ငြိမ်းချမ်းရေးခရီးရှည်ချီတက်ပွဲ (၃၆) ရက်မြောက် (ဇူလိုင်လ ၇ ရက်၊ ၂ဝဝ၉)
ဆဲဗင်းဇူလိုင်နှင့်ကျွန်ုပ်တို့
ယနေ့ရာသီဥတုသာယာလှပနေသည်။ ဦးဇင်းကျော်သူ (ခ) ဦးကုမာရ ၏ (၂)ရက်မြောက် လာရောက် ချီတက် ခြင်းဖြင့် တနေ့တာလှုပ်ရှားချီတက်ခြင်းကို စတင်လိုက်ကြ၏။
နယူးယောက်ပြည်နယ် Buffalo မြို့ကိုဦးတည်၍၊ အနောက် W 5 လမ်းမကြီးမှ အရှေ့ဘက် E 5 လမ်းမကြီး အတိုင်း ချီတက်နေခြင်းဖြစ်၏။ ချီတက်ရာတောင်ဘက် (၂)မိုင်ကျော်ဝေးသည့်နေရာ အရှေ့နှင့် အနောက်သွယ်တန်းနေသော တောင်တန်းကြီးများကို လှမ်း၍ပင်မြင်တွေ့နေရပေသည်။ လက်ယာဘက် လမ်းကပ်လျက်တွင် စပျစ်စိုက်ခင်း၊ ချယ်ရီစိုက်ခင်း မျက်စိတဆုံးမြင်တွေ့ရ၏။ ကိုက်(၂)ရာကျော်တွင် ကျွန်ုပ်တို့ချီတက်ရာ E 5 လမ်းမကြီးနှင့်အပြိုင်ပြေးဆွဲနေသည့် E 20 လမ်းမကြီးနှင့် ကိုက် (၅ဝဝ)ကျော် E 90 အဝေးပြေးလမ်းမကြီးတို့မှ မောင်းနှင်သွားလာနေသော ကားကြီးများကိုလည်း လှမ်း၍ပင်မြင်တွေ့နေရ၏။
ချီတက်ရာမြောက်ဘက် လက်ဝဲဘက်ခြမ်းတွင်မူ ရှားရှားပါးပါး ပြောင်းဖူးစိုက်ခင်းတခင်းသာ တွေ့ရပေသည်။ မိုင် (၁ဝဝ)ကျော်ခန့်ရှည်လျားသည့် Erie Lake အမည်ရှိမဟာအိုင်ကြီးအနီး ကိုက် (၅ဝဝ)ခန့် အကွာအဝေးမှ ချီတက်နေခြင်းကြောင့် စိမ်းပြာရောင်သမ်းနေသော ရေပြင်ကျယ်ကြီးကိုလည်း စိတ်ချမ်းမြေ့ကြည်နူးဘွယ်ရာ လှမ်းမြင်တွေ့နေရပေသည်။
ထုံးစံအတိုင်း နေ့စဉ်လက်ချင်းယှက်ဝိုင်းဖွဲ့ဆုတောင်းကြပြီး ရဲဘော်ကျော်ရှိန်မှ မိုင် (၉ဝဝ)ငြိမ်းချမ်းရေး ချီတက်ခြင်း ဆိုင်းဘုတ်ကိုလွယ်၊ ကုလသမဂ္ဂအလံကိုထမ်း၍ ရှေ့ပြေးချီတက်၏။ ၎င်းနောက် ဦးဇင်းကျော်သူ ခေါ် ဦးကုမာရ သည် ခြေလက်ကိုက်ခဲသည့်ကြားကပင် စိတ်ဓာတ်တက်ကြွသွက်လက် ပေါ့ပါးစွာ သာသနာ့ အလံတော်လွင့်ထူ၍ ဦးဆောင်ချီတက်၏။ ကျန်အမာခံရဲဘော်များသည် NLD အလံ၊ USA အလံ၊ ခွပ်ဒေါင်း အလံ၊ စသည်တို့ကို လွင့်ထူ၍ချီတက်ကြ၏။ ချီတက်ပြီးတမိုင်ခန့်တွင် အသက်ကြီးကြီးလင်မယား နှစ်ယောက်မောင်းနှင်လာသောကားကို ပြန်ကွေ့ပြီး ကျွန်ုပ်တို့အားလာရောက် နှုတ်ဆက်ကြလေသည်။
နေ့လည် (၁၁)နာရီခွဲချိန်တွင် ဦးဇင်းဆွမ်းဘုဉ်းပေးလေ၏။ ဆွမ်းဘုဉ်းပြီး ဆက်လက်ချီတက်ကြလေ၏။ နေ့လည် (၁၂) နာရီခွဲအချိန် Westfield Daniel Memory Pier နေရာသို့အရောက် စိတ်ပါဝင်စားသူတဦး လာရောက်၍ အမှတ်တရ ဓာတ်ပုံရိုက်သွားသည်။ ထို့နောက် သာယာလှသောဤရေဆိပ်တွင် ကျွန်ုပ်တို့အား Buffalo မြို့မှ ကိုကျော်ဝဏ၊ မကြည်ခိုင်တို့ ချက်ပေးလိုက်သည့် ငါးဟင်းဖြင့် မြိန်ရှက်စွာစားသောက်ကြလေ၏။

စားသောက်ပြီးဆက်လက်ချီတက်ရာ (၁၅)မိနစ်ခန့်အကြာတွင် Ottaway Park လမ်းတဘက်ရှိအိမ်မှ မိသားစု တို့သည် ကျွန်ုပ်တို့အားလက်ရပ်လှမ်းခေါ်၍ ၎င်းတို့အိမ်ရှေ့အရိပ်သို့ ခေတ္တလာရောက်နားခိုပါရန် ဖိတ်ခေါ်လေ၏။ ကျွန်ုပ်တို့ လမ်းတဘက်သို့ကူးသွားကြ၏။ ၎င်းမိသားစုတို့သည် ကျွန်ုပ်တို့အား ရေအေးဗူးများ ထုတ်တိုက်ကြ၏။ ၎င်းတို့သိချင်တာမေးမြန်းကြ၏။ ထို့နောက် မစ္စတာဘန်ကီမွန်းထံပေးမည့်စာကို ဖတ်ကြည့်ပြီး လင်မယားနှစ်ယောက်လုံး ထောက်ခံလက်မှတ်ထိုးပေးကြ၏။ ကျွန်ုပ်တို့နှင့်အတူ ၎င်းတို့မိသားစု အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။ ၎င်းတို့မိသားစုကို နှုတ်ဆက်ပြီးဆက်လက်ချီတက်ကြလေ၏။ ၃ နာရီထိုးရန် ၁ဝ မိနစ် အလိုတွင် Portland မြို့ငယ်လေးတခုသို့ ရောက်ရှိ၏။
ဒီနေ့အဖို့ နေအေးအေး လေအေးအေး အနေအထားတွင် သက်သာစွာ လျှောက်လှမ်းနေရပြီး ရေအေးအေးကို သောက်နေရပေမယ့် ကျွန်ုပ်တို့၏ ရင်ထဲတွင်မအေးမြနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် ကျွန်ုပ်တို့၏ အမိမြန်မာပြည်၌ လွန်ခဲ့သော (၄၆)နှစ်ကျော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တပ်မှ ပထမအကြိမ်အာဏာသိမ်းခေါင်းဆောင် အာဏာရူးစစ်ဘီလူးနေဝင်း ခေါ် ဦးနေဝင်း၏ ခါးပိုက်ဆောင်တပ်သည် မြန်မာ့လွတ်လပ်ရေးသမိုင်း၌ ကမ္ဗည်းတင်ခဲ့သော ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ၎င်းနှစ် ၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်ကြသောကြောင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ ကျောင်းသားကျောင်းသူများ ရာနှင့်ချီ၍ အသက်သွေးမြေကျခဲ့ရသော နေ့ကို ပြန်လည်အောက်မေ့သတိရ တမ်းတမိသောကြောင့်ပင်ဖြစ်လေသည်။
ယနေ့ထိပင် စစ်အာဏာရှင်စနစ်အောက်မှ မလွတ်မြောက်နိုင်သောကြောင့် မြန်မာပြည်၏ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ သို့မဟုတ် ဒီမိုကရေစီပြန်လည်ရရှိရေးတိုက်ပွဲကို သမိုင်းပေးတာဝန်အရ ကျွန်ုပ်တို့်သည် နှလုံးရည်တိုက်ပွဲဆင်နွှဲကာ ဆက်လက်ချီတက် တိုက်ပွဲဝင်လျက် တနေ့တာချီတက်ခြင်းကို ရပ်နားလိုက်ကြလေ၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment