ဇူလိုင်လ (၂၂၊ ၂ဝဝ၉)
မြူနှင်းတို့ဝေနေသောနေ့ဖြစ်၏။ နံနက် (၈) နာရီ (၄ဝ) မိနစ်တွင် စတင်ချီတက်ကြသည်။ တောလမ်း သက်သက်သာဖြစ်၏။ နှင်းတို့ဝေနေသဖြင့် ကဗျာစပ်ချင်စရာဖြစ်သည်။ ကျွန်ုပ်တို့အဖွဲ့သည် လက်နက်လေးမြား ဓါးလှံစသည်ကို မကိုင်ဆောင်သောအဖွဲ့ဖြစ်ပါ၏။ နတ်သျှင်နောင်သည် စစ်မြေပြင်အရပ်တွင် ကဗျာအပေါင်းကို မည်ကဲ့သို့ဖန်တီးခဲ့ပါသနည်း။ ညကတည်းကရွာခဲ့သောမိုးကြောင့် တောအလုံးသည် မှိုင်းရီနေ၏။ ခပ်လှမ်းလှမ်း ကြည့်လေရာတိုင်းတွင် မြူနှင်းတို့ဖုံးလွှမ်းထားပါ၏။
တောလမ်းသည် တော၏သဘောကို ဆောင်လျက်ရှိသည်။ နေပြင်းထန်စွာမပူသောနေ့၊ မိုးမရွာသောနေ့၊ မြို့ပြဧရိယာကို မဖြတ်သန်းရသော ယခုကဲ့သို့သောနေ့မျိုးတွင် ကျွန်ုပ်တို့အဖွဲ့သည် တိတ်တိတ်ဆိတ်ဆိတ် ကဆုန်စိုင်းကြသည်မဟုတ်ပါလော။ တိတ်ဆိတ်စွာပင် ကျွန်ုပ်တို့အဖွဲ့သည် တတောက်ပြီးတတောက် လျှောက်လှမ်းကြပါ၏။ (၁ဝ)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် လိုကယ်ဟိုင်းဝေးတနေရာတွင် ခဏနားကြပါ၏။ ခဏနားပြီး ဆက်လက်ချီတက်ကြရာ (၁ဝ) နာရီ (၅) မိနစ်တွင် Oranto Veteran Memorial Highway ကိုကျော်ဖြတ်၏။
ဆက်လက်ချီတက်ရင်း (၁၁)နာရီထိုးရန် (၁၅)အလိုတွင် ခဏနားကြပြန်သည်။ ယင်းကဲ့သို့ခဏနားနေကြစဉ် အမျိုးသမီးတဦး ကားဖြင့်ရောက်လာပါသည်။ ကျွန်ုပ်တို့၏ ခရီးရှည်ချီတက်ခြင်းအကြောင်း၊ မြန်မာပြည် အကြောင်းများကို မေးမြန်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်း ကျွန်ုပ်တို့ကပြောပြပါသည်။ ထိုအမျိုးသမီးသည် ဘာသာတရား၌ အထူးကိုင်းရှိုင်းပုံရပါသည်။ ကျွန်ုပ်တို့ရှင်းပြသည်များကို နားထောင်ပြီးလျှင် အလွန်သိမ်မွေ့ပြောကြားပါ၏။ လိုရင်းဆိုရသော် မြန်မာပြည်ကိစ္စကို မြန်မာပြည်သူတို့ကသာလျှင် ဆောင်ရွက် ရမည့်အရေးဖြစ်ပါသည်။ အမေရိကန်တို့က လူကိုယ်တိုင်စွက်ဖက်ကျူးကျော်လိမ့်မည်မဟုတ်။ အမေရိကန်ပြည် ၌ လာရောက်ချီတက်နေသော ကျွန်ုပ်တို့အား အဖဘုရား၏မေတ္တာတော်ကိုပို့သပါသည်။ ကျေးဇူးတင်ပါသည်။
(၁၁) နာရီထိုးပြီး (၁၅) မိနစ်တွင် Welcome to the Community of Macedon ဆိုင်းဘုတ်ကိုကျော်ဖြတ်သည်။ မှုန်မှိုင်းသောရာသီဥတုကိုကျော်ဖြတ်ချီတက်၏။ (၁)နာရီထိုးရန် မိနစ်(၂ဝ)အလိုတွင် Macedon မြို့ကလေးမှ ထွက်ခွာသွားပြီဖြစ်သည်။ ဤမြို့ကလေးမှ ထွက်လျှင်ထွက်ချင်းပင် Village of Palmyra ဆိုင်းဘုတ်ကိုကျော်ဖြတ်ဝင်ရောက်သွားပါသည်။ နေ့လည် (၁)နာရီ (၁၅)မိနစ်တွင် ၎င်းရွာကလေးမှ တဖန်ထွက်ခွာသွားပါ၏။ တိတ်ဆိတ်လှသော တောတောင်လမ်း ကလေးကိုဖြတ်သန်းရင်း နေ့လည် (၁)နာရီခွဲတွင် ယနေ့အဖို့ သတ်မှတ်သော ခရီးသည်ပြီးဆုံးပါ၏။
No comments:
Post a Comment