Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Wednesday, July 15, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၉ ရက်မြောက် နေ့ 39th day of 900 miles for Long March

မိုးထဲရေထဲချီတက်ဆဲ
(၃၉) ရက်မြောက် (ဇူလိုင် ၁၁၊၂ဝဝ၉)




နံနက် (၈) နာရီ (၁ဝ)မိနစ်တွင် ခရီးစဉ်ကို စတင်လိုက်ကြသည်။ ရာသီဥတုသည်မှိုင်းမှုန်ပြာရီနေ၏။ အကယ်၍ မိုးမရွာခဲ့ပါက လမ်းလျှောက်၍ ကောင်းမည့် အနေအထားဖြစ်သည်။ မနေ့က နေအကြီးအကျယ်ပူပြီးပြီ။ စတင်ချီတက်၍ (၅) မိနစ်ပင်ရှိသေး၏။ အဖွားကြီးတဦးသည် ကျွန်ုပ်တို့ချီတက်ရာ လမ်းရှေ့တွင် ကားဖြင့် ရပ်စောင့်နေ၏။ ကြိုဆိုနှုတ်ဆက်ပြီးလျှင် မနက်စာကျွေးရန်ကမ်းလှမ်း၏။ (၅) မိုင်လျှောက်ပြီးလျှင် ခဏနားကြ မည်ဟုဆိုရာ တယောက်ယောက်ကို ကျွန်ုပ်တို့ထံစေလွှတ်လိုက်မည်ဆို၏။



နာရီဝက်ခန့်ချီတက်လျှင် အဖိုးကြီးတဦးနှင့် အဖွားကြီးတဦးတို့သည် ကားကိုယ်စီဖြင့် ရပ်စောင့်နေကြသည်။ အဖိုးကြီးက သောက်ရေဗူးများပေး၏။ လက်ကမ်းစာစောင်များကို ဝေငှလိုက်သည်။ ဆက်လက်ချီတက်လာရာ စောစောကအဖွားကြီးသည် ကားပြန်ကွေ့၍လိုက်လာပြီးလျှင် မနက်စာအတွက် ငွေလှူဒါန်းပါသည်။ ဤကဲ့သို့လှူဒါန်းမှုများသည် တချို့နေ့များ၌ တချို့နေရာများတွင် ကြုံရသည်။ ငါးကျပ် တဆယ် နှစ်ဆယ် စသည်ဖြင့် လှူကြပါသည်။


စထွက်ကတည်းကပင် မှိုင်းညို့နေသောကောင်းကင်သည် မိုးတဖွဲဖွဲရွာလာသည်ဖြစ်ရာ တဖြည်းဖြည်း သည်း၍လာ၏။ မိုးနေ့တနေ့ဖြစ်တော့၏။ ယမန်နေ့က အပူရှိန်မြင့်ခဲ့သမျှအတွက် Erie အိုင်ကြီးသည် အခိုးအငွေ့ ပျံကာ ယနေ့တွင်ဇူလိုင်မိုးအဖြစ် ရွာသွန်းနေပါ၏။ ဆက်လက်၍ချီတက်လာရာ Village of Farhan ရွာကလေး ကိုကျော်ဖြတ်သည်။ ထိုသို့မိုးရွာသောနေ့တွင် တောတောင်လမ်းကို လျှောက်ရသည်မှာ အမေနှင့်ရွာကို လွမ်းရမည်လော။ မလွမ်းနိုင်ပါ။ ရေစိုသောခွပ်ဒေါင်းအလံသည် လေးလံ၍လာ၏။ တချက်တချက်တွင် တဖြတ်ဖြတ်တော့ ခတ်ပါသေး၏။ ခွပ်ဒေါင်းသည် ရေစိုသော်လည်း ခွပ်နိုင်ပါသေးသည်။


သို့ဖြင့်ချီတက်ရင်း Town of Byrant ဆိုင်းဘုတ်ကိုကျော်လွန်သည်။ မိုးသည်သူ့အလုပ်ကို သူလုပ်သည်။ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့အလုပ်ကို ဆောင်ရွက်ကြသည်။ Town of Evans သို့ဝင်ရောက်လာကြသည်။ (၁ဝ)နာရီခွဲရန် (၅)မိနစ်အလိုတွင် ခေတ္တနားကြသည်။ (၁ဝ)မိနစ်နားပြီးဆက်လျှောက်ကြ၏။ မီးပွိုင့်တခုကို ကျော်ရာ အဖိုးကြီးတဦးသည် ကားပေါ်မှနေ၍ ပိုက်ဆံလှမ်းလှူသည်။ မိုးရေထဲတွင် အလံများဖြင့် ချီတက်နေသည်မှာ ထူးဆန်းသော သတ္တဝါများ ဖြစ်နေပုံရသည်။

မိုးသည် ခေတ္တရပ်ဆိုင်းသွား၏။ ဤာကာသည် မှိုင်းညို့ဆဲ။ (၁၁)နာရီခွဲပြီး (၅)မိနစ်တွင် ခဏနားကြသည်။ ခဏရပ်သွားသောမိုးသည် တဖန်ရွာပြန်၏။ မိနစ် (၂ဝ)ခန့်လျှောက်မိလျှင် ရှည်လျားသော Shopping Center ဖြတ်လျှောက်ရသည်။ မြို့လေး၏ အချက်အခြာနေရာဖြစ်နိုင်သည်။ ရွှဲစိုနေသော ကျွန်ုပ်တို့ကို ကားများမှ အထူးအားပေးနှုတ်ဆက်ကြသည်။

(၁)နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင်Welcome to the Town of Hamburg ဆိုင်းဘုတ်ကို လှမ်းတွေ့လိုက်ရသည်။ ကမ်းစပ်တကြောရှိ လမ်းကြောင်းကြီးတွင် မြို့ကလေးပေါင်းများလှစွာ၏။ နေ့လည် (၂)နာရီအချိန်တွင် Wanakah လမ်းကိုကျော်လွန်လျှင် ယနေ့ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ကြသည်။ ဤအချိန်တွင် ကောင်းကင်သည် ပကတိကြည်လင်သွားပြီးလျှင် နေလည်းသာလာပါ၏။ တနေ့လုံးရွာခဲ့သောမိုးသည် ယခုအခါ သူနှင့်မည်သို့မျှ မသတ်သက်သယောင်ပင်။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

No comments:

Followers

Blog Archive