Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, July 29, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၅၃ ရက်မြောက်ခရီး 53rd day of 900 miles for Long March


ငြိမ်းချမ်းရေးခရီးရှည်ချီတက်ခြင်း (၅၃) ရက်မြောက်နေ့ (ဇူလိုင်လ ၂၇၊ ၂ဝဝ၉)
BURMA RD နှင့် ကျွန်ုပ်တို့


ယနေ့ ရာသီဥတုသာယာလျက်ရှိသော မနက် (၉) နာရီ (၅) မိနစ်အချိန်တွင်၊ ယမန်နေ့ရပ်နားခဲ့သည့် County Rd 130 လမ်းနှင့် South 96 ဆုံရာ နေရာမှ၊ တနေ့တာချီတက်လှုပ်ရှားခြင်းကို စတင်လိုက်ကြ၏။

စတင်ချီတက်ပြီး (၁ဝ) မိနစ်ခန့်တွင် တောင်ကုန်းငယ်လေးတခုပေါ်သို့ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းရင်း၊ (၄၅) မိနစ်အကြာမြို့အဝင် ဆိုင်းဘုတ်က ကျွန်ုပ်တို့ကိုကြိုဆိုနေ၏။ မြို့ငယ်မရောက်မီ ချီတက်ရာ လမ်းတဖက် တချက်တွင် ပြောင်းဖူးစိုက်ခင်း၊ ဂျုံစိုက်ခင်း၊ အာလူးစိုက်ခင်း စသည့် စိမ်းလန်းစိုပြေ လန်းဆန်းနေသော စိုက်ခင်းလှလှလေးတွေ ကျော်ဖြတ်ပြီး ထိုမြို့သို့ရောက်ရှိသွားခြင်းဖြစ်၏။

မြို့ငယ်၏ ပလက်ဖေါင်းပေါ်မှ ချီတက်ကြလေ၏။ ခရီးသွားလာနေကြသော အမေရိကန်ပြည်သူတို့သည် ကျွန်ုပ်တို့နေ့စဉ် ချီတက်နေကျဖြစ်သော၊ ကုလသမဂ္ဂအလံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ၊ NLD အလံနှင့်အတူ မိုင်းပေါင်း (၉ဝဝ) ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်းဆိုသည့် အင်္ဂလိပ်လိုရေးထားသည့်ဆိုင်းဘုတ် FREE AUNG SAN SU KYI စာတမ်းပါ၊ ဒေါ်အောင်ဆန်းစုကြည်ပုံကို တွေ့လိုက်ရသည်နှင့် တပြိုင်တည်း၊ ထုံးစံအတိုင်း ကားဟွန်းသံပေး၍လည်းကောင်း၊ လက်ဝှေ့ရမ်း၍လည်းကောင်း၊ ငြိမ်းချမ်းရေးသင်္ကေတ လက်အမှတ် အသားပြ၍လည်းကောင်း အားပေးထောက်ခံသူတွေ နေ့စဉ်မြင်တွေ့ရ၏။

ထိုမြို့်ငယ်ကိုလွန်မြောက်ပြီး၊ မနက် (၁ဝ) နာရီ (၉) မိနစ်တွင် ခေတ္တရပ်နားပြီး ပြန်မထွက်မီ၊ စက်ဘီးပြိုင်ပွဲ အတွက်လေ့ကျင့်နေသူ အမေရိကန်အမျိုးသားကြီးတဦး ကျွန်ုပ်တို့ထံ လာရောက်မေးမြန်းလေသည်။ ထိုသူအား သိချင်သည်များကို ရှင်းပြပြီး၊ ဘန်ကီမွန်းထံပေးမည့်စာအတွက် ထောက်ခံလက်မှတ် ရေးထိုးပေးသွား လေသည်။

ကျွန်ုပ်တို့ချီတက်ရာ လက်ဝဲဘက်တွင် Interlake ကို လှမ်းမြင်ရ၏။ ထိုရေကန်အထက်ပိုင်းတွင်၊ တောင်တန်းငယ်၊ တောအုပ်များလည်း လှပစွာ တွေ့ရှိနိုင်လေသည်။ ရှုခင်းလှလှလေးနှင့်အတူ၊ လေကောင်း လေသန့်ကို ရရှိသောကြောင့် ယနေ့အဖို့ အလွန်ခြေသွက်ကြလေ၏။

(၁ဝ) နာရီ (၄၅) မိနစ်အချိန်တွင် 89 အဝေးပြေးလမ်းပေါ်သို့ လမ်းကြောင်းပြောင်း၍ ချီတက်ကြလေ၏။ လမ်းအကွေ့ရောက်တွင် စက်ဘီးပြိုင်ပွဲလေ့ကျင့်သူ အမျိုးသမီးငယ်နှင့် အမျိုးသမီးကြီးနှစ်ဦးတို့ စက်ဘီးရပ်၍ မေးမြန်းကြ၏။ ထောက်ခံလက်မှတ်ရေးထိုးပေးသွားကြ၏။ နောက်ထိုလမ်းပေါ်တွင်ပင် စက်ဘီးပြိုင်ပွဲ လေ့ကျင့်နေသူ တခြားအမျိုးသမီး (၃)ဦးတို့နှင့် ကျွန်ုပ်တို့တွေ့ဆုံပြောဆိုအပြီး၊ လှိုက်လှိုက်လှဲလှဲနှင့် ကျေနပ်အားရစွာဖြင့်၊ ထောက်ခံလက်မှတ်ရေးထိုးပြီး ရေဗူးပေး၍ နှုတ်ဆက်ထွက်ခွာ သွားကြ၏။

ထိုလမ်းတလျှောက် စက်ဘီးပြိုင်ပွဲအတွက် လေ့ကျင့်နေသူများသည် ကျွန်ုပ်တို့အား အမှတ်တရ ဓါတ်ပုံရိုက်ကူသွားသူတွေ၊ ကံကောင်းပါစေ၊ မင်္ဂလာနံနက်ခင်းပါဟု ဆုတောင်းပေးသွားသူတွေ များပြားလှ၏။

နေ့လည် (၁၂) နာရီတွင် ခေတ္တနားကြပြန်၏။ ခရီးဆက်ကြပြီး နေ့လည် (၁၂) နာရီခွဲအချိန်တွင်၊ လူ (၄) ဦးပါလာသော ကားတစီး ကျွန်ုပ်တို့ချီတက်ရာ ညာဘက်ခြမ်း လမ်းဘေးသို့ ကားထိုးရပ်လိုက်ကြ၏။ နောက် ကားပေါ်မှဆင်းပြီး၊ အမျိုးသမီးငယ် (၃) ဦးသည် သူတို့ပါလာသော ကင်မရာဖြင့် ကျွန်ုပ်တို့ကို၊ ၎င်းတို့ (၃) ယောက်သား၊ တဖျတ်ဖျတ်နှင့် ဓါတ်ပုံအပြိုင်ရိုက်ယူနေကြ၏။


ကျွန်ုပ်တို့ သူတို့ကားအနီးရောက်မှ သူတို့သိချင်သည်များကို ဝိုင်း၍ မေးမြန်းကြ၏။ ကျွန်ုပ်တို့နှင့်အတူ (၄) ရက်မြောက် အားဖြည့်လမ်းလျှောက်နေသည့် အလက်ဇန္ဒားသည် မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ဘာကြောင့်လမ်းလျှောက်နေရသည့်အကြောင်းတွေကို အားရပါးရ ရှင်းပြလိုက်သဖြင့်၊ ၎င်းတို့သည် Ithaca မြို့၊ Cornell တက္ကသိုလ်ကျောင်းသူတွေဖြစ်ကြောင်း၊ သြစတြလျ နိုင်ငံသူ၊ ကနေဒါနိုင်ငံသူ၊ နယူးယောက်သူ၊ Ithaca မြို့သား စသဖြင့် ၎င်းတို့ကိုယ်တိုင် မိတ်ဆက်စကား ဆိုလာ၏။
အလက်ဇန္ဒားရှင်းပြခြင်းကို သိရှိနားလည်ကြသော တက္ကသိုလ်ကျောင်းသူတစုတို့သည် ကျွန်ုပ်တို့အား ထောက်ခံလက်မှတ်ထိုးပေးပြီး နှုတ်ဆက်ထွက်ခွာသွားကြ၏။


ကျွန်ုပ်တို့ခရီးဆက်ပြီး (၅) မိနစ်အကြာ၊ ကျွန်ုပ်တို့ချီတက်ရာ ဘယ်ဘက်ခြမ်း၊ လမ်းထောင့်ထိပ်တွင် အနံ (၅) လက်မ၊ အလျား (၁) ပေခွဲခန့်ရှိ သစ်သားပြားတွင်၊ အင်္ဂလိပ်လိုရေးထားသော BURMA RD ဆိုသည့် ဆိုင်းဘုတ်ကို အရင်လှမ်းတွေ့လိုက်သူ အလက်ဇန္ဒားသည်၊ ဆိုင်းဘုတ်ကို လက်ညိုးတထိုးထိုးဖြင့် BURMA RD ဟု အသံကျယ်ကျယ်ဖြင့်၊ အထိပ်တလန့်အော်ဟစ်နေသောကြောင့်၊ ကျွန်ုပ်တို့ကြည့်လိုက်ရာ၊ ထူးထူးခြားခြား BURMA RD ဆိုသည့် ဆိုင်းဘုတ်ကို၊ အံ့သြစွာ မြင်တွေ့ရလေ၏။ မြင်မြင်ချင်း ခေတ္တဝမ်းသာ သွားမိပေမယ့်၊ ကျွန်ုပ်၏ ရင်တွင်းမှ လျှပ်တပြက်အတွင်း ခံစားချက်တခု ဝမ်းနည်းစွာပေါ်ထွက်သွားခဲ့ရ၏။




အဘယ်ကြောင့်ဆိုသော်၊ ထို BURMA RD ဟု အမည်ပေးထားသောလမ်းကို သေသေချာချာကြည့်မည်ဆိုလျှင်၊ ကျောက်စရစ်ခဲဖြင့်ခင်းထားသည့် လမ်းကြမ်း၊ နောက် ကားတစီးစာသာအကျယ်ရှိ၏။ လမ်းတဖက်တချက်တွင် တောအုပ်ငယ်လေး အုပ်ဆိုင်းဆိုင်းအနေအထားရှိသောကြောင့် လမ်းလေးသည် ကျဉ်းမြောင်းနေ၏။ ထိုလမ်းလေးသည် မြန်မာပြည်သူလူထုတို့သည် ယနေ့ထိ ဒီမိုကရေစီခရီးကြမ်းကို၊ လျှောက်လှမ်းနေဆဲဆိုသည့် အဓိပ္ပါယ်ကို ဖော်ဆောင်နေသလို ခံစားလိုက်ရသောကြောင့်ဖြစ်၏။

မည်သို့ပင်ဆိုစေ၊ ကျွန်ုပ်တို့ မိုင်ပေါင်း (၉ဝဝ) ခရီးရှည်ချီတက်ပွဲ၏ ခရီးတဝက်ကျော်၊ မိုင်ပေါင်း (၅၄ဝ) ခရီး ပေါက်၍၊ မနက်ဖြန်ဆို မြို့ကို ရောက်မည်ဖြစ်၏။ ၎င်းမြို့မှ ဒီမိုကရေစီအင်အားစုများ၊ ကျွန်ုပ်တို့အား လာရောက် ကြိုဆိုမည်ဟု ဆက်သွယ်လာသောကြောင့်၊ ပြည်သူနှင့်အတူ ငါတို့အောင်ပွဲခံမည့်နေ့ နီးလာပြီဟု ကိုယ့်အားကိုယ်ပေး လျှောက်လှမ်းရင်း၊ တနေ့တာသတ်မှတ်ထားသည့်နေရာ ရောက်ရှိပြီဖြစ်သောကြောင့် ရပ်နားလိုက်ကြ၏။


လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive