Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Sunday, July 12, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၆ ရက်မြောက်နေ့ ခရီးစဉ် 36th day of 900 miles for Long March

ငြိမ်းချမ်းရေးခရီးရှည်ချီတက်ပွဲ (၃၆) ရက်မြောက် (ဇူလိုင်လ ၇ ရက်၊ ၂ဝဝ၉)
ဆဲဗင်းဇူလိုင်နှင့်ကျွန်ုပ်တို့



ယနေ့ရာသီဥတုသာယာလှပနေသည်။ ဦးဇင်းကျော်သူ (ခ) ဦးကုမာရ ၏ (၂)ရက်မြောက် လာရောက် ချီတက် ခြင်းဖြင့် တနေ့တာလှုပ်ရှားချီတက်ခြင်းကို စတင်လိုက်ကြ၏။



နယူးယောက်ပြည်နယ် Buffalo မြို့ကိုဦးတည်၍၊ အနောက် W 5 လမ်းမကြီးမှ အရှေ့ဘက် E 5 လမ်းမကြီး အတိုင်း ချီတက်နေခြင်းဖြစ်၏။ ချီတက်ရာတောင်ဘက် (၂)မိုင်ကျော်ဝေးသည့်နေရာ အရှေ့နှင့် အနောက်သွယ်တန်းနေသော တောင်တန်းကြီးများကို လှမ်း၍ပင်မြင်တွေ့နေရပေသည်။ လက်ယာဘက် လမ်းကပ်လျက်တွင် စပျစ်စိုက်ခင်း၊ ချယ်ရီစိုက်ခင်း မျက်စိတဆုံးမြင်တွေ့ရ၏။ ကိုက်(၂)ရာကျော်တွင် ကျွန်ုပ်တို့ချီတက်ရာ E 5 လမ်းမကြီးနှင့်အပြိုင်ပြေးဆွဲနေသည့် E 20 လမ်းမကြီးနှင့် ကိုက် (၅ဝဝ)ကျော် E 90 အဝေးပြေးလမ်းမကြီးတို့မှ မောင်းနှင်သွားလာနေသော ကားကြီးများကိုလည်း လှမ်း၍ပင်မြင်တွေ့နေရ၏။

ချီတက်ရာမြောက်ဘက် လက်ဝဲဘက်ခြမ်းတွင်မူ ရှားရှားပါးပါး ပြောင်းဖူးစိုက်ခင်းတခင်းသာ တွေ့ရပေသည်။ မိုင် (၁ဝဝ)ကျော်ခန့်ရှည်လျားသည့် Erie Lake အမည်ရှိမဟာအိုင်ကြီးအနီး ကိုက် (၅ဝဝ)ခန့် အကွာအဝေးမှ ချီတက်နေခြင်းကြောင့် စိမ်းပြာရောင်သမ်းနေသော ရေပြင်ကျယ်ကြီးကိုလည်း စိတ်ချမ်းမြေ့ကြည်နူးဘွယ်ရာ လှမ်းမြင်တွေ့နေရပေသည်။

ထုံးစံအတိုင်း နေ့စဉ်လက်ချင်းယှက်ဝိုင်းဖွဲ့ဆုတောင်းကြပြီး ရဲဘော်ကျော်ရှိန်မှ မိုင် (၉ဝဝ)ငြိမ်းချမ်းရေး ချီတက်ခြင်း ဆိုင်းဘုတ်ကိုလွယ်၊ ကုလသမဂ္ဂအလံကိုထမ်း၍ ရှေ့ပြေးချီတက်၏။ ၎င်းနောက် ဦးဇင်းကျော်သူ ခေါ် ဦးကုမာရ သည် ခြေလက်ကိုက်ခဲသည့်ကြားကပင် စိတ်ဓာတ်တက်ကြွသွက်လက် ပေါ့ပါးစွာ သာသနာ့ အလံတော်လွင့်ထူ၍ ဦးဆောင်ချီတက်၏။ ကျန်အမာခံရဲဘော်များသည် NLD အလံ၊ USA အလံ၊ ခွပ်ဒေါင်း အလံ၊ စသည်တို့ကို လွင့်ထူ၍ချီတက်ကြ၏။ ချီတက်ပြီးတမိုင်ခန့်တွင် အသက်ကြီးကြီးလင်မယား နှစ်ယောက်မောင်းနှင်လာသောကားကို ပြန်ကွေ့ပြီး ကျွန်ုပ်တို့အားလာရောက် နှုတ်ဆက်ကြလေသည်။

နေ့လည် (၁၁)နာရီခွဲချိန်တွင် ဦးဇင်းဆွမ်းဘုဉ်းပေးလေ၏။ ဆွမ်းဘုဉ်းပြီး ဆက်လက်ချီတက်ကြလေ၏။ နေ့လည် (၁၂) နာရီခွဲအချိန် Westfield Daniel Memory Pier နေရာသို့အရောက် စိတ်ပါဝင်စားသူတဦး လာရောက်၍ အမှတ်တရ ဓာတ်ပုံရိုက်သွားသည်။ ထို့နောက် သာယာလှသောဤရေဆိပ်တွင် ကျွန်ုပ်တို့အား Buffalo မြို့မှ ကိုကျော်ဝဏ၊ မကြည်ခိုင်တို့ ချက်ပေးလိုက်သည့် ငါးဟင်းဖြင့် မြိန်ရှက်စွာစားသောက်ကြလေ၏။


စားသောက်ပြီးဆက်လက်ချီတက်ရာ (၁၅)မိနစ်ခန့်အကြာတွင် Ottaway Park လမ်းတဘက်ရှိအိမ်မှ မိသားစု တို့သည် ကျွန်ုပ်တို့အားလက်ရပ်လှမ်းခေါ်၍ ၎င်းတို့အိမ်ရှေ့အရိပ်သို့ ခေတ္တလာရောက်နားခိုပါရန် ဖိတ်ခေါ်လေ၏။ ကျွန်ုပ်တို့ လမ်းတဘက်သို့ကူးသွားကြ၏။ ၎င်းမိသားစုတို့သည် ကျွန်ုပ်တို့အား ရေအေးဗူးများ ထုတ်တိုက်ကြ၏။ ၎င်းတို့သိချင်တာမေးမြန်းကြ၏။ ထို့နောက် မစ္စတာဘန်ကီမွန်းထံပေးမည့်စာကို ဖတ်ကြည့်ပြီး လင်မယားနှစ်ယောက်လုံး ထောက်ခံလက်မှတ်ထိုးပေးကြ၏။ ကျွန်ုပ်တို့နှင့်အတူ ၎င်းတို့မိသားစု အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။ ၎င်းတို့မိသားစုကို နှုတ်ဆက်ပြီးဆက်လက်ချီတက်ကြလေ၏။ ၃ နာရီထိုးရန် ၁ဝ မိနစ် အလိုတွင် Portland မြို့ငယ်လေးတခုသို့ ရောက်ရှိ၏။

ဒီနေ့အဖို့ နေအေးအေး လေအေးအေး အနေအထားတွင် သက်သာစွာ လျှောက်လှမ်းနေရပြီး ရေအေးအေးကို သောက်နေရပေမယ့် ကျွန်ုပ်တို့၏ ရင်ထဲတွင်မအေးမြနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် ကျွန်ုပ်တို့၏ အမိမြန်မာပြည်၌ လွန်ခဲ့သော (၄၆)နှစ်ကျော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တပ်မှ ပထမအကြိမ်အာဏာသိမ်းခေါင်းဆောင် အာဏာရူးစစ်ဘီလူးနေဝင်း ခေါ် ဦးနေဝင်း၏ ခါးပိုက်ဆောင်တပ်သည် မြန်မာ့လွတ်လပ်ရေးသမိုင်း၌ ကမ္ဗည်းတင်ခဲ့သော ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ၎င်းနှစ် ၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်ကြသောကြောင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ ကျောင်းသားကျောင်းသူများ ရာနှင့်ချီ၍ အသက်သွေးမြေကျခဲ့ရသော နေ့ကို ပြန်လည်အောက်မေ့သတိရ တမ်းတမိသောကြောင့်ပင်ဖြစ်လေသည်။

ယနေ့ထိပင် စစ်အာဏာရှင်စနစ်အောက်မှ မလွတ်မြောက်နိုင်သောကြောင့် မြန်မာပြည်၏ ဒုတိယလွတ်လပ်ရေးတိုက်ပွဲ သို့မဟုတ် ဒီမိုကရေစီပြန်လည်ရရှိရေးတိုက်ပွဲကို သမိုင်းပေးတာဝန်အရ ကျွန်ုပ်တို့်သည် နှလုံးရည်တိုက်ပွဲဆင်နွှဲကာ ဆက်လက်ချီတက် တိုက်ပွဲဝင်လျက် တနေ့တာချီတက်ခြင်းကို ရပ်နားလိုက်ကြလေ၏။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

Thursday, July 9, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၅ ရက်မြောက် ခရီးစဉ် 35th day of 900 miles for Long March

Buffalo မြို့မှ ဦးဇင်းကုမာရ ဦးဆောင်ချီတက်
ငြိမ်းချမ်းရေးခရီးရှည် (၃၅)ရက်မြောက်နေ့ (ဇူလိုင်လ ၆ ရက်၊ ၂ဝဝ၉)


ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေး ခရီးရှည်ချီတက်ခြင်းတွင် Buffalo မြို့မှ ဦးဇင်းကုမာရ ပါဝင်ချီတက်သည်။ ရာသီဥတုသည် အတော်အသင့်ဖြစ်၏ လမ်းလျှောက်၍ကောင်းသော အနေအထားဖြစ်သည်။ မနေ့ကရပ်နားခဲ့ရာ လမ်းပေါ်ရှိ စပျစ်ခြံကြီးတခုအရှေ့မှ စတင်ချီတက်သည်။



မြန်မာဘုန်းတော်ကြီးတပါးဦးဆောင်ချီတက်နေသဖြင့် ကျွန်ုပ်တို့အဖွဲ့သည် ပိုမို၍အဓိပ္ပါယ်လေးနက်သွား၏။ မြန်မာဘုန်းတော်ကြီးများအကြောင်းကို ရွှေဝါရောင်တော်လှန်ရေး Saffaron Revolution မှအကြောင်းပြု၍ ကမ္ဘာကသိရှိကြပါသည်။ တိဘက်ပြည်မှ ဒလိုင်းလားမား၏ ဆောင်ရွက်ချက်များကို ကမ္ဘာက သိကြသည်မဟုတ်လော။ လွတ်မြောက်ရေးအတွက်လည်းကောင်း၊ ငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ လူသားအကျိုးအတွက်လည်းကောင်း လှုပ်ရှားမှုတွင် တိဘက်ပြည်နှင့် မြန်မာပြည် အခြေအနေချင်း အတူတူပင်ဖြစ်သည်။

Pennsylvania ပြည်နယ်၏ ရေအိုင်အနားစောင်းတလျှောက် စပျစ်ခြံများကိုဖြတ်ကျော်ကြ၏။ ချယ်ရီခြံတခုကို တွေ့ရသည်။ မိမိဘာသာစိတ်ကြိုက်ဆွတ်ခူးပါဆိုသည့်ဆိုင်းဘုတ်တပ်ထားသော ချယ်ရီဆိုင်ထဲက ကားတစင်းထွက်လာပြီး အရှေ့တွင်ရပ်စောင့်နေသည်။ ကျွန်ုပ်တို့၏ချီတက်မှုအကြောင်းကို စူးစမ်းမေးမြန်းသည်။ ကုလအတွင်းရေးမှူးထံတင်ပြမည့်စာတွင်လည်း လင်းမယား(၂) ဦးစလုံး လက်မှတ်ရေးထိုးပေးကြသည်။




ဦးဇင်းကုမာရသည် သာသနာ့အလံကိုထမ်းကာ တက်ကြွစွာချီတက်နေသည်။ ပထမဆုံးနေ့ လမ်းလျှောက်ခြင်းဖြစ်သည့်အတွက် ဖြေဖဝါးများနာကြင်မှုရှိသည်။ ဝေဒနာကိုသည်းခံ၍ချီတက်နေပါ၏။ (၁၁)နာရီခွဲတွင် E 5 လမ်းတနေရာ၊ တောအုပ်၏အစပ် အရိပ်ရသောသစ်ပင်အောက်တွင်နား၍ ဦးဇင်းအား ဆွမ်းကပ်ပါသည်။ ရဲဘော်မင်းဆွေဦးက တာဝန်ယူ၍ရိုသေစွာဆွမ်းကပ်ပါသည်။ ဦးဇင်းသည် ဘုဉ်းပေးသည်ဆိုရုံမျှသာ ဘုဉ်းပေးခြင်းဖြစ်သည်။ ထူးခြားသောမြင်ကွင်းပါပေ။ လမ်းနံဘေးတောစပ်၊ သစ်ရိပ်အောက်တွင်၊ မြက်ခင်း၌ တာပလာခင်း၍ ဆွမ်းသုံးဆောင်ဟန်တည်း။ တောတောင်တွင် ဧကစာကျင့်၍ ဆင်းရဲအပေါင်းကိုဥပေက္ခာပြုကာ ဓမ္မကိုအားထုတ်ဟန်တည်း။ ကျွန်ုပ်တို့အဖွဲ့သားများကား ထုံးစံအတိုင်း (၅)မိုင်ပြည့်သော တနေရာ၌ နေ့လည်စာစားကြသည်။

နာရီဝက်ခန့်ဆက်လျှောက်ရာ အမျိုးသားတဦးနှင့်တွေ့ဆုံသည်။ လမ်းဆုံတခုတွင်ရပ်စောင့်နေခြင်းဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဒေါ်စင်သီယာဆေးခန်းတွင် အလုပ်လုပ်ခဲ့ဖူးသည်ဆို၏။ သူ၏အမည်မှာ Harold Linde ဖြစ်သည်။ လက်မှတ်ရေးထိုးပေးပါသည်။ အားတက်သရောဖြစ်နေ၏။ အလွန် အားပေး ထောက်ခံ၏။ အလွန်လည်းပျော်ရွှင်ဝမ်းမြောက်နေပါသည်။ ဘာများလိုအပ်သလဲ ဟုလည်းမေးမြန်းပါသည်။ ကျေးဇူးတင်ရ၏။



ဆယ်မိနစ်ခန့် ဆက်လျှောက်ပြီးချိန်တွင် ၎င်းပုဂ္ဂိုလ်သည် သူ၏သူငယ်ချင်းကိုခေါ်၍ ကားနှင့်လိုက်လာပါသည်။ သူ့သူငယ်ချင်း၏အမည်မှာ Susan Griggs ဖြစ်သည်။ သူမသည်လည်း အလားတူပျော်ရွှင်ဝမ်းမြောက်သော သူတဦးဖြစ်ပါသည်။ ကျွန်ုပ်တို့အား အမှတ်တရဓာတ်ပုံရိုက်ပါသည်။ ဆုမွန်လည်းတောင်းပေးပါသည်။

တနာရီခွဲရန် ၅ မိနစ်အလိုတွင် နယူးယောက်ပြည်နယ်ထဲသို့ ရောက်ရှိကြပါ၏။ Pennsylvania ပြည်နယ်မှ ထွက်ခွာသွားပါပြီ။ နယူးယောက်ပြည်နယ်သို့ ဝင်သည်ဆိုလျှင်ပင် Repley ဆိုသည့်မြို့ငယ်တခုကိုဖြတ်ရ၏။ မိနစ် ၂ဝ ခန့်ဖြတ်သန်းမိလျှင် အိမ်တအိမ်မှ လှမ်း၍နှုတတ်ဆက်ကာ ရေဗူးများလှူပါသည်။ ယဉ်ကျေးသောသူများဖြစ်ပါသည်။ ဤအရိပ်၌နားခိုပါ၊ အေးမြသောရေကိုသောက်ပါဟု ဆိုလေ၏။ ရသေ့တို့၏ကျောင်းသင်္ခမ်းမှ ငှက်ကျေးတည်း။ ကျွန်ုပ်တို့အထူးကျေနပ်ရပါသည်။

လမ်းတလျှောက်တွင်လည်း ခရီးသွားအပေါင်း၊ နေအိမ်များမှလူအပေါင်း၏ စိတ်ဝင်စားမှု၊ နှုတ်ဆက်မှုကို အထူးကြုံရသည်။ ကျွန်ုပ်တို့လမ်းလျှောက်ချီတက်အဖွဲ့တွင် ရဟန်းတော်တပါးသည် ထိပ်တန်းမှ ချီတက်နေသည်မဟုတ်ပါလော။

ခရီးဆုံးခါနီးချိန်တွင် မြက်ရိတ်စက်မောင်းလာသော လူငယ် ၂ ဦးနှင့်တွေ့ဆုံသည်။ စိတ်ဝင်တစား မေးမြန်းပါသည်။ ထူးဆန်းနေပုံရ၏။ ကုလသို့တင်ပြမည့်စာနှင့် လက်ကမ်းစာစောင်များကို ဝေငှလိုက်ပါသည်။ ထိုသူတို့ကလည်းကျေကျေနပ်နပ် လက်မှတ်ရေးထိုးပေးကြသည်။ ဆုတောင်းပေးကြသည်။ ထိုသို့ရှိစဉ် စက်ဘီးသမားတဦးရောက်လာပါသည်။ Oranto မှ Pittsburgh, PA သို့ ခရီးနှင်နေသူဖြစ်သည်။ ကျွန်ုပ်တို့ အကြောင်းကို စောစောကတည်းက စက်ဘီးရပ်၍ နားထောင်နေသူဖြစ်သည်။ လက်မှတ်ရေးထိုး ပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာပြည်အကြောင်းများကို ပြောဆိုပြရပါသည်။

ရာသီဥတုသင့်တင့်သောနေ့ဖြစ်၍ လမ်းလျှောက်ကောင်းပါသည်။ နေသည်မနှိပ်စက်ပါ။ တချို့နေရာများတွင် မိုးမခပင်ကြီးများကိုတွေ့ရသည်။ နွှဲ့စွာသောအကိုင်းဖျားများ၊ အရွက်များသည် မြေထိအောင်ညွှတ်ကိုင်း၍ အုပ်ဆိုင်းနေသည်။ စိမ်းစို၍ ကျက်သရေရှိစွာသောမိုးမခပင်၏ အရိပ်အောက်တွင် နားခိုချင်ပါသလား။ လေပြေသည်တသုတ်သုတ်ဖြူး၏။ လေဝှေ့တိုင်းတွင် သစ်ရွက်တို့သည် ဒုက္ခတေးကို သိမ်မွေ့စွာသီ၍ ကျွန်ုပ်တို့အား ထောက်ခံနေလေ၏။ သို့ဖြင့် ယနေ့တာခရီးကိုညနေ (၃)နာရီ မိနစ် (၂ဝ) တွင်အောင်မြင်စွာရပ်ဆိုင်းလိုက်ကြသည်။ ခပ်သိမ်းသောသူတို့ ငြိမ်းချမ်းကြပါစေ။ နတ်လူသာဓုခေါ်ကြပါ။

လမ်းလျှောက်ချီတက်သူရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၃၄ ရက်မြောက်ခရီးစဉ် 34th day of 900 miles for Long March

Erie မြို့ကိုလွန်မြောက်ပြီးသည့်နောက်
ငြိမ်းချမ်းရေးခရီးစဉ် (၃၄) ရက်မြောက်နေ့ (ဇူလိုင် ၅၊ ၂ဝဝ၉)


ယနေ့သည် ကြည်လင်လှပါဘိ။ နေသာ၏။ ရာသီဥတုသည်ကောင်းမွန်လှ၏။ ထိုသို့လှပသော နေ့သစ်တနေ့ တွင် ကျွန်ုပ်တို့၏ခရီးကိုစတင်လိုက်၏။ ရက်ပေါင်းများစွာ တနေ့ပြီးတနေ့စတင်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ၃၄ ရက်သို့ရှိခဲ့ပြီ။ ချီတက်ရင်းလျှောက်ရင်းဖြင့် သာယာသောနေ့၊ မှုန်မှိုင်းသောနေ့၊ ခက်ခဲသောနေ့၊ ခြစ်ခြစ်တောက် ပူသောနေ့ များစွာများစွာကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ ယနေ့သည် လှပသောနေ့တနေ့ဟုဆိုပါရစေ။



စတင်ချီတက်ပြီးကတည်းက နေ့လည် ၁၂ နာရီ ၅ မိနစ်တွင် အိမ်တအိမ်မှလင်မယားနှစ်ယောက်သည် ကျွန်ုပ်တို့အားနှုတ်ဆက်ပါ၏။ ရေဗူးများကိုလည်းဝေငှ၏။ ကုလသမဂ္ဂထံတင်ပြမည့်စာကိုလည်း လက်မှတ်ရေးထိုးပေးကြသည်။ နေ့စဉ်တွေ့ဆုံရသော အနေအထားများကို မည်သို့ဖြစ်စေ ကြိုဆို၏။ ကျွန်ုပ်တို့လမ်းလျှောက်သမားများ၏ တာဝန်မှာ အမေရိကန်ပြည်သူလူထုနှင့်တကွ ကမ္ဘာ့ပြည်သူများကို မြန်မာ့အရေးနှင့်ပတ်သက်၍ သိရှိနားလည်လာစေရန်၊ စာနာမှုပေးလာစေရန်၊ ထောက်ခံမှုပေးလာစေရန် တင်ပြသောလှုပ်ရှားမှုဖြစ်သည်။ ကျွန်ုပ်တို့၏လက်ဝယ်၌ရှိသော စာစောင်သည် လမ်းတလျှောက်ရှိ လူအများတို့ကိုနှံ့စပ်အောင်ဖြန့်ချိရန် မလုံလောက်သော်လည်း တမြို့၊ တရွာ၊ တဒေသ၌ တွေ့ဆုံရသူ တဦးဦးသည် မြန်မာပြည်၏အကြောင်းကို သိရှိသည်ဆိုပါအံ့၊ ကျွန်ုပ်တို့သည် ကြီးစွာနှစ်ထောင်းအားရ ဖြစ်ပြီးဖြစ်သည်။

လမ်းတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ မြန်မာပြည်အကြောင်း တစုံတရာမျှ မသိရှိသေးသူတို့၏လက်ဝယ်သို့ ကျွန်ုပ်တို့၏လက်ကမ်းစာစောင်များစွာကို ဖြန့်ဝေပြီးဖြစ်ပါ၏။ စတင်ချီတက်၍မှမကြာမီ မိနစ် ၂ဝ ခန့်ဆက်လျှောက်ပြီးရာတွင် အိမ်တအိမ်မှ အမျိုးသမီးတဦးလည်း ကျွန်ုပ်တို့ကိုနှုတ်ခွန်းဆက်ပြီးနောက် ရေ သို့မဟုတ် အအေး တခုခုကို ကျွန်ုပ်တို့အတွက် ကမ်းလှမ်း၏။ ကျွန်ုပ်တို့၏အကြောင်းကိုတင်ကြိုသိရှိပြီးလည်းဖြစ်ဟန်တူသည်။ တခါတရံတွင် ရေလှူဒါန်းသူများ စိပ်စိပ်၍လာသဖြင့် လက်တွင်အလံတိုင်နှင့်တကွ ရေတဗူးအပြင် ပို၍ကိုင်ဆောင်ရန် ခက်ခဲသော အခြေအနေကြောင့်လည်းကောင်း လက်ခံမယူဆောင်နိုင်တော့သည့် အခါများလည်းရှိသည်။ သို့သော်ကျွန်ုပ်တို့ယူဆောင်နိုင်သည်ဖြစ်စေ၊ မယူဆောင်နိုင်သည်ဖြစ်စေ သဒ္ဓါတရားဖြင့်လှူဒါန်းသော ဤရေ၏အကျိုးကို လှူဒါန်းသောသူများရရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ကန္တာရမှလာသောသူများဖြစ်၏။ ဒုက္ခမှလာသောသူများဖြစ်၏။ လမ်း၌အလှူခံရရှိသောရေတဗူးသည် ကျွန်ုပ်တို့အတွက် ကြီးစွာသော အထောက်အပံ့လည်းဖြစ်ပါ၏။ နတ်တို့သာဓုခေါ်ကြပါကုန်။




ရာသီဥတု၏သာယာပုံမှာ ကောင်းကင်သည် မိုးသားကင်းစင်၍ ပကတိပြာလွင်လျက်ရှိ၏။ ချီတက်ရာလမ်း၏ လက်ယာဘက်ခြမ်းတွင် တိမ်ဖြူတို့သည် တောအုပ်တို့၏အထက်၌ အဆုပ်ဆုပ်ဖြင့်ဣနြေ္ဒကြီးစွာတည်၏။ လက်ဝဲဘက်၌ကား တောအုပ်တို့နည်းပါးရာတွင် Erie အိုင်သည် ရေပြာကြည်ကိုဆောင်လျက် မိုးကုတ်စက်ဝိုင်း နှင့်အလွမ်းသင့်နေ၏။ ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့သည် ဤရေအိုင်ကြီး၏ ကမ်းရိုးတန်းတွင်လျှောက်နေခြင်း ဖြစ်သည်။

နေ့လည် ၁၂ နာရီခွဲပြီးချိန်တွင် အရိပ်ကောင်းသောနေရာတခု၌နား၍ နေ့လည်စာကိုစားကြသည်။ ဤနေရာသည်ယနေ့စတင်ချီတက်လာရာမှ (၆) မိုင်အကွာ၌ဖြစ်၏။ စားသောက်ပြီးဆက်လက်ချီတက်ကြသည်။ သန့်စင်သောရာသီဥတုသည် ယခုအခါပူ၍ပူ၍လာ၏။ သို့သော်ကျွန်ုပ်တို့သည် တောင်ကုန်းတခုပြီးတခုကို ကျော်ဆဲပင်။ လွင်ပြင်၌ဖြစ်စေ၊ ကုန်းထိပ်၌ဖြစ်စေ ဧကပေါင်းများစွာကျယ်ဝန်းသော စပျစ်ခြံများကိုတွေ့ရသည်။ စပျစ်စိုက်ပျိုးသောအရပ်ဟု ဆိုရမည်။

တောအုပ်တခုပြီးတခု၊ ကိုင်းတောတခုပြီးတခု တောင်ကုန်းတခုပြီးတခုကို ကျော်ဖြတ်ရင်း ခရီးဆုံးခါနီးနေရာသို့ ချဉ်းကပ်လာကြ၏။ ဤသို့လျှောက်လှမ်းရင်းဖြင့် ပြီးဆုံးခါနီးချိန်တွင် အိမ်တအိမ်မှ သားအမိ (၃)ဦးသည် ကျွန်ုပ်တို့အားစောင့်ကြိုနှုတ်ဆက်၏။ ထိုသူများသည် မြန်မာပြည်အကြောင်း ကောင်းစွာသိပြီးသူများဖြစ်၏။ ဘန်ကီမွန်းမြန်မာပြည်သို့ရောက်သည့်အကြောင်းကိုလည်းသိ၏။ Erie မြို့တွင် ယခုအခါ မြန်မာပြည်သား အမြောက်အများရှိကြောင်းပြောပြပါသည်။ ဘန်ကီမွန်းထံတင်ပြမည်းစာတွင်လည်း လက်မှတ်ရေးထိုး ပေးကြသည်။ ဆုမွန်ကောင်းတောင်းပေးကြသည်။ ကျွန်ုပ်တို့အလွန်ကျေနပ်ရပါသည်။

တောလမ်းကို အတွေးအမျိုးမျိုးဖြင့် လျှောက်ရာတွင် ထပ်မံ၍အတွေးများမွေးဖွားစေလေ၏။ ဒုက္ခမရောက်သောနေ့ဟုဆိုရမည်။ ငှက်တေးကိုလည်းနားဆင်နိုင်၏။ စမ်းချောင်းလေး၏ ရေအလျဉ် တသွင်သွင်ကိုလည်း နားဆင်နိုင်၏။ တောပန်းတို့၏အသွင်ကိုလည်းမြင်နိုင်၏။ နေသည်ပူ၏။ သို့သော် အထက်ပူအောက်ပူ ဖုတ်ကျည်းသင်္ဂြိုလ်ထားသကဲ့သို့ကား မလောင်ကျွမ်းစေပါ။ မည်သို့ပင်ဆိုစေ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြကုန်လော့။ ပြည်သူလူထုအတွက် လမ်းလျှောက်ကြကုန်လော့။ တော်လှန်ရေးအတွက် လမ်းလျှောက်ကြကုန်လော့။ လွတ်လပ်ရေးသည် တနေ့ရအံ့။

လမ်းလျှောက်ချီတက်ရဲဘော်တဦးတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၃၃ ရက်မြောက်နေ့ ခရီးစဉ် 33rd day of 900 miles for Long March

PA, Erie မြို့ကို ကျော်ပြီ
(၃၃) ရက်မြောက်နေ့ (ဇူလိုင်လ ၄ ရက်၊ ၂ဝဝ၉)


နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် မနေ့ကရပ်နားခဲ့ရာ Erie မြို့ မြောက်ဖျားရှိ West lake Middle School ရှေ့မှ စတင်ထွက်ခွာသည်။ ရာသီဥတုမှာ အနည်းငယ်မှိုင်းပြာလျက်ရှိ၏။ လမ်းလျှောက်၍ ကောင်းသည်။ ဤနေ့သည် အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်သောကြောင့် တချို့သောကားများ၊ ကားတန်းများတွင် အလံတလူလူဖြင့် သွားနေသည်ကို တွေ့ရ၏။ လူအများပျော်ရွှင်နေကြသည်။


အမေရိကန်လွတ်လပ်ရေးနေ့တွင် မလွတ်လပ်သေးသော ခွပ်ဒေါင်းသည် ချီတက်မြဲချီတက်၏။ ပထမတွင်စိတ်ထဲအနည်းငယ်စိုးရိမ်သလိုရှိသည်။ အကြောင်းမှာ ယခုလိုနေ့မျိုးတွင် ကျွန်ုပ်တို့ လမ်းလျှောက်အဖွဲ့ကို ရုတ်တရက်အကြောင်းမသိလျှင် ဆန္ဒပြနေသည်ဟုထင်နိုင်သည်။



သို့သော် ပွဲဦးထွက်လာဘ်ကောင်းသည်။ ၁၁ နာရီ မိနစ်အနည်းငယ်တွင် 299 S သို့မကွေ့မီ Oakmont Ave လမ်း၌ အမျိုးသမီးတဦးရောက်လာပြီးနှုတ်ဆက်ကာ အအေးဗူးများပေးသည်။ လမ်းလျှောက်အဖွဲ့အကြောင်းကို TV Channel 35 တွင် မနေ့က မြင်ခဲ့ရကြောင်းပြောသည်။ သူမ၏အမည်မှာ Georgia Bowser ဖြစ်၏။ ကုလသမဂ္ဂထံတင်ပြမည့်စာတွင် လက်မှတ်ထိုး၏။ အလွန်ပျော်ရွှင်၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်။ တက်ကြွနေသည်။ သူမ၏ကားထဲတွင်ကျန်ရှိနေသော အအေးဗူးများအားလုံးနှင့်ရေဗူးများကိုလည်း ထပ်မံပေးလိုက်သည်။ လက်တွင်ကိုင်ဆောင်သွားရန်မဖြစ်နိုင်သဖြင့် သတင်းမှတ်တမ်းကားသို့ ပို့လိုက်ရ၏။


(၁၅) မိန်စ်ခန့် ဆက်လျှောက်ပြီးချိန်တွင် ဆိုင်တဆိုင်မှ လင်မယားနှစ်ဉ်ီးကလည်း ရေဗူးများပေးပါသည်။ အခြေအနေကြည့်ရသည်မှာ ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့အကြောင်းကို TV တွင် လွင့်သည်ဖြစ်၍ လူအတော် များများသိရှိကြပြီးဖြစ်သည်ဟု ယူဆရသည်။ ထင်သည့်အတိုင်းဖြစ်နိုင်ပါသည်။ လမ်းတလျှောက်တွင် ဖြတ်သန်းသွားသောကားများမှ လှမ်း၍နှုတ်ဆက်ခြင်းများစွာရှိသည်။



နံနက်က အုံ့မှိုင်းနေသော်လည်း တဖြည်းဖြည်း နေပြန်ပူလာသည်။ E 5 လမ်းသည် Erie မြို့တွင်းကို ဖြတ်သန်း သွားသည်ဖြစ်၍ ၎င်းလမ်းအတိုင်းဆက်သွားလျှင် W 8 St လမ်းအရောက်တွင် လမ်းလျှောက်အဖွဲ့၏ ရှေ့ပြေး လျှောက်သော ရဲဘော်ကျော်ရှိန်နှင့် အမျိုးသမီးတဦး တွေ့ဆုံနေသည်ကို လှမ်း၍မြင်ရ၏။ ထိုအမျိုးသမီးသည် ရှေ့သို့သုတ်သုတ်လျှောက်သွား၏။ ကျွန်ုပ်တို့၏ရှေ့မှ (၃)ဘလောက်ခန့်အထိဆက်သွားပြီး သူမ၏အိမ်မှကင်မရာ သွားယူကာ လမ်းတွင်စောင့်နေသည်။ ဓာတ်ပုံရိုက်ယူသည်။ တကူးတကရိုက်ခြင်းဖြစ်ပါသည်။ သတင်း မှတ်တမ်းကားမှ ရဲဘော်မင်းဆွေဦးနှင့်လည်း လမ်းလျှောက်ခြင်းအကြောင်း စကားပြောဖြစ်ကြသည်။

ဆက်လက်၍ချီတက်လာရာ နေ့လည် (၁)နာရီတွင် W 6 St နှင့် Peach St လမ်းဆုံရာ Erie County Court House အရှေ့ရှိ ပန်းခြံတွင်နားကြသည်။ မြို့လည်ဟုယူဆနိုင်သည်။ ပန်းခြံ၏အမည်မှာ Perry Square Park ဖြစ်၏။ နေ့လည်စာကို ဤပန်းခြံတွင်ပင်စားလိုက်ကြ၏။ ပန်းခြံထိပ်ရှိရုပ်ထု၏ကျောက်တိုင်တွင် အောက်ပါ မိန့်ခွန်းကို ထုထွင်းထား၏။



“We here highly resolve that these dead shall not have died in vain; that this nation, under god, shall have a new birth of freedom and that the government of the people, by the people and for the people, shall not perish from the earth,”

မြတ်သောသူ၏စကားကို မြင့်မြင့်မားမား ကျောက်စာကမ္ဗည်းထိုးထားခြင်းဖြစ်သည်။ တန်ဖိုးရှိသော ဤကျောက်စာသည် ကမ္ဘာတည်သရွေ့အဓွန့်ရှည်ပါစေ။ မြန်မာပြည်က အုပ်ချုပ်သူလူမသမာတို့၏ ခြိမ်းခြောက်သော ဖရုဿဝါစာနှင့် တခြားစီမဟုတ်ပါလော။

ခရီးဆုံးခါနီးတွင် အမျိုးသမီးတဦးကလည်း ကျွန်ုပ်တို့၏သတင်းမှတ်တမ်းကားကိုတွေ့သဖြင့် သူမ၏ ကားကိုပြန်လှည့်လာကာ မနေ့က ကျွန်ုပ်တို့လမ်းလျှောက်အဖွဲ့သတင်း TV တွင်ပါလာကြောင်းပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ပုံကိုင်ပုံနှင့်တကွ သူမ၏စိတ်ဓာတ်နှင့် တိုင်းပြည်နှင့်လူထုအပေါ် အနစ်နာခံမှုကို အထူးလေးစားဂုဏ်ယူကြောင်းပြောကြားရင်း နှုတ်ဆက်ထွက်ခွာသွားသည်။

Erie မြို့သည်ရှည်လျားလှ၏။ တောက်လျှောက်ချီတက်လာရာ မြို့တွင်းဧရိယာသက်သက်ဖြစ်သည်။ အော်ဟစ် နှုတ်ဆက်ခြင်း၊ လက်ဝှေ့ရမ်းထောက်ခံခြင်း၊ ဟွန်းတီးသြဘာပေးခြင်း များစွာရရှိသည်။ အနေအထားမှာ ကောင်းနေ၏။ ညနေ (၃)နာရီတွင် E 5 လမ်းပေါ်ရှိ East Lakeလမ်းနှင့် Smithson Ave လမ်းဆုံရာတွင် ယနေ့အဖို့ကိုရပ်နားလိုက်ကြသည်။ Buffalo မြို့သို့ (၈၇) မိုင်ရှိကြောင်း ဆိုင်းဘုတ်ကဖေါ်ပြနေသည်။ လွတ်လပ်ရေးနေ့ကို လမ်းပေါ်တွင်ကြုံဆုံရင်း အားလုံးလွတ်လပ်နိုင်ပါစေ။



ချီတက်လမ်းလျှောက်သူများတင်ပြသည်။

Tuesday, July 7, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၃၂ ရက်မြောက်နေ့ ခရီး 32nd day of 900 miles for Long March

(၃၂) ရက်မြောက်ငြိမ်းချမ်းရေးခရီးစဉ်
ဇူလိုင်လ ၃ ရက်၊ ၂ဝဝ၉
ဆရာတော် ဦးနန္ဒဝံသ လာရောက်ချီတက
်


ယနေ့မနက် မိုးလင်းစအချိန်မှပင် မိုးကောင်းကင်တခုလုံး အုံ့မှိုင်းမှိုင်းနှင့် မိုးတိမ်ရိပ်များပင်ဖုံးလွှမ်းနေသည်။ ၂ ရက်တာရွာသွန်းထားသော မိုးဒဏ်ကြောင့် အအေးဓာတ်အနည်းငယ်ရှိနေသည့်ကြားကပင် တနေ့တာလှုပ်ရှားချီတက်ခြင်းကို စလိုက်ကြသည်။


နေ့စဉ်ချီတက်ခြင်းမစတင်မီ လက်ချင်းယှက်ဝိုင်းဖွဲ့ကာ ဆုတောင်းနေကြသည့်အတိုင်း မြန်မာပြည်နှင့်ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ အမြန်ဆုံးအောင်မြင်ပါစေဟု (၃)ကြိမ်ရွတ်ဆိုဆုတောင်းကြလေသည်။


ဆုတောင်ပြီးတဆက်တည်းမှာပင် ရဲဘော်ဆလိုင်းယောအောင်မှ နှုတ်ခွန်းဆက်စကားဆိုလာသည်။ ယနေ့မြန်မာပြည်လွတ်မြောက်ရေးအတွက် နှလုံးရည်တိုက်ပွဲဆင်နွှဲကာ ခရီးရှည်ချီတက်ခြင်း၊ အစာငတ်ခံဆန္ဒပြခြင်း၊ တောင်းဆိုတိုက်ပွဲဝင်နေသည့် ရဲဘော်တို့၏လုပ်ရပ်ကို ထောက်ခံသည့်အတွက် ရဲဘော်တို့ချီတက်ရာနေရာအထိလိုက်လာပြီး၊ လာရောက်ချီတက်တာဖြစ်ကြောင်း ပဏာမပြောဆို၏။


ကျဆုံးသွားသည့် ABSDF ရဲဘော်ဟောင်း၊ (၂ဝဝ၄-၂ဝဝ၅) ခရီးရှည်ချီတက်ပွဲတွင် ပါဝင်ခဲ့သူ ဦးဟန်လင်း (ရဲဘော်ဟန်လင်းနှင့်အတူ ကျဆုံးသွားသောအာဇာနည်ရဲဘော်များကို သစ္စာရှိလျက် မြန်မာပြည် ဒီမိုကရေစီ အောင်ပွဲရသည်အထိ ရဟန်းရှင်လူ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ရဲဘော်တို့ရဲ့အနောက်မှာ အမြဲထောက်ခံလျက်ရှိကြောင်း ပြောဆိုသွားသည်။ ပြီးနောက် E 5 လမ်းမကြီးအတိုင်း ချီတက်ကြ၏။


ရဲဘော်ကျော်ရှိန်က ကမ္ဘာ့ကုလသမဂ္ဂအလံကို ပုခုံးမှာထမ်း၍ မိုင်ပေါင်း ၉ဝဝ ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်းစာတမ်းကို လည်ပင်းတွင်ချိတ်ဆွဲပြီး ရှေ့ပြေးလျှောက်၏။ ဆရာတော် ဦးနန္ဒဝံသ သည် သာသနာ့အလံကို လွှင့်ထူ၍ပုခုံးထက်တွင်ထမ်းကာ ဦးဆောင်ချီတက်၏။ ဆရာတော်အနောက်တွင် ဦးဇင်းရောင်ကြီးဗွေ ခေါ် (ဦးဇောတိက)ချီတက်၏။ ၎င်းနောက် ABSDF အတွင်းရေးမှူး (၁) တာဝန်ကို ဆောင်ရွက်နေဆဲ၊ ခေတ္တ USA ရောက်နေသူ ရဲဘော်ဆလိုင်းယောအောင်က တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ တော်ကိုထမ်း၍ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့်အတူ FREE AUNG SAN SU KYI စာတမ်းပါ ပိုစတာကို လည်ပင်းတွင်ဆွဲ၍ ချီတက်၏။ ရဲဘော်ကဘောယူသည် USA အလံကိုထမ်း၍ ချီတက်၏။ ရဲဘော်စောငိုသည် NKD ပါတီတိုက်ပွဲဝင်အလံကိုထမ်း၍ ချီတက်၏။ ရဲဘော်မောင်မောင်တိတ်သည် သာသနာ့ အလံကိုထမ်း၍ ချီတက်၏။ ရဲဘော်မင်းဆွေဦး၊ ရဲဘော်သန်းစိုးတို့ ၂ ယောက်မှာ ဗွီဒီယိုဓာတ်ပုံမှတ်တမ်းတင်၍ လိုက်လာကြလေသည်။

ယနေ့မုန်တိုင်းရှိသည်ဟု ကြေညာထားသည်ဖြစ်၍ ဆရာတော်များဆွမ်းဘုန်းရန် အချိန်တိုက်ဆိုင် နေသောကြောင့် ဆရာတော်များနှင့် အင်အားဖြည့်ချီတက်ကြသူရဲဘော်များကို ကျွန်ုပ်တို့မေတ္တာရပ်ခံလျက် အနားပေးလိုက်လေ၏။

နေ့လည် ၁ နာရီအချိန် မုန်တိုင်းလာစပြုပြီး မိုးဖွဲဖွဲရွာနေသောကြောင့် ခေတ္တရပ်နားကာ ကျွန်ုပ်တို့မနက်စာကို အသီးစုံအချဉ်ဟင်း၊ ဘာလချောင်ကြော်နှင့် ဗိုက်ဖြည့်လိုက်ကြလေ၏။ စားသောက်ပြီး ဆက်လက်ချီတက်ကြ၏။ နေ့လည် ၁ နာရီခွဲခန့်တွင် လမ်းကြားတခုထိပ်၌ ကားရပ်ပြီး အသင့်စောင့်ကြိုနေသည့် အမေရိကန် အမျိုးသမီးတယောက်သည် ကျွန်ုပ်တို့အား နှုတ်ခွန်းဆက်စကားဆိုပြီး အမှတ်တရဓာတ်ပုံရိုက်ခွင့်တောင်းကာ ဓာတ်ပုရိုက်ကူးသွားလေသည်။

ယနေ့သည် အသံမစဲ ဟွန်းတီးပြိုင်ပွဲနေ့လို့ပင်ပြောရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လမ်းခရီးတလျှောက် အပျော်စီးဆိုင်ကယ်များ၊ ကားများ၊ ကုန်တင်အဝေးပြေးကားများ လက်ခုပ်တီး၍လည်းကောင်း လက်ဝှေ့ရမ်း အားပေးထောက်ခံ၍လည်းကောင်း ကားဟွန်းသံတီး၍ အားပေးကြသူတွေများပြားလွန်းသောကြောင့်ဖြစ်သည်။

ချီတက်ရာလမ်းဘေး ၂ ဘက်လုံးတွင် စပျစ်စိုက်ခင်း၊ ပြောင်းဖူးစိုက်ခင်း၊ အလှပြထင်းရူးပင်ပျိုစိုက်ခင်း၊ ပန်းသီးစိုက်ခင်း တချို့တို့ကို တွေ့ရှိရလေသည်။ အိမ်ကျယ်ကျယ် ခြံကျယ်ကျယ်နှင့် သီးသန့်အိမ်ယာအဆောက်အဦများလည်း မြင်တွေ့ရလေသည်။

ယနေ့ည ၃ နာရီအချိန် လေယာဉ်ကွင်းငယ်နေရာမရောက်မီ လမ်းကြားထိပ်တွင် ကားတစီးဖြင့် အသင့်စောင့်ကြိုနေသော အမျိုးသမီးတဦးသည် ကျွန်ုပ်တို့ကိုဖော်ရွေစွာ နှုတ်ဆက်၍ ဟမ်ဘာဂါကျွေးချင်လို့ဟုဆို၏။ မုန့်ဗန်းအကြီးကြီးတခုကို ကားထဲမှ ထုတ်ယူလာ၍ ကြိုက်သလောက်ယူကြပါ။ အားရပါးရစားကြပါဟု စေတနာထက်သန်စွာဖြင့်ကျွေး၏။

ကျွန်ုပ်တို့ရဲဘော်များ တယောက်တခုစီသာယူ၍ မတ်တပ်ရပ်၍ပင်စားကြ၏။ ကျွန်ုပ်တို့လမ်းလျှောက် လာသည်ကို မြင်တွေ့၍ ကြို၍လာစောင့်နေသည်ဖြစ်ကြောင်းပြော၏။ ရေသန့်ဗူးအဆင်သင့်မပါလာသည်ကို ဝမ်းနည်းပါကြောင်းတောင်းပန်စကားပြော၍ ကျေနပ်ပီတီဖြာသောအပြုံးမျက်နှာနှင့် ချိုသာစွာနှုတ်ဆက်စကားဆိုပြီး ထွက်သွားလေသည်။


ညနေ ၃ နာရီ ၄၅ မိနစ်အချိန်၊ တနေ့တာလမ်းလျှောက်ရမည့် သတ်မှတ်သည့်မိုင်ပြည့်ပြီဖြစ်သောကြောင့် E 5 လမ်းနံဘေး ဘုရားကျောင်းတခုရှေ့တွင်ရပ်နားလိုက်ကြလေ၏။


လမ်းလျှောက်ချီတက်သူများတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၃၁ ရက်မြောက်နေ့ 31st day of 900 miles for Long March

လျှပ်စစ်မီးမရသော ရေကန်ကိုစွန့်ခွာခြင်း
၃၁ ရက်မြောက်နေ့ (ဇွန်လ ၂ ရက်၊ ၂ဝဝ၉)




ရွက်ဖျင်တဲနှင့် ထင်းမီးဖိုသာရှိသော ဤနေရာတွင် အခက်အခဲအမျိုးမျိုးရှိ၏။ အရေးထဲ တဖြဲတဖြဲရွာသောမိုးက တမှောင့်။ တောတွင်းအခြေအနေအတိုင်းပင်တည်း။ မြန်မာပြည်ကို လှမ်း၍လွမ်းမိ၏။ သတင်းရေးခြင်း၊ သတင်းပို့ခြင်း၊ ကွန်ပြူတာနှိပ်ခြင်း စသောရုံးအလုပ်များကို လုပ်လိုလျှင် ဤနေရာကို အမြန်စွန့်ခွာမှဖြစ်မည်။ မြေပိုင်ရှင် Rachael က မြို့ပေါ်ကသူမ ဖခင်၏ရုံးခန်းတွင် ကွန်ပြူတာနှိပ်ခြင်း၊ ထမင်းချက်ခြင်း လုပ်ငန်းများကို လုပ်ရန်ကမ်းလှမ်းသည်ဟုဆိုသည်။ စေတနာနှင့် စိတ်ဝင်တစားရှိမှုကို အထူးအသိအမှတ်ပြုပါ၏။ သို့သော် ဤရုံးခန်းသည် ဘန်ကောက်ကရုံးခန်းမဟုတ်ပေ။ စာရေးသည်ဆိုသည်မှာလည်း လွယ်ကူသောကိစ္စမဟုတ်။ စဉ်းစားတွေးတောရေးသားရဦးမည်။ ရေးလိုက်၊ ပြင်လိုက်၊ ရိုက်လိုက်၊ ပို့လိုက်ဖြင့် တညလုံးအချိန်ယူရလျှင် မခက်တုံလော။ တခါတရံ ဓာတ်ပုံ(၃) ပုံ ပို့ရန်ပင် (၁)နာရီခန့်ကြန့်ကြာသည်။ သန်းခေါင်ထက် ညနက်သည်မှာ အကြောင်းမဟုတ်၊ သို့သော် ဆက်ရန်ရှိသေးသည်။


မြန်မာပြည်က မိုးဥတု၏ ဤသွင်အပြင်ရှိသော နံနက်ခင်းတွင် ကျွန်ုပ်တို့သည် ယနေ့ခရီးကိုစတင်လိုက်ကြ၏။ မနက် ၁ဝ နာရီခွဲတွင် Ohio နှင့် Pennsylvania နယ်စပ်မှ စတင်ချီတက်သည်။ US 20 လမ်းအတိုင်း ပင်ဖြစ်သည်။ Pennsylvania နယ်စွန်သည် ကျွန်ုပ်တို့နှင့် သူစိမ်းပြင်ပြင်မရှိလှပေ။ ဘယ်က ရောက်လာမှန်းမသိ မိမိတိုပိုင်နက်တွင် အလံတလူလူ လာလွင့်နေသည်ကို နှုတ်ဆက်အားပေး ထောက်ခံနေကြသည်မဟုတ်လော။ စာနာမှုဖြင့် နှုတ်ဆက်ခြင်း သဘောကိုလည်း တွေ့ရသည်။ မည်သို့ပင်ဆိုစေ ကျေးဇူးတင်ရပါသည်။

US 20 မှ PA State Route 5 သို့ လမ်းကြောင်းပြောင်းချီတက်သည်။ လျှောက်ရင်း လှမ်းရင်း ချီတက်ရင်းဖြင့် (၁၁) နာရီတွင် အမေရိကန်အမျိုးသားဖြစ်သူ Bob Kligler နှင့် တွေ့ဆုံရသည်။ ၎င်းက မိမိရိုက်ယူခဲ့သော ကျွန်ုပ်တို့၏ ချီတက်မှုပုံများကို Fort Wayne, IN TV Channel 15 ၌လုပ်ကိုင်နေသော ၎င်း၏သမီးဖြစ်သူထံ ပို့ပြီးလွင့်ပေးမည်ဟုဆိုပါသည်။ ကျေးဇူးပါဘဲ့။ ထိုကျေးဇူးများကြောင့်လည်း ချီတက်ရာ လမ်းကြောင်း တလျှောက်တွင် တချို့ပြည်သူများက ကျွန်ုပ်တို့အကြောင်းကို သိနှင့်ပြီးဖြစ်ကြသည်။ ကျွန်ုပ်တို့ကိုယ်တိုင် မဖတ်ရသော်လည်း တခါတရံလိုကယ်သတင်းစာများတွင် လမ်းလျှောက်ချီတက်ခြင်း အကြောင်းပါရှိသည်ဟု သိရသည်။ အလားတူ ကျွန်ုပ်တို့အကြောင်းပါသောသတင်းစာတစောင်ကိုလည်း ကူညီသူ Rachaelက သိမ်းထားပေးမည်ဟုဆိုသည်။



၁၅ မိနစ်ခန့်ဆက်လက်ချီတက်ပြီးချိန်တွင် အမေရိကန်လူငယ်တဦးနှင့် တွေ့ဆုံသည်။ ထိုသူကလည်း စက်ဘီးတစီး၊ အထုပ်အပိုးများတင်လျက် ခရီးသွားနေသူတဦးဖြစ်သည်။ မြန်မာပြည်အကြောင်း၊ လမ်းလျှောက်ချီတက်ခြင်းအကြောင်းများကို စိတ်ဝင်တစားမေးမြန်းသည်။ ဘန်ကီမွန်းထံ တင်ပြမည့်စာတွင် လက်မှတ်ရေးထိုးသည်။ ဓာတ်ပုံရိုက်ယူသည်။ အိမ်များမှလည်းကောင်း၊ ကားမောင်းရင်းမှလည်းကောင်း လက်ပြအားပေးသူများ ရှိ၏။

အလွန်ကောင်းမွန်သော ရာသီဥတု၏လက္ခဏာရှိသည်။ Erie မဟာရေအိုင်ကြီး၏ ကျေးဇူးဖြစ်နိုင်သည်။ မြင်းမွေးသောခြံများ၊ စပျစ်ခြံများ၊ ပြောင်းခင်းများ၊ ပဲခင်းများတွေ့ရသည်။ တချို့နေရာများတွင် အိမ်ခြေကျဲသည်။ တောင်ကုန်းအတက်အဆင်းများကလည်း အတောမသတ်သေး။ မည်သို့ဆိုစေ ရှေ့ခရီးသည် တနေ့နီးမည် မဟုတ်လော။ ကရဠ်ရာသီသည် ကျွန်ုပ်တို့ခရီးရှည်သမားများကို အထူးအားပေးလျက်ရှိ၏။

ညနေတွင် ပေ(၈ဝဝ) ခန့် မြင့်မားသောတောင်ကုန်းတခုကိုကျော်ရသည်။ ကုန်းထိပ်ရှိဓာတ်ဆီဆိုင်ကို ကျော်သည်နှင့် သတင်းအဖွဲ့တဖွဲ့က စောင့်ဆိုင်းနေပါသည်။ Pennsylvania ပြည်နယ်၊ Erie မြို့မှ ABC (Action News) က ဖြပ်ပါသည်။ တစုံတယောက်က သတင်းပို့သဖြင့် လာရောက်စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း ပြောသည်။ ရဲဘော်မင်းဆွေဦးနှင့် အင်တာဗျူးခြင်း အမှုကိုပြုလုပ်သည်။ တရုပ်၊ ရုရှား စသောနိုင်ငံများက ကန့်လန့်ကန့်လန့်လုပ်နေရာ စီးပွားရေးပိတ်ဆို့ခြင်းသည် အလုပ်ဖြစ်နိုင်ပါမည်လောဟုမေး၏။ စနစ်တကျဗီဒီယိုမှတ်တမ်းတင်လေသည်။ ဆက်လက်ချီတက်စဉ်တွင်လည်း မှတ်တမ်းရိုက်ယူနေသည်ကို တွေ့ရသည်။ အလွန်ယဉ်ကျေးပြီး ကြီးကြီးကျယ်ကျယ်အလုပ်လုပ်သူများဖြစ်သည်။ အဆိုပါသတင်းအဖွဲ့လာသော Erie မြို့သည် ယနေ့ကျွန်ုပ်တို့ အဆုံးသတ်မည့်နေရာနှင့် ခရီး(၁ဝ)မိုင်ဝေးပါသည်။


ယနေ့အဖို့ကို ခရီး (၁ဝ) မိုင်ပြည့်သည့် PA State Route 5 E တနေရာတွင် အဆုံးသတ်လိုက်ကြ၏။ ကျွန်ုပ်တို့တည်းခိုရာစခန်းဖြစ်သော နယူးယေူာက်ပြည်နယ် Buffalo မြို့၊ မေတ္တာနန္ဒဓမ္မရိပ်သာကျောင်းသို့ ပြန်ရောက်လျှင် Akron မြို့မှ ရဲဘော်ကြီးကိုဒေါင်းနီ၊ မဝင်း တို့ရောက်ရှိနေပါသည်။ Akron မြို့မှ မဝင်းမာတို့ မိသားစု လူကြုံပါးလိုက်သော ဆန်၊ ဆီ၊ အကြော်အလှော်၊ အခြောက်အခြမ်း စသော ရိက္ခာများကို သယ်ယူပို့ဆောင်ပေးလာပါသည်။ အထူးကျေးဇူးတင်ပါသည်။

လမ်းလျှောက်သူများတင်ပြသည်။

မိုင် ၉၀၀ ခရီးစဉ်၏ ၃၀ ရက်မြောက်နေ့ ခရီး 30th day of 900 miles for Long March


ငြိမ်းချမ်းရေးခရီးရှည်ချီတက်ပွဲ (၃ဝ)ရက်မြောက်ခရီးစဉ်၊
မိုင်ပေါင်း (၃ဝဝ) နှင့် ကျွန်ုပ်တို့ Penssylvania နယ်စပ်ရောက်ပြီ


Ohio ပြည်နယ်၊ Akron မြို့ရှိ၊ ABSDF ရဲဘော်ဟောင်း ကိုဒေါင်းနီ (ရဲဘော်ဒေါင်းနီ) နေအိမ်မှာ၊ ည်းခို နေထိုင်ခဲ့သော (၁)လ ပြည့်နေ့တွင် ကျွန်ုပ်တို့အပြီးအပိုင်ပြောင်းရွှေ့ထွက်ခွာခဲ့လေပြီ။

ယနေ့ မိုးတဖွဲဖွဲ ရွာနေသည့်ကြားကပင် ကျွန်ုပ်တို့ တနေ့တာလှုပ်ရှားချီတက်ခြင်းကို စတင်လိုက်သည်။ ယခင်ချီတက်ရာ 20 E လမ်းကြောင်းအတိုင်းချီတက်ကြ၏။ လူလျှောက်လမ်းသီးခြားမရှိပါ။ လမ်းကျဉ်းမြောင်းလေးသည်။ လမ်းနံဘေးကပ်လျက် မြက်စပ်ထူထူမှပင် ကပ်သီးကပ်သပ်လျှောက်နေရသဖြင့် ခရီးမတွင်ပါ။

၎င်းမြို့သည် လူနေအိမ်ခြေခပ်ကျဲကျဲဖြစ်ပြီး ကိုယ်ပိုင်အိမ်ခြံမြေတွင် အဆောက်အဦအတော်အသင့်နှင့် လှပနေသည်ကို မိုးမိုးဖွဲဖွဲကြားမှပင် မြင်တွေ့ရလေသည်။ ၎င်းတို့အိမ်ရှေ့တွင် ရောင်စုံပန်းအလှလေးများ စိုက်ထားသည်ကိုလည်းတွေ့ရလေသည်။

ချီတက်ပြီး (၂) နာရီအကြာ၊ နေ့လည် (၁)နာရီခန့်တွင် ကျွန်ုပ်တို့မနက်စာထမင်းစားကြ၏။ Akron မြို့ရှိရဲဘော် ခင်မောင်ချင်း၊ မဝေ (ခ)မချို တို့မိသားစုမှ ကြော်ပေးလိုက်သည့် ဘာလချောင်ကြော် ချဉ်စပ်ကို ရေအေးအေး လေးဆမ်းပြီး မြိန်ရှက်စွာစားသောက်ကြလေ
တော့သည်။

စားသောက်လို့အပြီး ခရီးဆက်ရန်ပြင်ဆင်နေချိန်တွင် ကားတစီးလာထိုးရပ်လိုက်ပြီး အသက်အရွယ် လူလတ်ပိုင်း အမေရိကန်အမျိုးသမီးတဦး ဖော်ရွေသောအပြုံးနှင့် ခပ်သွက်သွက်ဆင်းလျှောက်လာကာ၊ ကျွန်ုပ်တို့အား လာရောက်မိတ်ဆက် စကားဆိုလေသည်။ သူမ သိချင်တာမေးမြန်းပြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးမည့်စာတွင် ထောက်ခံလက်မှတ် ရေးထိုးပေးခဲ့လေသည်။

ချီတက်လမ်းလျှောက်ပြီး (၇)မိုင်ခန့်အရောက်တွင် Conneaut မြို့ထွက်ခါနီးမှစ၍ နေပူလာသည်။ လူသွားလမ်းပလက်ဖောင်းလည်း ရှိလာပြီဖြစ်သောကြောင့် ပလက်ဖောင်းပေါ်မှချီတက်ပြီးခဏအကြာ (CVS) ဈေးဆိုင်ရှေ့အရောက်၊ အမေရိကန်လူမျိုး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကျွန်ုပ်တို့ကို လက်ပြနှုတ်ဆက်လာလေသည်။ သိချင်တာအကျိုးအကြောင်းမေးကာ မစ္စတာဘန်ကီမွန်းထံပေးမည့်စာတွင် ဝမ်းသာအားရစွာ ထောက်ခံလက်မှတ်ရေးထိုးပေးသွားလေသည်။ ကျွန်ုပ်တို့ကျေးဇူးတင်စကားပြောပြီး ခရီးဆက်ကြပြန်သည်။


ညနေ (၂)နာရီခွဲခန့်တွင် 20 E နှင့် 7 South လမ်း၊ State လမ်းဆုံရာ၊ Ohio Post Office ရုံးသို့အရောက်မှာ ပိုလန်နိုင်ငံသားအမျိုးသားတဦး ကျွန်ုပ်တို့ထံ လာရောက်မေးမြန်းသဖြင့် ထိုသူအား ရှင်းပြလိုက်ရာ ၎င်းသည်လည်း မြန်မာပြည်အကြောင်းကို သိရှိနားလည်နေသူဖြစ်သောကြောင့် မစ္စတာဘန်ကီမွန်းထံ ပေးမည့် စာတွင် လွယ်လင့်တကူထောက်ခံလက်မှတ်ရေးထိုးပေးခဲ့လေသည်။

ခရီးဆက်ပြီး (၁ဝ) မိနစ်အကြာ၊ ပေ (၁၅ဝ) ရှည်သည့် သစ်လွင်လှပသော မြစ်ကူးတံတားတခုကို ကျော်ဖြတ်ကြလေသည်။ ထိုတံတားအောက်၌ မြစ်ကမ်းဘေးအနီး ယှဉ်၍ဖောက်လုပ်ထားသော မီးရထားသံလမ်းကိုလည်း တံတားပေါ်မှ ရှုမငြီးဘွယ်မြင်တွေ့ခဲ့လေသည်။ ထိုမှ (၁) မိုင်ကျော်ခန့် ဆက်လျှောက်ပြီး ယနေ့သတ်မှတ်ထားသောနေရာ အရောက်တွင် ရပ်နားလိုက်ကြလေသည်။


ဒီနေ့ကျွန်ုပ်တို့ချီတက်ရာတလျှောက်တွင် ကားထိုးရပ်၍ ဓာတ်ပုံရိုက်ခွင့်တောင်းပြီး အမှတ်တရ ရိုက်ကူးသွားသူ၊ ကားပေါ်မှ ဆဲလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူသွားသူ ၄-၅ ဦးခန့်ရှိပြီး၊ ထုံးစံအတိုင်း ကားဟွန်းသံပေး၍ လက်ပြအားပေးထောက်ခံသူ၊ အိမ်ပေါ်မှ လက်ခုပ်တီးအားပေးထောက်ခံသူများကို မြင်တွေ့လျက်ရှိနေဆဲပါ။



ယနေ့ည တည်းခိုရန်အတွက် Chardon မြို့၊ အမေရိကန်အမျိုးသမီး Rachael ၏ မိဘပိုင်မြေ၌ တည်းခိုရန် စီစဉ်ပေးပါသည်။ ၎င်းမြေနေရာ၌ လျှပ်စစ်မီးမရှိပါ။ ၎င်းမြေနေရာသည် S 8 B လမ်းတွင်ရှိသောကြောင့်၊ သူမခေါ်ဆောင်ရာသို့ ကျွန်ုပ်တို့သည် ၁၅ မိနစ်ခန့်အကြာတွင် ရောက်ရှိသွားခဲ့လေသည်။ ညနေ (၅) နာရီခွဲအချိန်တွင် (၂) ဧကခန့်ကျယ်ဝန်းသည့် တောအုပ်ပတ်လည်ဝိုင်းနေသောမြေကွက်ရှိ အနံပေ (၃ဝ)၊ အလျား ပေ (၅ဝ) ခန့်ရှိတြိဂံပုံရေကန်ငယ်ထိပ်တွင်၊ ကျွန်ုပ်တို့အိပ်ရန်ပြင်ဆင်ထားသော Tent ခေါ် ပလပ်စတစ်တဲငယ် (၂)လုံး၊ ထင်းပုံတပုံ၊ အဝတ်စားပွဲခင်းရှိသော ပလပ်စတစ်စားပွဲခုံငယ်ပေါ်တွင် သောက်ရေဗူးတင်၍ ကြိုတင်စီစဉ်ထားသည်ကိုတွေ့ရှိရလေသည်။ အသားငါးကင်စားရန် မီးဖိုငယ်တခု၊ မီးလှုံရန် မီးဖိုရှိသောကြောင့် တနေကုန်ရွာထားသောမိုး မြေစိုနေသဖြင့် မိနစ်(၃ဝ)ခန့် မီးမွှေးပြီးချက်ပြုတ်အပြီး ည (၁၁)နာရီတွင် စားသောက်ပြီးအိပ်ကြပါတော့သည်။


တင်ပြသူ။ ။ ရဲဘော်မောင်မောင်တိတ်

Followers