Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead
Friday, August 7, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၆၁ ရက်မြောက်ခရီး 61st day of 900 miles for Long March
သြဂုတ်လ (၅) ရက်၊ ၂ဝဝ၉
ထူးခြားသောအဖွဲ့အစည်း၊ ထူးခြားသောဆက်ဆံပုံတို့ကို ထောက်ရှုခြင်းဖြင့် မြို့တကာတို့တွင် တွေ့ရှိရသည်တို့နှင့်ခြားနားမှုတစုံတရာကို တွေ့ရှိရသည်ဖြစ်သောကြောင့် အထက်ပါကဲ့သို့ယူဆရခြင်းဖြစ်၏။ (၉) နာရီ (၁၅) တွင် Hatch Lake ရေကန်သို့ရောက်ရှိသည်။ နေချင့်စဖွယ်ရှိသော အသွင်အပြင်ဖြစ်ပါ၏။ ရေကန်စောင်း ကန်ဘောင်တွင် အိမ်ကလေးများ အများအပြားတွေ့ရသည်။ ရေကန်ဘေးနေ လူတန်းစား တို့ဖြစ်ပါ၏။ ငြိမ်းငြိမ်းချမ်းချမ်းရှိမှုကို ခံစားရသည်။ အိမ်နောက်ဖေး ဈေးဆိုင်မတည်ဘဲ ရေကန်ကြီးဖြစ်နေပါ၏။ စောစောစီးစီး တချို့လူများ ရေကန်ထဲတွင် လှေကလေးစီးရင်း ငါးမျှားနေကြသည်။
ရေကန်ဘေးနေအိမ်တအိမ်မှ လူနှစ်ဦးလှမ်း၍နှုတ်ဆက်သည်။ နေ့စဉ်ဓူဝအလုပ်ကို လုပ်နေရင်းက နှုတ်ဆက်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏လှုပ်ရှားမှုကို အနည်းအကျဉ်းမေးမြန်း၏။ အလှူငွေလက်ခံပါသလားဟု မေးမြန်းပြီး ငွေ (၂ဝ) လှူဒါန်းပါသည်။ စောစောစီးစီး ကံကောင်းခြင်းလက်ဆောင်ပါ။ လက်မှတ်လည်းထိုးပေးပါ သည်။ ဘုရားသခင်၏ ကောင်းချီးကိုလည်းပေးပါသည်။ ရေကန်ရပ်ကွက်ကို ဆက်လက်၍ ချီတက်ကြ၏။ သိပ်မကြာခင် လူနှစ်ဉ်ီးကို ထပ်မံတွေ့ရသည်။ လက်ကမ်းစာစောင်များကို ဝေလိုက်ပါသည်။
ရှည်လျားသောရေကန်ကို ရှုရင်းပင် ဆက်လက်လျှောက်ကြ၏။ စိတ်ဝင်စားဖွယ်ကောင်းလှသော ရပ်ကွက်လေးတခုဖြစ်ပါသည်။ (၁ဝ) နာရီထိုးရန် ဆယ်မိနစ်အလိုတွင် West Eaton ဆိုင်းဘုတ်ကို တွေ့ရသည်။ တောမြိုင်စွန်းသို့ တဖန်ရောက်ရှိပြန်၏။ (၁ဝ) နာရီခွဲခါနီးချိန်တွင် ခေတ္တနားကြ၏။ မနေ့ညက မိုးရွာခဲ့ဟန်တူပါ သည်။ တောတောင်များ၊ စိုက်ခင်းများသည် တောနံ့တောင်နံ့၊ မြေသင်းနံ့ကို ဆောင်ကြ၏။ ပန်းသီးအရိုင်း ပင်များမှာ လမ်းတောက်လျှောက်တွင် ဟိုနားတွေ့လိုက် သည်နားတွေ့လိုက်ဖြစ်ပါ၏။ တောလမ်း ကုန်းတန်းများတွင် အိမ်လေးများမှာလည်း ဟိုနားတဆောင်၊ သည်နားတဆောင်ပင်။
(၁၁) နာရီထိုးခါနီးအချိန်တွင် ရွာလယ်လမ်းဆုံတခုသို့ရောက်လာ၏။ နှုတ်ဆက်အားပေးမှုများရှိပါသည်။ မဆိုးသောရွာကလေးပါ။ အိမ်များမှလည်းကောင်း၊ ကားများမှလည်းကောင်း လှမ်း၍ နှုတ်ဆက်အားပေးကြ၏။ အိမ်တအိမ်မှ မိသားစုတခုကလည်း ကျွန်ုပ်တို့အဖွဲ့ကို စိတ်ဝင်စားသဖြင့်မေးမြန်းပါသည်။ ရဲဘော်ကဘောယူက ရှင်းလင်းပြောဆိုပါသည်။ ကုလသို့တင်ပြမည့်စာတွင် လက်မှတ်ထိုးပေးကြပါသည်။ ရွာတန်းကလေးကို ဖြတ်လျှောက်ကြ၏။
သို့ဖြင့် (၁၂) နာရီထိုးခါနီးချိန်တွင် Upper Lelands Pond ရေအိုင်သို့ရောက်ရှိသည်။ ငါးမျှားခြင်း၊ အနားယူခြင်း စသောကိစ္စများပြုရန် အပန်းဖြေစခန်းဖြစ်ပါသည်။ သာယာသောကြာအိုင်တခုဖြစ်ပါ၏။ လမ်းနှစ်ဖက်စလုံးတွင် ရှိကြခြင်းဖြစ်ပါသည်။ တချို့လူများမှာ ငါးမျှားနေကြ၏။ တချို့လူများမှာ လေမှုတ်ငါးမျှား လှေကို တပ်ဆင်နေသည်။ ဤနေရာအရပ်တွင် ကြာပန်းကြာခင်းကိုလည်းကောင်း၊ ဗေဒါကို လည်းကောင်း တွေ့ရခြင်း မှာ ကျွန်ုပ်အဖို့မှာအထူးကျေနပ်ဖွယ်ရာဖြစ်တော့သည်။ ရေဇလာတွင် ရွှေကြာနှင့် ဗေါတို့ရှိသော ဤရေကန်တွင် တနေကုန်အောင်နေလိုက်ချင်ပါ၏။ သို့သော်ရှေ့ခရီးက ဆက်ရဦးမည်မဟုတ်လော။
ကျွန်ုပ်တို့လမ်းလျှောက်သမားများသည် သံယောဇဉ်နည်းပါးလှသူများဖြစ်ပါ၏။ နှစ်သက်ဖွယ်ရှိလှသော မြကြာအိုင်ကို မကြာမတင်တွင်ပင်ခွဲခွာ၍ ဆက်လက်ချီတက်ကြပါ၏။ (၁၂) နာရီခွဲခါနီးအချိန်တွင် Town of Madison ဆိုင်းဘုတ်ကို လှမ်းတွေ့ရ၏။ ပြောင်းခင်းများဖြင့် အတိပြီးသောနယ်မြေဖြစ်ပါသည်။ လမ်းခွဲရှိသော လမ်းမကြီးဖြစ်ပါသည်။ မကြာမီပင် မြို့ကလေးတွင်းသို့ ဝင်ရောက်သွားပါ၏။ မြို့ကလေးသည် ရှေးဟောင်းပစ္စည်း ရောင်းသောဆိုင်များဖြင့် ပြည့်နေသည်။ စဝင်ကတည်းက တွေ့နေရသည်မှာ တောက်လျှောက်ဖြစ်ပါ၏။
(၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ၎င်းမြို့ကလေး၏ ရှေးဟောင်းပစ္စည်းရောင်းသောဆိုင်တဆိုင်ရှေ့တွင် ယနေ့အဖို့ ရပ်နားကြသည်။ အရေးထဲလမ်းကြောင်းမှားနေသည်ဟု မှတ်တမ်းကားကဆိုသည်။ မြို့တွင်းသို့ ဝင်ရမည်မဟုတ်ဘဲ ၄၆ လမ်းအတိုင်းကွေ့သွားရမည်ဖြစ်ပါသည်။ တမိုင်ခွဲခန့်ကျော်သွားခြင်းဖြစ်သည်။ ထူးခြားလှသောမြို့ကလေးမှ မနက်ဖြန်ပြန်ထွက်ရဦးမည်ဖြစ်သည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
Wednesday, August 5, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၆၀ ရက်မြောက်နေ့ခရီး 60th day of 900 miles for Long March
သြဂုတ်လ (၄) ရက်၊ ၂ဝဝ၉
(၁၁) နာရီ (၁ဝ) မိနစ်တွင် ဆက်လက်ထွက်ခွာသည်။ လွင်ပြင်များကိုတွေ့ရ၏။ စိုက်ခင်းများကိုတွေ့ရသည်။ အသုံးမပြုတော့သော စက်ရုံဟောင်းတချို့ကို တွေ့ရသည်။ ခပ်ဝေးဝေးတွင် ကုန်းမြင့်မြင့်က လမ်းကလေး၊ ဘေးတွင် မြက်ခင်းလွင်ပြင်၊ နောက်ခံတွင် တောအုပ်စိမ်းညို့၊ စသည်စသည်ဖြင့် နေရာအတော်များများသည် ပန်းချီကားတချပ်သဖွယ်။ တောင်ကြောလေးများကို တက်လိုက်ဆင်းလိုက်လျှောက်ရ၏။
အိမ်ခြေရှားပါးသောနေရာကို ဖြတ်လျှောက်ရ၏။ (၁၂) နာရီထိုးခါနီးချိန်တွင် အိမ်တအိမ်မှပုဂ္ဂိုလ်တဦးထွက်၍ တွေ့ဆုံမေးမြန်းသည်။ လက်မှတ်လည်းထိုးပေးပါသည်။ ဓါတ်ပုံလည်းရိုက်၏။ အလုပ်ရုံထဲ ခေါ်သွားပြီးရေတိုက်ပါသည်။ လက်သမားအလုပ်ရုံဖြစ်ပါ၏။ ထိုပုဂ္ဂိုလ်သည် မြန်မာပြည်ကို လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း သိပုံမပေါ်ပါ။ သို့သော်ကျွန်ုပ်တို့၏ လုပ်ရပ်ကိုကား များစွာစာနာပုံရ၏။ မည်သို့ပင်ဆိုစေ ယခုအခါ ကျွန်ုပ်တို့၏ လက်ကမ်းစာစောင်သည် သူ့လက်တွင်းသို့ရောက်ရှိသွားပြီဖြစ်၏။ ကျေးလက်တောစွန်အနံ့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေပြီဖြစ်၏။ ကောင်းလေစွ။
(၁၂) နာရီ (၃၅) တွင် Town of Eaton သို့ရောက်ရှိသည်။ မြို့ကလေးသို့အဝင် ကုန်းအတက်တွင် ပုဂ္ဂိုလ်တဦး ကားပေါ်မှဆင်း၍ စောင့်နေပါသည်။ ထူးဆန်းသဖြင့် မေးမြန်းစုံစမ်းခြင်းဖြစ်သည်။ ဤသူသည် မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို အနည်းအကျဉ်းသိပုံရ၏။ တစုံတရာ ပြောဆိုဆွေးနွေးနိုင်စွမ်းရှိပါသည်။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ထိုးသောအခါ ပထမက လက်မှတ်ထိုးခဲ့သောလူ၏ လက်မှတ်ကိုတွေ့သောအခါ သူ့အဖေဖြစ်ကြောင်းပြောပြသည်။ ဤသားအဖမှ အစပြု၍ မြန်မာပြည်အကြောင်းကို တမြို့လုံးသိနိုင်ကြပါစေ။
(၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် ပန်းချီကားဆန်လှသော တောင်ပေါ်မြို့ကလေး၏ လမ်းကွေ့တနေရာ၊ Westcott လမ်းတွင် ယနေ့အဖို့ကို အဆုံးသတ်လိုက်ကြသည်။ ကောင်းသောနေ့ပါ။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
Tuesday, August 4, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၅၉ ရက်မြောက်နေ့ ခရီး 59th day of 900 miles for Long March
(၅၉) ရက်မြောက်နေ့ (သြဂုတ်လ ၂ ရက်၊ ၂ဝဝ၉)
နံနက် (၉) နာရီခွဲတွင် Deruyter ရွာမှ စတင်ချီတက်သည်။ မနေ့က ရပ်နားခဲ့ရာနေရာ ဤဓါတ်ဆီဆိုင်မှ အဖိုးကြီးသည် ကျွန်ုပ်တို့အား လက်ပြနှုတ်ဆက်အားပေးသည်။ ယနေ့ချီတက်မှုတွင် Utica မြို့မှ ရဲဘော် (၄) ဦးပါဝင်အားဖြည့်ချီတက်ကြသည်။ ထိုသူတို့မှာ ရဲဘော်ဇော်ဇော်၊ ရဲဘော်စိုးစိုး၊ ရဲဘော်စိုးခိုင်၊ ရဲဘော်ခိုင်ထက် တို့ဖြစ်သည်။ ရဲဘော်ဇော်ဇော်သည် မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ခရီးရှည်ချီတက် ခြင်း Blogကို ဖန်တီးစီမံပေးနေသူဖြစ်ပါသည်။ သို့ဖြစ်ရာ ယနေ့အဖို့ အင်အားအတော်တောင့်တင်းသွားပါ သည်။
လောကဓါတ်သည် မိုးရိပ်တို့ဖြင့်မှိုင်းမှုန်နေ၏။ တောင်တန်းတို့တွင် မြူတို့ဖြင့် ရစ်သိုင်းနေ၏။ အုံ့ဆိုင်းနေသော မနက်ခင်းတွင် ကျွန်ုပ်တို့၏ ခရီးရှည်အဖွဲ့သည် ရွာကလေးမှ စီတန်း၍ ချီတက်ထွက်ခွာသွား၏။ ရွာလမ်းတွင် တချို့နှုတ်ဆက်အားပေးကြ၏။ တချို့မှာ ထူးဆန်းစွာကြည့်နေကြသည်။ ရွာလမ်းကိုကျော်လျှင် ကွင်းပြင်၊ စိုက်ခင်း၊ တောတောင်ဖြင့် ဖွဲ့စည်းထားသောလမ်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါ၏။
(၁ဝ) နာရီ (၃၅) မိနစ်အချိန်တွင် တောအုပ်နှစ်ဖက်ကြား လမ်းကလေးတွင်နင်းလျှောက်နေကြစဉ် ဆိုင်ကယ်စီးပုဂ္ဂိုလ်တဦး ပြန်ကွေ့ပြီးရှေ့တွင်ရပ်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့ကို အထူးစိတ်ဝင်စားသဖြင့် မေးမြန်းစုံစမ်း၏။ ယနေ့လိုက်ပါချီတက်သော ရဲဘော်ဇော်ဇော်သည် ဤပုဂ္ဂိုလ်အား မြန်မာပြည်၏ အကြောင်းအရပ်များကို ရှင်းလင်းပြောဆိုပါသည်။ ရဲဘော်ဇော်ဇော်သည် ရဖျူဂျီရုံးတွင် စကားပြန်အဖြစ် အမှုထမ်းနေသူဖြစ်၏။ ဆိုင်ကယ်နှင့်လာသော မုတ်ဆိတ်ကလည်း မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ လမ်းလျှောက်မှုအကြောင်းများကို စိတ်ပါဝင်စားနေသည်ဖြစ်ရာ ကော်ဖီနှင့်သကြားတွေ့သကဲ့သို့ အဆင်ပြေလှ၏။ အကြောင်းမူ မုတ်ဆိတ်သည် Utica မြို့အနီးတွင် နေသူဖြစ်၏။ ယင်းမြို့တွင် မြန်မာပြည်သားများ ရှစ်လေးလုံးအခမ်းအနားကျင်းပရန်၊ ခရီးရှည်အဖွဲ့ကိုကြိုဆိုရေးလုပ်ရန်တို့ ရှိသဖြင့် ထိုဆိုင်ကယ်ခရီးသွားကို တခါတည်း ဖိတ်ကြားလိုက်ပါ၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
Monday, August 3, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၅၈ ရက်မြောက်နေ့ခရီး 58th day of 900 miles for Long March
ခရီးရှည်ချီတက်ခြင်း (၅၈) ရက်မြောက်
သြဂုတ်လ (၁) ရက်၊ ၂ဝဝ၉
နံနက် (၈) နာရီခွဲတွင် East Homer နယ်မြေမှ စတင်ထွက်ခွာသည်။ အရှေ့တူရူတွင် တောင်တန်းတို့ကို မြူခိုးတို့ဖြင့် ရစ်သိုင်းထား၏။ တောက်ပသော နေခြည်သည် ထိုမြူအထုကို မဖေါက်ထွင်းနိုင်။ ထိုဝေးဝေးတွင် လောကဓါတ်သည် မပီဝိုးတဝါးရှိလှ၏။ မည်သို့ရှိသည်ဖြစ်စေ ခရီးသည် ဆက်လက်ရန်သာရှိသည်မဟုတ်လော။ တောနယ်ဖြစ်သည့်အတိုင်း လူသူလေးပါးတို့ကို တွေ့ရရန် အလွန်ခက်ခဲသော နယ်မြေဖြစ်ပါဘိ။
ထိုသို့သဘောရှိသောနေ့တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ငန်းဖြစ်သော ခရီးရှည်ချီတက်ခြင်းကို တစိုက်မတ်မတ်ချီတက်လာပါ၏။ ဤအချိန်သည် အမှန်၌ မစောတော့သောအချိန်ဖြစ်၏။ သို့သော် ထို့ထက်ပို၍ စောစွာချီတက်သည်ဆိုပါအံ့၊ ဤအခြေအနေ၌ လမ်းကိုပင် မြင်ရမည်မဟုတ်ပါ။ ကျက်သရေအပေါင်းကို ဆောင်သော နံနက်စောစောသည် စိမ်းလန်းစိုပြေစွာရှိ၏။ နေခြည်သည် မိုးမြူကို နှိမ်းနင်းရန် အားအပြည့်ဖြင့် ရှိပါ၏။
ဒေါင်းအလံသည် တောလမ်းတွင် တရွေ့ရွေ့ချီတက်လာနေပါ၏။ တောင်တို့သည် မြူခိုးကိုမစွန့်သော်လည်း နေသည် ရဲရဲရင့်ရင့်လင်းလက်လာပါ၏။ (၉) နာရီထိုးပြီးသော် ကျွန်ုပ်တို့အဖွဲ့သည် Truxton ဆိုင်းဘုတ်ကို ကျော်ဖြတ်၏။ တခါတရံ မြို့ကလေးမှန်းမသိ၊ ရွာမှန်းမသိ ဖြစ်တတ်၏။ အကြောင်းမူ အနေအထားတို့မှာ တစုံတရာပြောင်းလဲသွားခြင်းမရှိ။ တောလမ်းသည် တောလမ်းသာ ဖြစ်နေသောကြောင့် တည်း။
မြို့ကလေးတခုသို့မဝင်မီ ၎င်းနှင့်အမည်တူသော ရွာတရွာကို ဖြတ်ကျော်ရမြဲဖြစ်၏။ တခါတရံနီး၏။ တခါတရံဝေး၏။ တခါတရံ ဘယ်အချိန်က ထွက်သွားမှန်းပင် မသိနိုင်ပါ။ နေသည် တဖြည်းဖြည်းပူလာ၏။ တောအရပ်သည်လည်း မိမိ၏ ဂုဏ်အင်္ဂါကိုဆောင်ရန် တောင်ကုန်းတောင်ဆင်းများကို ပိုင်ဆိုင်ထား၏။ ယင်းတောင်ကုန်းများကို တက်လိုက်ဆင်းလိုက်ဖြင့် (၉) နာရီခွဲတွင် ခေတ္တနားကြသည်။ ဆက်လျှောက်ကြ၏။ (၁ဝ) နာရီ (၁ဝ) မိနစ်တွင် Town of Cuyler ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။
နေသည် ပူ၍ပူ၍လာ၏။ ဆက်လက်၍လျှောက်ကြရာ (၁၁) နာရီ (၁၅) မိနစ်တွင် ထူးထူးခြားခြားတွေ့ရသော အရိပ်တွင် ခေတ္တနားကြ၏။ ထိုသို့နားနေစဉ် ပုဂ္ဂိုလ်တဦးရောက်လာပါသည်။ ရေနှင့်အသားညှပ်ပေါင်မုန့်များ ပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပိုစတာပုံကို မြင်သည်နှင့် အကြောင်းစုံကိုမေးမြန်းပါသည်။ မြန်မာပြည်အကြောင်း တစုံတရာသိရှိပြီးသူဖြစ်ပါသည်။ ကမ္ဘာ့အရေးကိုလည်း သိရှိသူဖြစ်ပါသည်။
ထိုသူသည် ကျွန်ုပ်တို့လမ်းလျှောက်ချီတက်သမားများကိုလည်းကောင်း မြန်မာပြည်သူလူထုတို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း များစွာ စာနာသူဖြစ်၏။ ထိုကဲ့သို့သောသူမျိုး များစွာတွေ့ရှိရပါစေ။ ဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ထိုးပေးပါသည်။ ခေါင်လှသောအရပ်၊ လူသူနည်းပါးလှသောနယ်မြေတွင် ထိုကဲ့သို့သောလူမျိုးကိုလည်း တွေ့ရသေးသည်ဖြစ်ရာ အဆင်ပြေလှပါသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် ယခုအခါ မြန်မာပြည်သားများသာမက၊ ကမ္ဘာ့လူသားများကပါ အထူးအာုံစိုက်ရသော ခေါင်းကြီးပိုင်းဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်အရ လွတ်လပ်ရေးသည် အလကားမရ၊ ဒီမိုကရေစီရေးသည် လူတိုင်းတွင်တာဝန်ရှိသော ကိစ္စရပ်ဖြစ်၏။
ကျွန်ုပ်တို့သည် နေပူမှ တောက်လျှောက်လာခဲ့ရသဖြင့် ချမ်းမြသောသစ်ရိပ်၊ စိမ်းမြသောမြက်ခင်းတွင်၊ အေးမြသောရေကို သောက်ရသည်ဖြစ်ရာ စုံနံသာမြိုင် တောချင်းတပုဒ်ကို သီလိုက်ချင်၏။ ထို့ထက်ပို၍ ကောင်းမွန်သောအရာကား မြန်မာ့အရေးကို ဤအရပ်မှလူများ သိရှိကြခြင်းပင်ဖြစ်တော့၏။
တရားသောအမှုကို ကမ္ဘာအရပ်ရပ်မှ တရားသောသူတို့ သိရှိကြကုန်၏။ အကျဉ်းထောင်၌ရှိသော ကျွန်ုပ်တို့၏ဦးခေါင်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူတို့အတွက်အလင်းကို အစဉ်ဆောင်လျက်ရှိ၏။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါကုန်လော့။
(၁၂) နာရီခွဲခါနီးအချိန်တွင် Madison County သို့ရောက်ရှိသည်။ (၁၂) နာရီ (၃၅) မိနစ်တွင် Cortland လမ်းနှင့် Utica လမ်းဆုံရာတွင် ယနေ့အဖို့ ခရီးစဉ်ပြီးဆုံးသည်။ ဤရွာသည် တစုံတရာ သာယာသော ရွာဖြစ်ပါ၏။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
Sunday, August 2, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၅၇ ရက်မြောက်နေ့ခရီး 57th day of 900 miles for Long March
ဇူလိုင် (၃၁၊ ၂ဝဝ၉)
လုံခြုံရေးထူထပ်လှ၏။ ရဲကားများကို မကြာခဏတွေ့နေရသည်။ မြို့မှထွက်ခါနီး တနေရာတွင် သတင်းမှတ်တမ်းကားနှင့် ရဲနှင့် တွေ့ဆုံစူးစမ်းနေသည်ကိုတွေ့ရသည်။ မေးခွန်းပေါင်းများစွာ မေးပြီးနောက် အိုင်ဒီတောင်းကြည့်ကာ ဌာနချုပ်သို့ဖုန်းဆက်သည်ဟုဆိုပါသည်။ ရဲကို ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်ဟုဆိုကာ ထွက်ခွာသွားသည်ဟုဆို၏။
(၉) နာရီခွဲတွင် Loring Xing လမ်းတွင် ခဏနားကြသည်။ ၁၃ လမ်းအတိုင်းလျှောက်နေကြခြင်းဖြစ်သည်။ စည်ကားသော မြို့ဧရိယာမှသည် တဖြည်းဖြည်းဖြင့် တောဆန်သောနယ်မြေများသို့ ရောက်ရှိလာသည်။ တောင်တန်းများ တောအုပ်များသည် မိုးမြူတို့ဖြင့် အုံ့ဆိုင်းလျက်ရှိ၏။ နွားမွေးသောမြို့ဟုဆိုရမည်။ မြို့ပြင်တွင် နွားခြံများကိုသာတွေ့ရ၏။ ပြောင်းခင်းများကိုလည်း တွေ့ရသည်။ စိုက်ပျိုးမွေးမြူရေးမြို့ဖြစ်ပါသည်။
တောလမ်းသက်သက်သို့ရောက်ရှိသွား၏။ အဝေးတွင် တောင်တန်းများ၊ ချိုင့်ဝှမ်းများ၊ လွင်ပြင်များ၊ တောင်ကုန်း များတွင် စိုက်ခင်းများဖြင့်ပြည့်နေသည်။ တချို့နေရာများတွင် တောစွန်အုံနား ရွာကလေးများကဲ့သို့ရှိ၏။ (၁၁) နာရီထိုးရန် (၁ဝ) မိနစ်အလိုတွင် Albright Creek အနီး၌ ခေတ္တနားကြသည်။ မိုးသည် မသည်းသော်လည်း တနေ့လုံးတဖွဲဖွဲ ခပ်ပါးပါးကျနေသဖြင့် ဖိနပ်တွင်းသို့ ရေဝင်ကာ ထုံထိုင်းလေးလံပြီးလျှင် လမ်းလျှောက်နှုန်း ကျဆင်းသွား၏။
ဆက်လက်ချီတက်ပြီးနောက် East Homer နယ်မြေတွင်၊ (၁၂) နာရီထိုးရန် (၁ဝ) မိနစ်အလို၌ ယနေ့ သတ်မှတ်ထားသောခရီးပြီးဆုံးပါသည်။ တည်းခိုရာ ကိုအောင်ဝင်း၊ မမြဝင်းတို့၏ အိမ်သို့ ပြန်လည် ရောက်ရှိလျှင်၊ ညနေပိုင်းတွင် နှုတ်ဆက်ရန်အတွက် သူငယ်ချင်းများရောက်ရှိလာပါသည်။ ကိုထွန်းအောင်ကျော်၊ ကိုသန်းနွယ်၊ ကိုကိုဦး အစရှိသော (မကဒတ) ရဲဘော်ဟောင်းများ၊ သူငယ်ချင်းမိတ်ဆွေ များ ဖြစ်ပါသည်။
ယနေ့ညသည် Ithaca မြို့တွင် ခရီးရှည်အဖွဲ့ နောက်ဆုံးတည်းခိုမည့်နေ့ဖြစ်ပါသည်။ မနက်ဖြန်တွင် Utica မြို့သို့ ဦးတည်ချီတက်နေသည့်အတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်၏။ တွေ့ဆုံနှုတ်ဆက်ကြ၏။ ခရီးရှည်အဖွဲ့ကလည်း အလုံးစုံအကူအညီပေးကြသော ကိုအောင်ဝင်း၊ မမြဝင်းတို့ကိုလည်းကောင်း မြို့ခံများမိတ်ဆွေများ ကိုလည်းကောင်း ကျေးဇူးတင်စကားဆိုရင်း အစည်းဝေးလေးတခုကဲ့သို့ဖြစ်သွားပါသည်။
သင်တန်းတက်နေသော ကိုခိုင်ဝင်းက သူတက်နေသောသင်တန်းတွင် ကျောင်းသူကျောင်းသားများ၊ ဆရာများထံမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လက်မှတ်များ လိုက်လံကောက်ခံရာ (၂၅) ခုရရှိလာပါသည်။ ယမန်နေ့ မြို့လယ်တွင်ရရှိသောလက်မှတ်များနှင့် ယနေ့ရရှိသော လက်မှတ်များကို ပေါင်းလျှင် Ithaca မြို့တွင် လက်မှတ် အတော်များများ ရလိုက်သည်ဟုဆိုရမည်။ မနက်ဖြန် ဆက်လက် ချီတက်ပါဦးမည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
Saturday, August 1, 2009
မိုင် ၉၀၀ ခရီးစဉ်၏ ၅၆ ရက်မြောက်ခရီး 56th day of 900 miles for Long March
ဇူလိုင်လ ၃ဝ၊ ၂ဝဝ၉
မနေ့က ရပ်နားခဲ့ရ Dryden လမ်းနှင့် Highland လမ်းမှ စတင်ချီတက်သည်။ ၁၃ လမ်းအတိုင်းဖြစ်ပါ၏။ နံနက်(၇) နာရီ (၄၅) မိနစ်တွင် စတင်ထွက်ခွာ၏။ တောင်ကုန်းလမ်းများဖြစ်၏။ စိုက်ခင်းများရှိ၏။ တောင်အောက်သို့ လှမ်းကြည့်သော် ချိုင့်ခွက်ကဲ့သို့ရှိ၏။ တောင်ပေါ်သို့လှမ်းကြည့်သော် လှေခါးထစ်သဖွယ်ဖြစ်၏။ ထိုသို့ သဘောရှိသော ခေါင်လှသောလမ်းမကြီးကို တောက်လျှောက်ကျော်ဖြတ်သည်။ ခေါင်သည်ဆိုသော်လည်း စိမ်းစိုလန်းဆန်းခြင်းကား အပြည့်ရှိပါသည်။ တချို့နေရာများတွင် တောင်စောင်းများအောက်ရှိ စိုက်ခင်းများသည် ပန်းချီကားသဏ္ဍာန်လှပ၏။
အဆောက်အဦ၊ ဈေးဆိုင် စသည် တစုံတရာစည်ကားမှုရှိသော လမ်းဆုံရပ်ကွက်တခုကို ကျော်ဖြတ်သည်။ ဤလမ်းသည် တဖြည်းဖြည်းချင်း ထူထောင်နေသောသဘောဖြစ်၏။ တချို့သော စီးပွားရေးအဆောက်အဦတို့မှာ ဆောက်လက်စဖြစ်ပါသည်။ နောင်မကြာတော့အချိန်တွင် တိုးတက်သောနေရာဖြစ်လာနိုင်ပါသည်။
သာယာသောရာသီဥတုရှိ၏။ နေသည် လှပသစ်လွင်စွာ နှုတ်ဆက်လျက်ရှိ၏။ နံနက် (၈) နာရီ (၁၆)မိနစ်တွင် Dryden ၏ ကောလိပ်ကျောင်း TC 3 ဆိုင်းဘုတ်ကို ကျော်ဖြတ်သည်။ ချီရင်း၊ တက်ရင်း၊ ကျော်ရင်း၊ ဖြတ်ရင်း၊ နေ့လည် (၉) နာရီ (၅) မိနစ်တွင် ခဏနားကြသည်။
ဆက်လက်ချီတက်ကြ၏။ (၉) နာရီခွဲတွင် Cortland County သို့ ရောက်ရှိသည်။ (၁ဝ) နာရီထိုးရန် (ရ) မိနစ်အလိုတွင် Town of Cortlandville သို့ ချဉ်းနင်းဝင်ရောက်သည်။ (၁ဝ) နာရီ (၅) မိနစ်တွင် သတင်းထောက်တဦးလာရောက်မေးမြန်းပါသည်။ အမည်မှာ Lan Boucheau ဖြစ်သည်။ Cortland Standard မှ ဖြစ်ပါ၏။ သတင်းထောက်အဖြစ်လုပ်ကိုင်စားသောက်နေသူ ဟုတ်ဟန်မတူပေ။ ကျွန်ုပ်တို့၏ တဦးချင်း အမည်များကိုလည်း မေးမြန်းရေးကူးသွားပါသည်။ ခဏကြာလျှင် ဓါတ်ပုံသမားတဦးရောက်လာလိမ့်မည်ဟု ပြောပြသည်။
ဆက်လျှောက်ရာ South Cortland နယ်မြေသို့ ရောက်၏။ ၎င်းဆိုင်းဘုတ်ရှေ့ လမ်း၏တခြားတဖက်တွင် Monarch Machine Tool Company ကုမ္ပဏီ တည်ရှိပါသည်။ ထိုနေရာတွင်ပင် ဓါတ်ပုံဆရာ ရောက်လာခြင်းဖြစ်သည်။ (၁ဝ) နာရီ (၃၅) မိနစ်တွင်ဖြစ်ပါသည်။ အသေအချာဓါတ်ပုံရိုက်ယူပါသည်။ ပျော်ရွှင်တတ်သော ဓါတ်ပုံသမားဖြစ်၏။ အမည်မှာ Joe Mclyntre ဖြစ်၏။ သူ၏ ဝန်ထမ်းကဒ်ပြားလေး ပေးသွား ပါသည်။ ပထမရောက်လာသော ပုဂ္ဂိုလ်နှင့် ကုမ္ပဏီတခုတည်းပင်ဖြစ်ပါသည်။
၁၃ လမ်းအတိုင်းချီတက်ရင်း၊ လမ်းဆုံလမ်းခွတခုတွင် ၁၃ လမ်းအတိုင်းချိုးကွေ့၏။ စည်ကားသော နေရာဖြစ်ပါသည်။ ထို Shopping Center နယ်မြေကို ကျော်ဖြတ်၏။ (၁၁) နာရီထိုးရန် (၅) မိနစ်အလိုတွင် ခဏနားကြသည်။ ၁၃ လမ်းအတိုင်းပင်ဖြစ်၏။ နောက်တကြော့နားလျှင် ခရီးစဉ်ပြီးဆုံးပြီဖြစ်သည်။
ရာသီဥတုသည် မပူပြင်းသေး၊ ၇၁ ဒီဂရီရှိပါ၏။ အပူချိန်မတိုးဘဲ ဤအခြေအနေအတိုင်းရှိနေလျှင် နောက်ထပ် ဆယ်မိုင်ခန့် ဆက်လျှောက်ချင်ပါသေးသည်။ လှပသောနေ့တွင်၊ လှပသောအချိန်၌ပင် နားကြရတော့မည် ဖြစ်၏။ (၁၁) နာရီခွဲတွင် Pashing လမ်းနှင့် Tompkins လမ်းဆုံရာရှိ Cortland State University of New York ကျောင်းဝင်းထိပ်၊ ထင်းရူးပင်ရိပ်တွင် ယနေ့ခရီးကို အဆုံးသတ်လိုက်ကြသည်။
လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။
Followers
Blog Archive
-
▼
2009
(137)
-
▼
October
(7)
- Interview with Burmese Refugee Maung Maung Tate
- Burmese Hunger Strike at United Nations 2009 Gener...
- Causecast: Interview with Burmese Refugee Maung Ma...
- အစာအငတ်ခံဆန္ဒပြခြင်း ၉ ရက်မြောက်နေ့နှင့် ပိတ်ပွဲအခမ...
- ဆန္ဒပြခြင်း ၈ ရက်မြောက်နေ့ 8th day of Hunger Strike...
- အစာအငတ်ခံဆန္ဒပြခြင်း ၇ ရက်မြောက်နေ့ 7th day of Hung...
- အစာအငတ်ခံဆန္ဒပြခြင်း ၆ ရက်မြောက်နေ့ 6th day of Hung...
-
▼
October
(7)