Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Tuesday, July 7, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၁ ရက်မြောက်နေ့ 31st day of 900 miles for Long March

လျှပ်စစ်မီးမရသော ရေကန်ကိုစွန့်ခွာခြင်း
၃၁ ရက်မြောက်နေ့ (ဇွန်လ ၂ ရက်၊ ၂ဝဝ၉)




ရွက်ဖျင်တဲနှင့် ထင်းမီးဖိုသာရှိသော ဤနေရာတွင် အခက်အခဲအမျိုးမျိုးရှိ၏။ အရေးထဲ တဖြဲတဖြဲရွာသောမိုးက တမှောင့်။ တောတွင်းအခြေအနေအတိုင်းပင်တည်း။ မြန်မာပြည်ကို လှမ်း၍လွမ်းမိ၏။ သတင်းရေးခြင်း၊ သတင်းပို့ခြင်း၊ ကွန်ပြူတာနှိပ်ခြင်း စသောရုံးအလုပ်များကို လုပ်လိုလျှင် ဤနေရာကို အမြန်စွန့်ခွာမှဖြစ်မည်။ မြေပိုင်ရှင် Rachael က မြို့ပေါ်ကသူမ ဖခင်၏ရုံးခန်းတွင် ကွန်ပြူတာနှိပ်ခြင်း၊ ထမင်းချက်ခြင်း လုပ်ငန်းများကို လုပ်ရန်ကမ်းလှမ်းသည်ဟုဆိုသည်။ စေတနာနှင့် စိတ်ဝင်တစားရှိမှုကို အထူးအသိအမှတ်ပြုပါ၏။ သို့သော် ဤရုံးခန်းသည် ဘန်ကောက်ကရုံးခန်းမဟုတ်ပေ။ စာရေးသည်ဆိုသည်မှာလည်း လွယ်ကူသောကိစ္စမဟုတ်။ စဉ်းစားတွေးတောရေးသားရဦးမည်။ ရေးလိုက်၊ ပြင်လိုက်၊ ရိုက်လိုက်၊ ပို့လိုက်ဖြင့် တညလုံးအချိန်ယူရလျှင် မခက်တုံလော။ တခါတရံ ဓာတ်ပုံ(၃) ပုံ ပို့ရန်ပင် (၁)နာရီခန့်ကြန့်ကြာသည်။ သန်းခေါင်ထက် ညနက်သည်မှာ အကြောင်းမဟုတ်၊ သို့သော် ဆက်ရန်ရှိသေးသည်။


မြန်မာပြည်က မိုးဥတု၏ ဤသွင်အပြင်ရှိသော နံနက်ခင်းတွင် ကျွန်ုပ်တို့သည် ယနေ့ခရီးကိုစတင်လိုက်ကြ၏။ မနက် ၁ဝ နာရီခွဲတွင် Ohio နှင့် Pennsylvania နယ်စပ်မှ စတင်ချီတက်သည်။ US 20 လမ်းအတိုင်း ပင်ဖြစ်သည်။ Pennsylvania နယ်စွန်သည် ကျွန်ုပ်တို့နှင့် သူစိမ်းပြင်ပြင်မရှိလှပေ။ ဘယ်က ရောက်လာမှန်းမသိ မိမိတိုပိုင်နက်တွင် အလံတလူလူ လာလွင့်နေသည်ကို နှုတ်ဆက်အားပေး ထောက်ခံနေကြသည်မဟုတ်လော။ စာနာမှုဖြင့် နှုတ်ဆက်ခြင်း သဘောကိုလည်း တွေ့ရသည်။ မည်သို့ပင်ဆိုစေ ကျေးဇူးတင်ရပါသည်။

US 20 မှ PA State Route 5 သို့ လမ်းကြောင်းပြောင်းချီတက်သည်။ လျှောက်ရင်း လှမ်းရင်း ချီတက်ရင်းဖြင့် (၁၁) နာရီတွင် အမေရိကန်အမျိုးသားဖြစ်သူ Bob Kligler နှင့် တွေ့ဆုံရသည်။ ၎င်းက မိမိရိုက်ယူခဲ့သော ကျွန်ုပ်တို့၏ ချီတက်မှုပုံများကို Fort Wayne, IN TV Channel 15 ၌လုပ်ကိုင်နေသော ၎င်း၏သမီးဖြစ်သူထံ ပို့ပြီးလွင့်ပေးမည်ဟုဆိုပါသည်။ ကျေးဇူးပါဘဲ့။ ထိုကျေးဇူးများကြောင့်လည်း ချီတက်ရာ လမ်းကြောင်း တလျှောက်တွင် တချို့ပြည်သူများက ကျွန်ုပ်တို့အကြောင်းကို သိနှင့်ပြီးဖြစ်ကြသည်။ ကျွန်ုပ်တို့ကိုယ်တိုင် မဖတ်ရသော်လည်း တခါတရံလိုကယ်သတင်းစာများတွင် လမ်းလျှောက်ချီတက်ခြင်း အကြောင်းပါရှိသည်ဟု သိရသည်။ အလားတူ ကျွန်ုပ်တို့အကြောင်းပါသောသတင်းစာတစောင်ကိုလည်း ကူညီသူ Rachaelက သိမ်းထားပေးမည်ဟုဆိုသည်။



၁၅ မိနစ်ခန့်ဆက်လက်ချီတက်ပြီးချိန်တွင် အမေရိကန်လူငယ်တဦးနှင့် တွေ့ဆုံသည်။ ထိုသူကလည်း စက်ဘီးတစီး၊ အထုပ်အပိုးများတင်လျက် ခရီးသွားနေသူတဦးဖြစ်သည်။ မြန်မာပြည်အကြောင်း၊ လမ်းလျှောက်ချီတက်ခြင်းအကြောင်းများကို စိတ်ဝင်တစားမေးမြန်းသည်။ ဘန်ကီမွန်းထံ တင်ပြမည့်စာတွင် လက်မှတ်ရေးထိုးသည်။ ဓာတ်ပုံရိုက်ယူသည်။ အိမ်များမှလည်းကောင်း၊ ကားမောင်းရင်းမှလည်းကောင်း လက်ပြအားပေးသူများ ရှိ၏။

အလွန်ကောင်းမွန်သော ရာသီဥတု၏လက္ခဏာရှိသည်။ Erie မဟာရေအိုင်ကြီး၏ ကျေးဇူးဖြစ်နိုင်သည်။ မြင်းမွေးသောခြံများ၊ စပျစ်ခြံများ၊ ပြောင်းခင်းများ၊ ပဲခင်းများတွေ့ရသည်။ တချို့နေရာများတွင် အိမ်ခြေကျဲသည်။ တောင်ကုန်းအတက်အဆင်းများကလည်း အတောမသတ်သေး။ မည်သို့ဆိုစေ ရှေ့ခရီးသည် တနေ့နီးမည် မဟုတ်လော။ ကရဠ်ရာသီသည် ကျွန်ုပ်တို့ခရီးရှည်သမားများကို အထူးအားပေးလျက်ရှိ၏။

ညနေတွင် ပေ(၈ဝဝ) ခန့် မြင့်မားသောတောင်ကုန်းတခုကိုကျော်ရသည်။ ကုန်းထိပ်ရှိဓာတ်ဆီဆိုင်ကို ကျော်သည်နှင့် သတင်းအဖွဲ့တဖွဲ့က စောင့်ဆိုင်းနေပါသည်။ Pennsylvania ပြည်နယ်၊ Erie မြို့မှ ABC (Action News) က ဖြပ်ပါသည်။ တစုံတယောက်က သတင်းပို့သဖြင့် လာရောက်စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း ပြောသည်။ ရဲဘော်မင်းဆွေဦးနှင့် အင်တာဗျူးခြင်း အမှုကိုပြုလုပ်သည်။ တရုပ်၊ ရုရှား စသောနိုင်ငံများက ကန့်လန့်ကန့်လန့်လုပ်နေရာ စီးပွားရေးပိတ်ဆို့ခြင်းသည် အလုပ်ဖြစ်နိုင်ပါမည်လောဟုမေး၏။ စနစ်တကျဗီဒီယိုမှတ်တမ်းတင်လေသည်။ ဆက်လက်ချီတက်စဉ်တွင်လည်း မှတ်တမ်းရိုက်ယူနေသည်ကို တွေ့ရသည်။ အလွန်ယဉ်ကျေးပြီး ကြီးကြီးကျယ်ကျယ်အလုပ်လုပ်သူများဖြစ်သည်။ အဆိုပါသတင်းအဖွဲ့လာသော Erie မြို့သည် ယနေ့ကျွန်ုပ်တို့ အဆုံးသတ်မည့်နေရာနှင့် ခရီး(၁ဝ)မိုင်ဝေးပါသည်။


ယနေ့အဖို့ကို ခရီး (၁ဝ) မိုင်ပြည့်သည့် PA State Route 5 E တနေရာတွင် အဆုံးသတ်လိုက်ကြ၏။ ကျွန်ုပ်တို့တည်းခိုရာစခန်းဖြစ်သော နယူးယေူာက်ပြည်နယ် Buffalo မြို့၊ မေတ္တာနန္ဒဓမ္မရိပ်သာကျောင်းသို့ ပြန်ရောက်လျှင် Akron မြို့မှ ရဲဘော်ကြီးကိုဒေါင်းနီ၊ မဝင်း တို့ရောက်ရှိနေပါသည်။ Akron မြို့မှ မဝင်းမာတို့ မိသားစု လူကြုံပါးလိုက်သော ဆန်၊ ဆီ၊ အကြော်အလှော်၊ အခြောက်အခြမ်း စသော ရိက္ခာများကို သယ်ယူပို့ဆောင်ပေးလာပါသည်။ အထူးကျေးဇူးတင်ပါသည်။

လမ်းလျှောက်သူများတင်ပြသည်။

No comments:

Followers

Blog Archive