Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Thursday, July 9, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၃ ရက်မြောက်နေ့ ခရီးစဉ် 33rd day of 900 miles for Long March

PA, Erie မြို့ကို ကျော်ပြီ
(၃၃) ရက်မြောက်နေ့ (ဇူလိုင်လ ၄ ရက်၊ ၂ဝဝ၉)


နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် မနေ့ကရပ်နားခဲ့ရာ Erie မြို့ မြောက်ဖျားရှိ West lake Middle School ရှေ့မှ စတင်ထွက်ခွာသည်။ ရာသီဥတုမှာ အနည်းငယ်မှိုင်းပြာလျက်ရှိ၏။ လမ်းလျှောက်၍ ကောင်းသည်။ ဤနေ့သည် အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်သောကြောင့် တချို့သောကားများ၊ ကားတန်းများတွင် အလံတလူလူဖြင့် သွားနေသည်ကို တွေ့ရ၏။ လူအများပျော်ရွှင်နေကြသည်။


အမေရိကန်လွတ်လပ်ရေးနေ့တွင် မလွတ်လပ်သေးသော ခွပ်ဒေါင်းသည် ချီတက်မြဲချီတက်၏။ ပထမတွင်စိတ်ထဲအနည်းငယ်စိုးရိမ်သလိုရှိသည်။ အကြောင်းမှာ ယခုလိုနေ့မျိုးတွင် ကျွန်ုပ်တို့ လမ်းလျှောက်အဖွဲ့ကို ရုတ်တရက်အကြောင်းမသိလျှင် ဆန္ဒပြနေသည်ဟုထင်နိုင်သည်။



သို့သော် ပွဲဦးထွက်လာဘ်ကောင်းသည်။ ၁၁ နာရီ မိနစ်အနည်းငယ်တွင် 299 S သို့မကွေ့မီ Oakmont Ave လမ်း၌ အမျိုးသမီးတဦးရောက်လာပြီးနှုတ်ဆက်ကာ အအေးဗူးများပေးသည်။ လမ်းလျှောက်အဖွဲ့အကြောင်းကို TV Channel 35 တွင် မနေ့က မြင်ခဲ့ရကြောင်းပြောသည်။ သူမ၏အမည်မှာ Georgia Bowser ဖြစ်၏။ ကုလသမဂ္ဂထံတင်ပြမည့်စာတွင် လက်မှတ်ထိုး၏။ အလွန်ပျော်ရွှင်၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ တက်ကြွနေသည်။ သူမ၏ကားထဲတွင်ကျန်ရှိနေသော အအေးဗူးများအားလုံးနှင့်ရေဗူးများကိုလည်း ထပ်မံပေးလိုက်သည်။ လက်တွင်ကိုင်ဆောင်သွားရန်မဖြစ်နိုင်သဖြင့် သတင်းမှတ်တမ်းကားသို့ ပို့လိုက်ရ၏။


(၁၅) မိန်စ်ခန့် ဆက်လျှောက်ပြီးချိန်တွင် ဆိုင်တဆိုင်မှ လင်မယားနှစ်ဉ်ီးကလည်း ရေဗူးများပေးပါသည်။ အခြေအနေကြည့်ရသည်မှာ ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့အကြောင်းကို TV တွင် လွင့်သည်ဖြစ်၍ လူအတော် များများသိရှိကြပြီးဖြစ်သည်ဟု ယူဆရသည်။ ထင်သည့်အတိုင်းဖြစ်နိုင်ပါသည်။ လမ်းတလျှောက်တွင် ဖြတ်သန်းသွားသောကားများမှ လှမ်း၍နှုတ်ဆက်ခြင်းများစွာရှိသည်။



နံနက်က အုံ့မှိုင်းနေသော်လည်း တဖြည်းဖြည်း နေပြန်ပူလာသည်။ E 5 လမ်းသည် Erie မြို့တွင်းကို ဖြတ်သန်း သွားသည်ဖြစ်၍ ၎င်းလမ်းအတိုင်းဆက်သွားလျှင် W 8 St လမ်းအရောက်တွင် လမ်းလျှောက်အဖွဲ့၏ ရှေ့ပြေး လျှောက်သော ရဲဘော်ကျော်ရှိန်နှင့် အမျိုးသမီးတဦး တွေ့ဆုံနေသည်ကို လှမ်း၍မြင်ရ၏။ ထိုအမျိုးသမီးသည် ရှေ့သို့သုတ်သုတ်လျှောက်သွား၏။ ကျွန်ုပ်တို့၏ရှေ့မှ (၃)ဘလောက်ခန့်အထိဆက်သွားပြီး သူမ၏အိမ်မှကင်မရာ သွားယူကာ လမ်းတွင်စောင့်နေသည်။ ဓာတ်ပုံရိုက်ယူသည်။ တကူးတကရိုက်ခြင်းဖြစ်ပါသည်။ သတင်း မှတ်တမ်းကားမှ ရဲဘော်မင်းဆွေဦးနှင့်လည်း လမ်းလျှောက်ခြင်းအကြောင်း စကားပြောဖြစ်ကြသည်။

ဆက်လက်၍ချီတက်လာရာ နေ့လည် (၁)နာရီတွင် W 6 St နှင့် Peach St လမ်းဆုံရာ Erie County Court House အရှေ့ရှိ ပန်းခြံတွင်နားကြသည်။ မြို့လည်ဟုယူဆနိုင်သည်။ ပန်းခြံ၏အမည်မှာ Perry Square Park ဖြစ်၏။ နေ့လည်စာကို ဤပန်းခြံတွင်ပင်စားလိုက်ကြ၏။ ပန်းခြံထိပ်ရှိရုပ်ထု၏ကျောက်တိုင်တွင် အောက်ပါ မိန့်ခွန်းကို ထုထွင်းထား၏။



“We here highly resolve that these dead shall not have died in vain; that this nation, under god, shall have a new birth of freedom and that the government of the people, by the people and for the people, shall not perish from the earth,”

မြတ်သောသူ၏စကားကို မြင့်မြင့်မားမား ကျောက်စာကမ္ဗည်းထိုးထားခြင်းဖြစ်သည်။ တန်ဖိုးရှိသော ဤကျောက်စာသည် ကမ္ဘာတည်သရွေ့အဓွန့်ရှည်ပါစေ။ မြန်မာပြည်က အုပ်ချုပ်သူလူမသမာတို့၏ ခြိမ်းခြောက်သော ဖရုဿဝါစာနှင့် တခြားစီမဟုတ်ပါလော။

ခရီးဆုံးခါနီးတွင် အမျိုးသမီးတဦးကလည်း ကျွန်ုပ်တို့၏သတင်းမှတ်တမ်းကားကိုတွေ့သဖြင့် သူမ၏ ကားကိုပြန်လှည့်လာကာ မနေ့က ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့သတင်း TV တွင်ပါလာကြောင်းပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ပုံကိုင်ပုံနှင့်တကွ သူမ၏စိတ်ဓာတ်နှင့် တိုင်းပြည်နှင့်လူထုအပေါ် အနစ်နာခံမှုကို အထူးလေးစားဂုဏ်ယူကြောင်းပြောကြားရင်း နှုတ်ဆက်ထွက်ခွာသွားသည်။

Erie မြို့သည်ရှည်လျားလှ၏။ တောက်လျှောက်ချီတက်လာရာ မြို့တွင်းဧရိယာသက်သက်ဖြစ်သည်။ အော်ဟစ် နှုတ်ဆက်ခြင်း၊ လက်ဝှေ့ရမ်းထောက်ခံခြင်း၊ ဟွန်းတီးသြဘာပေးခြင်း များစွာရရှိသည်။ အနေအထားမှာ ကောင်းနေ၏။ ညနေ (၃)နာရီတွင် E 5 လမ်းပေါ်ရှိ East Lakeလမ်းနှင့် Smithson Ave လမ်းဆုံရာတွင် ယနေ့အဖို့ကိုရပ်နားလိုက်ကြသည်။ Buffalo မြို့သို့ (၈၇) မိုင်ရှိကြောင်း ဆိုင်းဘုတ်ကဖေါ်ပြနေသည်။ လွတ်လပ်ရေးနေ့ကို လမ်းပေါ်တွင်ကြုံဆုံရင်း အားလုံးလွတ်လပ်နိုင်ပါစေ။



ချီတက်လမ်းလျှောက်သူများတင်ပြသည်။

No comments:

Followers

Blog Archive