အဖိုးကြီးတဦး ကားဖြင့်လိုက်လာပြီး ဓါတ်ပုံရိုက်သည်။ တခါတရံ အမှတ်တမဲ့ရိုက်သွားသော်လည်း သတင်းစာတွင် ပါနေတတ်သည်။


(၁၁) နာရီ (၂ဝ) မိနစ်တွင် City of Batavia သို့ချဉ်းနင်းဝင်ရောက်သွားကြသည်။ (၁၁)နာရီခွဲတွင် သတင်းထောက်တဦးရောက်လာကာ သတင်းမေးခြင်း၊ အမည်များရေးမှတ်ခြင်း၊ မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ စစ်အာဏာရှင်အကြောင်းများ မေးမြန်းခြင်း၊ မှတ်တမ်းရေးခြင်းများ ပြုလုပ်သည်။ မေးမြန်းသည်မှာ စုံလင်နေပါ၏။ Batavia မြို့အခြေစိုက် The Dailt News သတင်းစာမှ ဖြစ်ပါသည်။ Batavia Industrial Park အမည်ရှိ အဆောက်အအုံအရှေ့ Industrial လမ်းနှင့် Pearl လမ်းဆုံရာ အနီးတွင် စောင့်၍မေးမြန်းသည်။ ဤနေရာတွင်ပင် ခေတ္တနားသလိုဖြစ်သွားသည်။ ၎င်းသတင်းထောက် မလာခင် ဓါတ်ပုံဆရာတဦးသည် လမ်းမှဖြတ်စောင့်၍ တင်ကြိုဓါတ်ပုံရိုက်ပြီး လူဦးရေကိုမေးမြန်းသွားခဲ့သည်။

သို့ဖြင့် ချီတက်ရင်းခရီးရှည်အဖွဲ့သည် မြို့လယ်ကိုဖြတ်လျှောက်ကြသည်။ City Hall ကိုကျော်ဖြတ်ကြ၏။ စည်ကားသောမြို့ဖြစ်ပါသည်။ မြို့၏လက္ခဏာများပြည့်စုံလှ၏။ မြို့အဝင်ဆိုင်းဘုတ်တွင် ထူးဆန်းစွာ ဖေါ်ပြထားသည်မှာ ဤမြို့သည် ဇူလိုင် ၂၅၊ ၂ဝဝ၁ ခုနှစ်တွင် နယူးယောက်ပြည်နယ်၏ မြို့တော် (၁)ရက်တာ ဖြစ်ခဲ့သည်ဟူ၏။ ကောင်းလေစွ။ မြန်မာပြည်ကို လွတ်လပ်ရေးတရက်လောက်ပေးပါ။ ထမင်းဝအောင် စားခွင့်ပြုပါ။ မိမိ၏အိုးအိမ်ကို ပိုင်ဆိုင်ခွင့်ပေးပါ။ အကြောက်အလန့်ကင်းစွာ အိပ်စက်အနားယူခွင့်ပြုပါ။ မဖြစ်နိုင်ပါ။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သောသူ ကိုယ်တိုင် ဘယ်ပုံ ဘယ်ချိန်အသက်ပျောက်မည်နည်းဟု ယင်းအချိန်ကို နေ့နေ့ညည ပူပန်နေရဟန်တူ၏။


မြို့လယ်ကိုဖြတ်လျှောက်ရင်း (၁၂)နာရီထိုးပြီး (၁၅)မိနစ်တွင် ပုဂ္ဂိုလ်နှစ်ဦး ရပ်စောင့်ပြီး ဓါတ်ပုံရိုက်ခြင်း၊ မေးမြန်းခြင်းများကို ပြုသည်။ တဦးမှ အလွန်ပျော်ရွှင်တတ်သောသူဖြစ်၏။ ကျန်တဦးမှာ တရားသူကြီး တဦးဖြစ်သည်။ အမည်မှာ J. Grasso ဖြစ်၏။Genesee County Legislature ဖြစ်ပါသည်။ ထိုသို့တွေ့ရသူများ တွင် တချို့သူများက ကဒ်ပြားလေးများ ပေးခဲ့တတ်၏။



မြို့ကိုဖြတ်စဉ် တချို့ ထူးဆန်းသလိုကြည့်ကြ၏။ ဘုန်းကြီးလည်းပါ၏။ စစ်အဝတ်လည်းပါ၏။ အရပ်ဝတ်လည်း ပါ၏။ အလံတို့မှာမျိုးစုံနေသည်ဖြစ်ရာ ထူးဆန်းကောင်းထူးဆန်းနေပေလိမ့်မည်။ ယူနီဖေါင်းဝတ်ထားသဖြင့် လက်ရှိအမှုထမ်းနေပါသလောဟု မေးသူများရှိသည်။ သတင်းထောက်ကိုယ်တိုင်ကလည်း ဤသို့ပင်မေးခဲ့သည်။ တချို့လူများ လက်ပြနှုတ်ဆက်ကြသည်။ တချို့ လက်ဆွဲနှုတ်ဆက်သည်။ (၁)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် အမျိုးသမီးတဦးရေတိုက်၏။ မေတ္တာပို့၏။ ရေဗူးလေးများကိုယ်စီဆောင်လျက် ဆက်လျှောက်ကြ၏။ သင်္ချိုင်းတခုရှေ့သို့ရောက်လျှင် ခေတ္တနားကြသည်။


နားစဉ် ရဲဘော်တချို့ အဆာပြေစားသူစားကြသည်။ သံဃာများမှာ ဆွမ်းမစားဘဲ ဇွဲနှင့်လျှောက်ကြခြင်းဖြစ်သည်။ (၁)နာရီ (၁ဝ)မိနစ်တွင် ပြန်လည်ချီတက်ကြသည်။ သင်္ချိုင်းကိုလွန်သည်နှင့် Batavia မြို့မှ ထွက်ခွာသွားပြီ ဖြစ်၏။ မြို့မှထွက်လျှင် ကျဲပါးသောတောလမ်းကိုလျှောက်ရ၏။ တကုန်းတက်တကုန်းဆင်း၊ တံတားကျော်၊ လွင်ပြင်ဖြတ် စသည်ဖြင့်ချီတက်ကြ၏။ နာရီဝက်ခန့်လျှေက်ပြီးသော် အိမ်တအိမ်မှ မိသားစုများထွက်၍ ကြိုဆိုနှုတ်ဆက်ကြ၏။ ထောက်ခံအားပေး၏။ ရေဗူးများပေး၏။ အမှတ်တရ ဓါတ်ပုံရိုက်ကြ၏။

မွန်းလွဲ (၂)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် အမျိုးသမီးတဦးကားဖြင့်ရောက်လာကာ တကူးတက လမ်းကူးလာပြီး ရပ်စောင့်ကာ ဘယ်ရီသီးများလက်ဆောင်ပေးပါသည်။ တဦးချင်းစီကို ရပ်စောင့်၍ နှုတ်ဆက်ပါသည်။ အမည်မှာ Karinkovach Allen ဖြစ်၏။ အလွန်ငြိမ်းချမ်းသောအမျိုးသမီး ဖြစ်ပါသည်။ ခရီးစဉ်ဆုံးခါနီးအချိန် လေအဝှေ့တွင် မိုးပေါက်လေးများ တချက်တချက်ပါလာ၏။ ထို့နောက်အနည်းငယ် ရွာစပြုလာပါသည်။ ဘုန်းတော်ကြီးများမှာ စိုသောသင်္ကန်းဖြင့်လျှေက်နေကြ၏။ သံဃာအမှူးရှိသော ခရီးရှည်အဖွဲ့သည် (၂)နာရီတွင် ယနေ့ခရီးကို အဆုံးသတ်လိုက်ကြသည်။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive