(၄၃) ရက်မြောက်နေ့ (ဇူလိုင်လ ၁၆ ရက်၊ ၂ဝဝ၉)
နံနက် (၉)နာရီ (၂ဝ)မိနစ်တွင် မနေ့ကရပ်နားခဲ့ရာ တောပစ်အားကစားအသင်း၏အရှေ့မှ စတင်ချီတက်သည်။ ရာသီဥတုသည် မနေ့က ကဲ့သို့ပင်တောက်ပသော အခြေအနေရှိ၏။ တောင်တလုံး အိမ်တဆောင် ဖြတ်သန်းရ၏။ စတင်ချီတက်ပြီးမကြာမီတွင် အိမ်တအိမ်မှ အဖွားကြီးတဦးသည် လမ်းတဘက်ရှိအိမ်ရှေ့တွင် ရပ်၍စောင့်နေသည်။ လှမ်း၍နှုတ်ဆက်သည်။ လက်ထဲတွင် အထုပ်တထုပ်ကိုင်ထားသည်။ ကားသွားအလာ ရှုပ်ထွေးနေသဖြင့် ကျွန်ုပ်တို့ရှိရာဘက်သို့ ဖြတ်ကူး၍ မလာနိုင်ဖြစ်နေသည်။ ထိုကြောင့် ကျွန်ုပ်တို့က လမ်းတဘက်သို့ကူးသွားလျှင် ၎င်းအဖွားကြီးက တနေ့က ကျွန်ုပ်တို့ချီတက်လမ်းလျှောက်နေသည်ကို တွေ့ခဲ့ရကြောင်းပြောပြ၏။ အအေးလှူဒါန်းပါသည်။ ဆုမွန်ကောင်းတောင်းပေး၏။
Laden မြို့ Genesee County ဆိုင်းဘုတ်ကို လှမ်းတွေ့ရသည်။ ဆက်လက်ချီတက်၏။ ကျွန်ုပ်တို့သည် လိုကယ်လမ်းအတိုင်းသာ ချီတက်နေခြင်းဖြစ်ရာ တခါတရံတွင် မြို့ဧရိယာ၏ တပိုင်းတစကိုသာ ဖြတ်ကျော်မိခြင်း များရှိသည်။ တကယ်တမ်းတွင် မြို့တို့၏ အတွင်းလမ်းများကိ လိုက်လံစနည်းနာမည်ဆိလျှင် ကျယ်ပြောလှသော နေရာများကိုတွေ့ရမည်ဖြစ်သည်။ အကြောင်းမူ တချို့လမ်းများတွင် ရွာကလေးဖြစ်လိုက်၊ မြို့ကလေးဖြစ်လိုက်နှင့် နီးနီးကပ်ကပ်တည်ရှိကြရာ ကျွန်ုပ်တို့သည် ထိုမြို့ရွာများအားလုံးကို ဆယ်မိုင်ဆယ့်ငါးမိုင် အတောအတွင်း ကျော်ဖြတ်နေကြရာ အစွန်အဖျားများကိုသာ ဖြတ်ကျော်ရသည်များ ရှိသည်မဟုတ်လော။ တချို့သော မြို့ကလေးများကိုမူ (၂)ရက်ဖြင့်ပင် မကျော်ဖြတ်နိုင်သေးသည်များရှိ၏။
ဆက်လက်၍ချီတက်လာရာ (၁ဝ)နာရီတွင် Town of Pembroke သို့ရောက်ရှိသည်။ တောင်တလုံး အိမ်တဆောင်လမ်းများထက် တိုးတက်လာ၏။ ခြံနှင့်ဝင်းနှင့် နေရာများကို ကျော်ဖြတ်ရ၏။ (၁၅)မိနစ်သာ ဆက်လျှောက်ရသေးသည် Village of Corfu က ဆိုင်းဘုတ်ကိုတွေ့ရ၏။ ရွာအတွင်းသို့ စတင် ဝင်ရောက်လိုက်သည်နှင့် စက်ရုံအလုပ်ရုံ နယ်မြေတခုကို ကျော်ဖြတ်ရသည်။ ရွာနှင့်မတူပါ။ စည်ကားသော၊ သာယာသော မြို့ကလေးနှင့်တူသည်။
အဆောက်အဦများ၊ ဆိုင်တန်းများ၊ လမ်းဆုံလမ်းခွများသည် ရွာတခုထက် များစွာစည်ကားနေ၏။ တောတောင်သက်သက်ရှိသော ရွာလေးများနျင့်စာလျှင် ဤရွာလေးကို မြို့ဟုဆိုသင့်သည်။ ကားအသွားအလာများပင်လျှင် အတန်ငယ်များပြားနေသည်ကို တွေ့ရသည်။ ရွာကလေးသည် အတော်အတန်ရှည်လျားလှ၏။ (၁ဝ)နာရီခွဲပြီး (၁ဝ)မိနစ်တွင် Corfu Fire Department Inc. ၏ ရှေ့တွင် ခေတ္တနားကြသည်။ ထိုနောက် ဆက်လက်ချီတက်ကြ၏။ စည်ကားသော ရွာကလေးမှ ထွက်ခွာသွားပြီဖြစ်သည်။ တောဆန်သောလမ်းကိ ဆက်လျှောက်ကြ၏။ နေသည် အလွန်ပူလာ၏။ (၁၂)နာရီထိုးရန် (၁၅)မိနစ်အလိုတွင် ခဏနားကြသည်။ ထိုနောက် (၁၂)နာရီတွင် ပြန်လည်ချီတက်ကြ၏။ ခပ်လှမ်းလှမ်း လမ်းဖြောင့်ရာနေရာများတွင် ကတ္တရာလမ်းသည် ရေအိုင်ထွန်းသကဲ့သို့ တံလျှပ်တို့ဖြင့် ဖွဲ့စည်းထား၏။ ပူအိုက်သဖြင့်အနည်းငယ် နွမ်းနယ်မှုရှိသည်။
(၁၂) နာရီခွဲတွင်Town of Batavia ဆိုင်းဘုတ်ကို လှမ်းတွေ့ရသည်။ ယနေ့ချီတက်ရာ E 33 လမ်းသည် မြို့ကလေး၊ ရွာကလေးများ စိပ်လှသောလမ်းဖြစ်၏။ မြို့တွင်းသို့ဝင်ပြီး သိပ်မကြာမီ မြင်းခြံတခုကို တွေ့ရသည်။ ခြံအတွင်း ဘာသာဘာဝမြူးတူးနေသော မြင်းလေးကောင်သည် ကျွန်ုပ်တို့ ချီတက်လာသည်ကို မြင်သော် ခြံစည်းရိုးထိပ်သို့လာကြပြီးလျှင် ခေါင်းတမော့မော့ လည်တဆန့်ဆန့်ဖြင့် အဝေးမှနှင်လာကြသော ခရီးရှည်သမားများကို ကြိုဆို၏။
ဆက်လျှောက်၍ ခပ်လှမ်းလှမ်းရောက်လျှင် တခြားသောမြင်းခြံတခုကို တွေ့ရပြန်သည်။ မြင်းမွေးသော မြို့ဟုဆိုရမည်။ မြို့ကြီးမှဝေးလှသော အရပ်များတွင် ‘မြန်မာပြည်’ဟူသော စကားလုံးကို သိရှိသူတဦးတလေရှိလျှင်ပင် ကျွန်ုပ်တို့ကျေနပ်လှပြီဖြစ်၏။ ဤလမ်း ဤနယ် ဤရွာများတွင် မြန်မာလူမျိုးများ မရှိနိုင်ပါ။ ဖြစ်နိုင်လျှင် လေယာဉ်ဖြင့် ဝဲပျံ၍ မြန်မာပြည်အကြောင်း စာရွက်စာတမ်းများကို နေရာအနံ့ ကြဲချလိုက်ချင်ပါသည်။ မည်သို့ဆိုစေ ကျဆုံးလေပြီးသော ရဲဘော်အပေါင်း၏ကိုယ်စား ဤလမ်းတကြော၌ ကျွန်ုပ်တို့သည် ဖဝါးဖြင့် တလှမ်းချင်း ချီတက်နေပါ၏။ နေ့လည် တနာရီထိုးလုလုတွင် E 33 လမ်းအတိုင်းပင် တနေရာ၌ ရပ်ဆိုင်းလိုက်ကြသည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment