ငြိမ်းချမ်းရေးခရီးရှည် (၃၅)ရက်မြောက်နေ့ (ဇူလိုင်လ ၆ ရက်၊ ၂ဝဝ၉)
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး ခရီးရှည်ချီတက်ခြင်းတွင် Buffalo မြို့မှ ဦးဇင်းကုမာရ ပါဝင်ချီတက်သည်။ ရာသီဥတုသည် အတော်အသင့်ဖြစ်၏ လမ်းလျှောက်၍ကောင်းသော အနေအထားဖြစ်သည်။ မနေ့ကရပ်နားခဲ့ရာ လမ်းပေါ်ရှိ စပျစ်ခြံကြီးတခုအရှေ့မှ စတင်ချီတက်သည်။
မြန်မာဘုန်းတော်ကြီးတပါးဦးဆောင်ချီတက်နေသဖြင့် ကျွန်ုပ်တို့အဖွဲ့သည် ပိုမို၍အဓိပ္ပါယ်လေးနက်သွား၏။ မြန်မာဘုန်းတော်ကြီးများအကြောင်းကို ရွှေဝါရောင်တော်လှန်ရေး Saffaron Revolution မှအကြောင်းပြု၍ ကမ္ဘာကသိရှိကြပါသည်။ တိဘက်ပြည်မှ ဒလိုင်းလားမား၏ ဆောင်ရွက်ချက်များကို ကမ္ဘာက သိကြသည်မဟုတ်လော။ လွတ်မြောက်ရေးအတွက်လည်းကောင်း၊ ငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ လူသားအကျိုးအတွက်လည်းကောင်း လှုပ်ရှားမှုတွင် တိဘက်ပြည်နှင့် မြန်မာပြည် အခြေအနေချင်း အတူတူပင်ဖြစ်သည်။
Pennsylvania ပြည်နယ်၏ ရေအိုင်အနားစောင်းတလျှောက် စပျစ်ခြံများကိုဖြတ်ကျော်ကြ၏။ ချယ်ရီခြံတခုကို တွေ့ရသည်။ မိမိဘာသာစိတ်ကြိုက်ဆွတ်ခူးပါဆိုသည့်ဆိုင်းဘုတ်တပ်ထားသော ချယ်ရီဆိုင်ထဲက ကားတစင်းထွက်လာပြီး အရှေ့တွင်ရပ်စောင့်နေသည်။ ကျွန်ုပ်တို့၏ချီတက်မှုအကြောင်းကို စူးစမ်းမေးမြန်းသည်။ ကုလအတွင်းရေးမှူးထံတင်ပြမည့်စာတွင်လည်း လင်းမယား(၂) ဦးစလုံး လက်မှတ်ရေးထိုးပေးကြသည်။
ဦးဇင်းကုမာရသည် သာသနာ့အလံကိုထမ်းကာ တက်ကြွစွာချီတက်နေသည်။ ပထမဆုံးနေ့ လမ်းလျှောက်ခြင်းဖြစ်သည့်အတွက် ဖြေဖဝါးများနာကြင်မှုရှိသည်။ ဝေဒနာကိုသည်းခံ၍ချီတက်နေပါ၏။ (၁၁)နာရီခွဲတွင် E 5 လမ်းတနေရာ၊ တောအုပ်၏အစပ် အရိပ်ရသောသစ်ပင်အောက်တွင်နား၍ ဦးဇင်းအား ဆွမ်းကပ်ပါသည်။ ရဲဘော်မင်းဆွေဦးက တာဝန်ယူ၍ရိုသေစွာဆွမ်းကပ်ပါသည်။ ဦးဇင်းသည် ဘုဉ်းပေးသည်ဆိုရုံမျှသာ ဘုဉ်းပေးခြင်းဖြစ်သည်။ ထူးခြားသောမြင်ကွင်းပါပေ။ လမ်းနံဘေးတောစပ်၊ သစ်ရိပ်အောက်တွင်၊ မြက်ခင်း၌ တာပလာခင်း၍ ဆွမ်းသုံးဆောင်ဟန်တည်း။ တောတောင်တွင် ဧကစာကျင့်၍ ဆင်းရဲအပေါင်းကိုဥပေက္ခာပြုကာ ဓမ္မကိုအားထုတ်ဟန်တည်း။ ကျွန်ုပ်တို့အဖွဲ့သားများကား ထုံးစံအတိုင်း (၅)မိုင်ပြည့်သော တနေရာ၌ နေ့လည်စာစားကြသည်။
နာရီဝက်ခန့်ဆက်လျှောက်ရာ အမျိုးသားတဦးနှင့်တွေ့ဆုံသည်။ လမ်းဆုံတခုတွင်ရပ်စောင့်နေခြင်းဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဒေါ်စင်သီယာဆေးခန်းတွင် အလုပ်လုပ်ခဲ့ဖူးသည်ဆို၏။ သူ၏အမည်မှာ Harold Linde ဖြစ်သည်။ လက်မှတ်ရေးထိုးပေးပါသည်။ အားတက်သရောဖြစ်နေ၏။ အလွန် အားပေး ထောက်ခံ၏။ အလွန်လည်းပျော်ရွှင်ဝမ်းမြောက်နေပါသည်။ ဘာများလိုအပ်သလဲ ဟုလည်းမေးမြန်းပါသည်။ ကျေးဇူးတင်ရ၏။
ဆယ်မိနစ်ခန့် ဆက်လျှောက်ပြီးချိန်တွင် ၎င်းပုဂ္ဂိုလ်သည် သူ၏သူငယ်ချင်းကိုခေါ်၍ ကားနှင့်လိုက်လာပါသည်။ သူ့သူငယ်ချင်း၏အမည်မှာ Susan Griggs ဖြစ်သည်။ သူမသည်လည်း အလားတူပျော်ရွှင်ဝမ်းမြောက်သော သူတဦးဖြစ်ပါသည်။ ကျွန်ုပ်တို့အား အမှတ်တရဓာတ်ပုံရိုက်ပါသည်။ ဆုမွန်လည်းတောင်းပေးပါသည်။
တနာရီခွဲရန် ၅ မိနစ်အလိုတွင် နယူးယောက်ပြည်နယ်ထဲသို့ ရောက်ရှိကြပါ၏။ Pennsylvania ပြည်နယ်မှ ထွက်ခွာသွားပါပြီ။ နယူးယောက်ပြည်နယ်သို့ ဝင်သည်ဆိုလျှင်ပင် Repley ဆိုသည့်မြို့ငယ်တခုကိုဖြတ်ရ၏။ မိနစ် ၂ဝ ခန့်ဖြတ်သန်းမိလျှင် အိမ်တအိမ်မှ လှမ်း၍နှုတတ်ဆက်ကာ ရေဗူးများလှူပါသည်။ ယဉ်ကျေးသောသူများဖြစ်ပါသည်။ ဤအရိပ်၌နားခိုပါ၊ အေးမြသောရေကိုသောက်ပါဟု ဆိုလေ၏။ ရသေ့တို့၏ကျောင်းသင်္ခမ်းမှ ငှက်ကျေးတည်း။ ကျွန်ုပ်တို့အထူးကျေနပ်ရပါသည်။
လမ်းတလျှောက်တွင်လည်း ခရီးသွားအပေါင်း၊ နေအိမ်များမှလူအပေါင်း၏ စိတ်ဝင်စားမှု၊ နှုတ်ဆက်မှုကို အထူးကြုံရသည်။ ကျွန်ုပ်တို့လမ်းလျှောက်ချီတက်အဖွဲ့တွင် ရဟန်းတော်တပါးသည် ထိပ်တန်းမှ ချီတက်နေသည်မဟုတ်ပါလော။
ခရီးဆုံးခါနီးချိန်တွင် မြက်ရိတ်စက်မောင်းလာသော လူငယ် ၂ ဦးနှင့်တွေ့ဆုံသည်။ စိတ်ဝင်တစား မေးမြန်းပါသည်။ ထူးဆန်းနေပုံရ၏။ ကုလသို့တင်ပြမည့်စာနှင့် လက်ကမ်းစာစောင်များကို ဝေငှလိုက်ပါသည်။ ထိုသူတို့ကလည်းကျေကျေနပ်နပ် လက်မှတ်ရေးထိုးပေးကြသည်။ ဆုတောင်းပေးကြသည်။ ထိုသို့ရှိစဉ် စက်ဘီးသမားတဦးရောက်လာပါသည်။ Oranto မှ Pittsburgh, PA သို့ ခရီးနှင်နေသူဖြစ်သည်။ ကျွန်ုပ်တို့ အကြောင်းကို စောစောကတည်းက စက်ဘီးရပ်၍ နားထောင်နေသူဖြစ်သည်။ လက်မှတ်ရေးထိုး ပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာပြည်အကြောင်းများကို ပြောဆိုပြရပါသည်။
ရာသီဥတုသင့်တင့်သောနေ့ဖြစ်၍ လမ်းလျှောက်ကောင်းပါသည်။ နေသည်မနှိပ်စက်ပါ။ တချို့နေရာများတွင် မိုးမခပင်ကြီးများကိုတွေ့ရသည်။ နွှဲ့စွာသောအကိုင်းဖျားများ၊ အရွက်များသည် မြေထိအောင်ညွှတ်ကိုင်း၍ အုပ်ဆိုင်းနေသည်။ စိမ်းစို၍ ကျက်သရေရှိစွာသောမိုးမခပင်၏ အရိပ်အောက်တွင် နားခိုချင်ပါသလား။ လေပြေသည်တသုတ်သုတ်ဖြူး၏။ လေဝှေ့တိုင်းတွင် သစ်ရွက်တို့သည် ဒုက္ခတေးကို သိမ်မွေ့စွာသီ၍ ကျွန်ုပ်တို့အား ထောက်ခံနေလေ၏။ သို့ဖြင့် ယနေ့တာခရီးကိုညနေ (၃)နာရီ မိနစ် (၂ဝ) တွင်အောင်မြင်စွာရပ်ဆိုင်းလိုက်ကြသည်။ ခပ်သိမ်းသောသူတို့ ငြိမ်းချမ်းကြပါစေ။ နတ်လူသာဓုခေါ်ကြပါ။
လမ်းလျှောက်ချီတက်သူရဲဘော်တဦးတင်ပြသည်။
1 comment:
ဖတ်သွားပါတယ် ရှင်
လာပြန်လည်ပါတယ် နော်
Post a Comment