(၄၇) ရက်မြောက်နေ့ (ဇူလိုင်လ၊ ၂၁၊ ၂ဝဝ၉)
Time Warner အဆောက်အဦရှေ့ရောက်လျှင် ခရီးရှည်အကြောင်းမေးမြန်းသူများရှိသည်။ မျက်နှာချင်းဆိုင် ဆိုရှယ်ရုံးတခုမှ ဝန်ထမ်းအဖွားကြီးများ ထွက်လာပြီး ခရီးရှည်အကြောင်မေးမြန်းပါသည်။ ထောက်ခံအားပေး သည်။ ထိုနောက် ၎င်းအဖွားကြီးများထဲက တယောက်က မနီးမဝေးရှိ အဆောက်အဦတခုကိုညွန်ပြသည်။ ထိုအဆောက်အဦတွင် (၁၁)နာရီခွဲလျှင် ကော်ဖီ၊ အအေး၊ အစားအသောက် စသည်တို့ လှူပါသည်ဟုဆို၏။ ကျေးဇူးတင်ပါသည်။
ဤမြို့သည် မဆိုးလှသောမြို့ဖြစ်၏။ ကျယ်ပြန့်၏။ ကျယ်ပြန့်သည်နှင့်အညီ မြန်မာပြည်အကြောင်း စိတ်ဝင်းစားသူ များရှိသည်။ တချို့လူများမှာ ဒေါ်စု နှင့် ကိုးရီးယားခေါင်းဆောင်အမျိုးသမီးကို မှားနေသည်။ မြို့လယ်မှသည် မြို့ပြင်သို့ E 31 အတိုင်း ဦးတည်ရင်း (၁ဝ)နာရီ (၁ဝ)မိနစ်တွင် Hillside Children Center ကုန်းအရှေ့၊ အားကစားကွင်းတခု၏အရှေ့တွင် ခေတ္တနားသည်။
ဆက်လက်ထွက်ခွာသည်နှင့် Town of Brighton ကိုဝင်ရောက်သွားပါသည်။ Monroe Ave အတိုင်း တောက်လျှောက်ချီတက်ကြသည်။ ဤမြို့တွင်လည်း စိတ်ဝင်စားသူ၊ အားပေးသူများရှိသည်။ တလမ်းလုံး တောက်လျှောက် မြို့ဧရိယာသက်သက်ဖြစ်၏။ တောနယ်ကိုမတွေ့ရပါ။ (၁၁)နာရီတွင် အမျိုးသမီးတဦး လှမ်းနှုတ်ဆက်ပြီး သောက်ရန်တခုခု လိုအပ်ပါသလားဟု မေးမြန်းပါသည်။ လောလောဆယ် သူ့ကားထဲတွင်ပါလာသည်ဟုပြော၏။ အအေးဗူးနှစ်လုံးပေးပါသည်။ ဗူးမှာ လက်ထဲတွင်တောက်လျှောက် ကိုင်သွားရန် ခက်ခဲသည့်အရွယ်အစားဖြစ်သည်။ သတင်းမှတ်တမ်းကားကိုလည်း မမြင်သေးပါ။ လမ်းများသည် ရုတ်တရက် ကားရပ်ရန်လည်းကောင်း၊ မှတ်တမ်းယူရန်ရန်လည်းကောင်း ခက်သော အနေအထားရှိသည်။
ဆက်လက်ချီတက်လာရာ ပုဂ္ဂိုလ်တဦး ငွေငါးဒေါ်လာ လှူပါသည်။ ကျွန်ုပ်တို့၏ လှုပ်ရှားမှုကို အားပေး ထောက်ခံကြောင်း တကူးတကလာပြောသူများရှိသည်။ ကားများမှ အထူးအားပေးသည်။ (၁၁)နာရီခွဲတွင် Pittsford မြို့ကလေး၏ Shopping Center တခုရှေ့တွင် ခဏနားကြသည်။ Monroe Ave အတိုင်း ပင်ရှိပါသေးသည်။ ရှည်လျားလှသောလမ်းဖြစ်၏။ နေ့လည် (၁၂)နာရီတွင် Village of Pittsford ကိုကျော်ဖြတ် သည်။ ရွာဟုဆိုသော်လည်း မြို့ကဲ့သို့ခမ်းနား၏။ သံတံတားကြီးအောက် ရစ်ခွေ၍သွားသောချောင်းကလေး၊ ဘေးဘီရှိကမ်းများတွင် အပန်းဖြေရန်၊ လမ်းလျှောက်ရန် နေရာများ၊ ဈေးဆိုင်တန်းနှင့် လှပသောရွာဖြစ်သည်။ ချောင်းကလေးတွင် တချို့လူများ လေမှုတ်ဘောများ စီးနေကြသည်။ ဤချောင်းလေးသည် ရှည်လျားထွေပြား စွာသော Erie Canal ဖြစ်သည်။ နှမြောစရာကောင်းသော ရွာလေးဖြစ်၏။ မင်းမူမည့်သူမရှိသဖြင့် မြို့အမည်မခံရခြင်း ဖြစ်တန်ရာသည်။ လူ့လောက၏ ကိစ္စရပ်အတော်များများတွင် မင်းမူနိုင်မှလည်း ကြီးကြီးကျယ်ကျယ် နေရာရနိုင်သည်မှာ ဓမ္မတာဖြစ်နေသည်မဟုတ်လော။ ရိုသေ၊ နိမ့်ချ၊ ကျိုးနွံစွာ အစဉ်အမြဲရှိနေလျှင် ဘယ်ကဆင်းသက်လာမှန်းမသိသောမျောက်က ယာခင်းပိုင်ရှင်ဖြစ်သွားပေအံ့၊ မျောက်ကဆင်းသက်လာသော ယာခင်းပိုင်ရှင်သည် ကလေကဝ၊ ကျောမွဲ၊ သူတောင်းစား ဖြစ်သွားပေအံ့။ သို့သော် ရွာကလေးသည် ထိုတရားတို့ကို အလေးမထားပေ။
(၁၂)နာရီ (၁၅)မိနစ်တွင် ထိုသာယာကုန်းရွကလေးမှ ထွက်လိုက်သည်နှင့် စိမ်းလဲ့ညိုမှောင်သော တောလမ်းသို့ ဝင်ရောက်သွားပါ၏။ မေပယ်တောကြီးသိပ်သည်းစွာရှိသော တောမြိုင်လမ်းဖြစ်သည်။ ရှေးစာဆိုတို့၏ တောနှင့်ပတ်သက်သော ကဗျာများကို သတိရမိသည်။ မည်သို့ဆိုစေ လွတ်လပ်ရေးဟူသည် မြေကြီးပေါ်၌ သဘာဝလျောက်ပေါက်ရောက်နေသော ပဒေသာပင် မဟုတ်၊ မိုးပေါ်မှ အလကားကျလာမည့် ရတနာလည်း မဟုတ်ပေ။ သူတပါးနိုင်ငံ၏ တိုးတက်မှု၊ လှပမှုများကို တွေ့ရတိုင်း မြန်မာပြည်မှ အကျွန်ုပ်တို့လူသတ္တဝါများကို အဘယ်မည်သော အတိတ်ကံသည် နှိပ်စက်သနည်းဟု တွေးမိ၏။ သို့ဖြင့် အကုသိုလ်တက်နေသည်မှာ အနှစ်(၂ဝ) ကျော်လေပြီ။ နောက်မှ ဆက်လက်တွေးရဦးမည်။ (၁၂)နာရီခွဲလျှင် Palmyr နှင့် Marsh လမ်းဆုံရာအနီး တောအုပ်တခုတွင် ခေတ္တနားကြသည်။ ယနေ့အဖို့ ထမင်းမဆောင်ခဲ့သဖြင့် ရေနှင့်မုန့်ခြောက်ကို အဆာပြေ စားသူစားကြသည်။
ကုန်းမို့မို့ရှိသော ဟိုင်းဝေးကို ဖြတ်လျှောက်နေရသည်။ Erie Canal သည် မည်သို့မည်ပုံ ကွေ့ကောက်နေသည် မသိ။ သံတံတားကြီးတခုပေါ်မှ တွေ့ရပြန်သည်။ (၁) နာရီ (၁ဝ) မိနစ်တွင် Town of Parinton ဆိုင်းဘုတ်ကို ဖြတ်ကျော်သည်။ တမော့တမောရှိလှသော ရှည်လျားသော ကုန်းများကို ကျော်နင်းရ၏။ ရာသီဥတု ကောင်းနေသဖြင့် တော်ပါသေးသည်။ မွန်းလွဲ (၂)နာရီထိုးရန် (၁ဝ)မိနစ်အလိုတွင် Palmyra လမ်းနှင့် Valley Creek Dr. ဆုံရာတွင် Valley Creek ဆိုင်းဘုတ်ရှေ့၌ ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
No comments:
Post a Comment