Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Monday, June 29, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၉ ရက်မြောက်နေ့ 29th day of 900 miles for Long March

US 20 E, OH ပေါ်ရောက်ပြီ

၂၉ ရက်မြောက် ခရီး (ဇွန်လ ၂၈ ရက် ၂ဝဝ၉)


State Route 528 N မှ US 20 E ထဲသို့ကူးပြောင်းလျှောက်ကြ၏၊ ယခုလျှောက်နေကြသောလမ်းကြောင်းသည် Madison မြို့  မြောက်ဘက်ဖြစ်၏။ ဒီနေ့မိုးရိပ်အုပ်ဆိုင်းနေပြီး ရာသီဥတုလည်းအနည်းငယ်အေးနေ၏။ နေ့လည် ၁၂ နာရီတွင် မိုးဖွဲများရွာချလာ လေ၏။ထိုအချိန်သည် Geneva မြို့ကိုစတင်ဝင်ရောက်တော့မည့်အချိန်ဖြစ်ပြီး မိနစ် ၃ဝ ခန့်ထပ်မံချီတက်ကြပြီးနောက် Geneva မြို့သို့ စတင်ဝင်ရောက်နိုင်ခဲ့ကြ၏။ မြို့တွင်းတွင် ဈေးဆိုင် တခုရှေ့၌ လူငယ်တဦးက စိတ်ဝင်တစားမေးမြန်းပြီးနောက် မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာအား ထောက်ခံလက်မှတ်ရေးထိုးလေ၏။ ဆက်လက်ချီတက်ခဲ့ကြရာ မြို့တွင်းရှိအိမ်တအိမ်မှ အမျိုးသမီကြီးတဦး ပြေးထွက်လာပြီး ကျွန်ုပ်တို့အား စားစရာမုန့်ခြောက်များလာ၍ပေးကာ နှုတ်ဆက်စကားပြောလာပါ၏။



စတင်လျှောက်ချိန်မှ ၂ နာရီကျော်ကျော်တွင် Geneva မြို့တွင်းကို ဖြတ်လျှောက်နိုင်ခဲ့ကြ၏။ မိုးဖွဲများက ရွာလိုက် တိတ်လိုက်ဖြစ်နေပြီး မြို့ပြင်ရောက်ချိန်၌ မိုးကတိတ်သွားပြန်၏။ နေ့လယ် ၁ နာရီခွဲပြီးသောအချိန်တွင် နေပူရှိန်မြင့်လာ၏။ လေသည်လည်း မအေးနိုင်တော့ပါ။ ရွာလိုက်တိတ်လိုက်ဖြစ်နေသောမိုးဖွဲများကို ဖြတ်သန်းရင်း Geneva မြို့ပြင်လမ်းသို့ ဆက်လက်ချီတက်ခဲ့ကြ၏။ ယခု အချိန်ထိ US 20 E လမ်းကြောင်း ပေါ်မှာ လျှောက်နေကြဆဲပါ။ မွန်းလွဲ ၂ နာရီကျော်ခဲ့လေပြီ။ ထိုစဉ် အမေရိကန်ဇနီးမောင်နှံ ၂ ဦးတို့ ကားဖြင့်တကူးတက လိုက်လာပြီး ကျွန်ုပ်တို့ သတင်းကားနှင့်အတူရပ်စောင့်ကာ သိလိုသောအချက်အလက် အပြည့်အစုံအား မေးမြန်းကြလေ၏။ မြန်မာနိုင်ငံအကြောင်း နဂိုကတည်းက တီးခေါက်မိထားပြီး သူများ ဖြစ်မည်ဟု ခန့်မှန်းရ၏။ ၎င်းတို့လည်း ကျွန်ုပ်တို့အား နှုတ်ဆက်ရင်း မြန်မာနိုင်ငံ၏အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်းတို့အပြင် ကျွန်ုပ်တို့ကိုင်ဆောင်ထားသော ကြယ်ငါးပွင့်မြန်မာနိုင်ငံအလံ၊ သာသနာ့ အလံ၊ NLD အလံနှင့် ကျောင်းသားအလံအကြောင်းတို့ကိုလည်း ဇနီးဖြစ်သူက စေ့စေ့စပ်စပ် စိတ်ဝင်တစား မေးမြန်းလေ၏။ ထောက်ခံ လက်မှတ်များလည်း ရေးထိုးကြပါ၏။




ကျွန်ုပ်တို့အဖွဲ့နှင့်စကားလက်ဆုံကြနေစဉ် အနီးပတ်ဝန်းကျင်အိမ်တအိမ်မှ ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့်နှင့် လူတဦး ထွက်လာကာ ၎င်းသည် US Marines ကဖြစ်ကြောင်း မိတ်ဆက်လာသဖြင့် ကျွန်ုပ်တို့အနည်းငယ်စ၍ရှင်းပြစဉ်မှာပင် မူလက ရောက်ရှိနေသူ ဇနီးမောင်နှံ ၂ ဦးထဲမှ ခင်းပွန်းဖြစ်သူက ကျွန်ုပ်တို့ကိုယ်စား ဝင်ရောက်ရှင်းပြလေ၏။ အားတက်သရောရှိလှသော ဇနီးမောင်နှံ ၂ ဦးလည်း ဓာတ်ပုံအမှတ်တရရိုက်ယူပြီး နှုတ်ဆက်ထွက်ခွာသွားလေ၏။ တပြိုက်နက်တည်းတွင် US Marines မှ ဗလ တောင့်တောင့် ပုဂ္ဂိုလ်လည်း ကျွန်ုပ်တို့အား နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့၏။


နေပူရှိန်မြင့်သထက်မြင့်လာပြီး မိုးကမရွာတော့ပါ။ ရာသီဥတုကပို၍ပူလာသည်။ Geneva မြို့ မှ US 20 E အထွက်လမ်းသည် Saybrook ကျေးလက်ရွာတရွာသို့ ဦးတည်၍သွားလေသည်။ လမ်းတနေရာတွင် သစ်လုံးများထုတ်လုပ်သော နေရာတခုကို တွေ့ခဲ့ရ လေ၏။ ညနေ ၃ နာရီရှိနေပေပြီ။ ပူလွန်းသဖြင့် အရိပ်ရှာက နားနေကြစဉ် ကျွန်ုပ်တို့ရှေ့ မျက်စောင်းထိုး လမ်းတဖက်ခြမ်းတွင်ရှိသော Glrard Nurseries and Garden Center ဟုဆိုင်းဘုတ်တပ်ထားသည့် ဥယျာဉ်၊ ပန်းမာလ် သစ်ပင်းများရောင်းချသောဆိုင်မှ ဆိုင်ရှင်လူငယ် တဦးက သောက်ရေသန့်ဘူးများလာရောက်ပေးကာ မိတ်ဆက်စကားပြောလာပါ၏။ ထို့နောက် မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးလေ၏။




တအောင့်တနား နားကြပြီးဆက်လက်ချီတက်ကြရာ Saybrook ကျေးလက်ရွာအရောက် US 20 E နှင့်Depot Rd လမ်းခွဲတို့ဆုံရာ နေရာတွင် ဒီကနေ့ခရီးကို နားခဲ့ကြလေတော့၏။



Photos and News Kyaw Tun

Saturday, June 27, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၈ ရက်မြောက်နေ့ 28th day of 900 miles for Long March

State Route 528 N လမ်းကြောင်းပေါ်မှာ

၂၈ ရက်မြောက်နေ့ (ဇွန်လ ၂၇ ရက်၊ ၂ဝဝ၉)၊ စနေနေ့



ဒီကနေ့ State Route 528 N နှင့် State Route 166 E တို့ဆုံရာလမ်းခွမှ State Route 528 N အတိုင်းမြောက်ဘက်သို့ ဦးတည် ချီတက်ကြ၏။ လေအေးတဖြူးဖြူးတိုက်နေသဖြင့် လမ်းလျှောက်ရသည်မှာ အဆင်ပြေလေ၏။ လမ်းခွမှ ၁ဝ မိနစ်ခန့် လျှောက်ပြီးချိန်၌ သဲအကြီးအကျယ်ထုတ်လုပ်သော စက်ရုံတခုကိုတွေ့ကြရ၏။ ၄၅ မိနစ်ခန့်လျှောက်ပြီးချိန်၌ အားကစားကွင်းတခုကို ဖြတ်ကျော်ကြရ၏။ ကြိုတင်ရောက်ရှိနေသော သတင်းကားရှိရာသို့ အမျိုးသမီးတဦးစိတ်ဝင်တစား လာရောက်မေးမြန်းသဖြင့် လမ်းတဘက်ခြမ်းတွင် ချီတက်နေသော ကျွန်ုပ်တို့အဖွဲ့နှင့် ခေါ်ယူမိတ်ဆက်ပေးရလေ၏။ ထိုအားကစားကွင်း သည် Thompson ရွာ၏အဝင်တွင်တည်ရှိလေသည်။ ကျွန်ုပ်တို့အဖွဲ့ဝင်များမှ စိတ်ရှည်လက်ရှည် ရှင်းလင်း ပြောပြသဖြင့် ထိုအမျိုးသမီးလည်း မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာအား ဖတ်ကြည့်လေ၏။

ထို့နောက်ထောက်ခံလက်မှတ်ရေးထိုးမည်ဟုပြောပြီး လက်မှတ်ရေးထိုး၏။ ထို့အပြင် ကျွန်ုပ်တို့အား ခေတ္တစောင့်ခိုင်းပြီး အားကစားကွင်းထဲရှိ ၎င်း၏ယောက်ျားကို သွားရောက်ခေါ်ယူကာ ၎င်းကိုယ်တိုင် ယောက်ျားဖြစ်သူအား တဆင့်ပြန်လည်ရှင်းပြသဖြင့် ၎င်း၏ခင်ပွန်းဖြစ်သူလည်း လက်မှတ်ရေးထိုး လာလေ၏။ ထို့နောက်၎င်းတို့ ၂ ဦးနှင့်နှုတ်ဆက်ပြီး ကျွန်ုပ်တို့ ခရီးဆက်ခဲ့ကြလေတော့၏။


ဒီကနေ့လျှောက်နေသော State Route 528 N သည် တောင်အဆင်းလမ်းဖြစ်လေ၏။ တောင်လှိုင်း အထပ်ထပ်ကို ပြန်၍ဆင်းနေ၏။ ဒီကနေ့ခရီးသည် Chardon မြို့နှင့် Madison မြို့တို့ကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်တွင် ချီတက်နေကြသောခရီးဖြစ်၏။ Akron မြို့နှင့် မိုင် ၇ဝ ခန့်ဝေးနေပြီဖြစ်၍ ဒီကနေ့တွင် Akron မှ မျိုးဆက်သစ်လူငယ်များ ရောက်မလာနိုင်ကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့ ၅ ဦးနှင့် သတင်း၊ ဓာတ်ပုံတာဝန်ယူသူ ရဲဘော်ကျော်ထွန်းတို့သာ ရှေ့ခရီးသို့ဆက်ခဲ့ကြရလေတော့၏။ စတင်လမ်းလျှောက်ပြီး ၁ နာရီခန့်တွင် ကျွန်ုပ်တို့ လမ်းဘေးသစ်ပင်ရိပ်၌ နားကြ၏။ ထိုစဉ် လမ်းတဘက်တွင်မြက်ရိပ်စက်မောင်းနေသော အသားဖြူဖြူ ဝဝဖိုင့်ဖိုင့် ခြံရှင်အမျိုးသားတဦးရောက်လာပြီး ကျွန်ုပ်တို့အား စိတ်ဝင်တစားမေးခွန်းများမေးပါ၏။ ရဲဘော်မင်းရွှေဦးမှ စိတ်ရှည်ရှည်ဖြင့် ရှင်းလင်းပြောပြရာ ၎င်းလည်း မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးပေးလေ၏။ ထို့နောက် ကံကောင်းပါစေ ဟု ဆုတောင်းပေးပါ၏။



နေပူရှိန်သည် တဖြည်းဖြည်းမြင့်လာ၏။ သို့သော် လေအေးအေးတိုက်နေသည်ကတကြောင်း၊ ယနေ့တွင် တောင်အဆင်းလမ်းများကိုသာ လျှောက်နေကြရသည်ကတကြောင်းကြောင့် ကျွန်ုပ်တို့မပင်ပန်းကြပါ။ ဖြတ်လျှောက်ရာလမ်းတလျှောက်တွင် စပျစ်စိုက်ခင်းကြီးများ၊ ဂျုံစိုက်ခင်းတချို့နှင့် ပြောင်းစိုက်ခင်းတချို့ကို တွေ့ကြရပါသည်။ ကျွန်ုပ်တို့သည် State Route 528 N လမ်းကြောင်းပေါ်တွင် ချီတက် နေကြဆဲပါ။ ဤနေရာတွင် Chardon-Madison Rd ဟုလည်း ပြောင်းလဲသုံးနှုန်းခေါ်ဝေါ်ထားပါသည်။

မွန်းလွဲ ၁ နာရီခွဲခါနီးတွင် Klasen Rd လမ်းခွအနီး၌ ကားတစီးသည် တကူးတကရောက်လာပြီး လမ်းတွင်ရပ်ကာ ရေခဲစိမ် သောက်ရေသန့်ပုလင်း ၃ ပုလင်းအား ကျွန်ုပ်တို့ကို ကမ်းပေးသွားပါ၏။ ဆက်လျှောက်ကြပြီး မိနစ် ၂ဝ ခန့်တွင် Grand River ချောင်းကူးတံတားကို ဖြတ်ကျော်ကြပါ၏။ ပေ ၁ဝဝဝ ကျော်မျှရှည်မည်ဟုခန့်မှန်းရသော ချောင်းကူးတံတားသည် တောင်ကုန်းမို့မို့ပေါ်သို့ ဦးတည်၍ သွယ်တန်းတည်ဆောက်ထားလေ၏။ ယခုချိန်၌ နေပူရှိန်ပြင်းနေပေပြီ။ လေတိုက်နှုန်းလည်း လျော့ကျသွားလေ၏။ ဒီကနေ့ နေ့လည်စာကိုတော့ ချောင်းကူးတံတား ကျော်ပြီးသည်နှင့် အရိပ်ကောင်းသော လမ်းဘေးတနေရာတွင် စားဖြစ်ကြလေ၏။


Akron မှ မျိုးဆက်သစ်များကို သတိရမိပါ၏။ ယနေ့ထမင်းဝိုင်းသည် ကျွန်ုပ်တို့ ၆ ဦးတည်းမို့ ခြောက်ကပ် ကပ်ဖြစ်၍နေလေ၏။ Akron မြို့မှ ကျွန်ုပ်တို့အား ထမင်းဖိတ်ကျွေးခဲ့သော ရဲဘော်ဒေါင်းနီ၊ မဝင်း (ဒေါ်ဝင်း)၊ ဒေါ်ဝင်းမာ၊ ရဲဘော်ခင်မောင်ချင်း၊ မချို (ဒေါ်ချို) နှင့် ဒေါ်အေးမွန် မိသားစုတို့အား သတိရ၍မဆုံးပါ။ ကျွန်ုပ်တို့၏ မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်မှု သမိုင်းမှတ်တိုင်တွင် ကမ္ဗည်းတင် ကျန်ရစ်ခဲ့လေတော့၏။ ထိုထိုသောစိတ်ဓာတ်များ၊ ထိုထိုသော မျိုးဆက်သစ်များဖြင့် ကျစ်လစ်သောဖွဲ့စည်းမှုများသာ အခြားအခြားသော ပြည်နယ်များတွင် ရှိခဲ့ကြမည်ဆိုပါက ကျွန်ုပ်တို့၏အောင်ပွဲသည် ကျွန်ုပ်တို့၏ ရှေ့တည့်တည့်တွင် ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပါ။


ကျွန်ုပ်တို့အဖွဲ့သည် မည်သူ့ကိုမျှ နှုတ်မဆက်လိုပါ။ ပြန်ဆုံပါရစေဟုသာ ဆုတောင်းလိုပါ၏။ ယနေ့ ကျွန်ုပ်တို့ ပျင်းရိပါ၏။ ကျွန်ုပ်တို့အား အားပေးခဲ့ကြသော Indian, Fortwayne နှင့် Ohio, Akron မှ မျိုးဆက်သစ်များ အားလုံးကိုသတိရနေပါ၏။ ကျွန်ုပ်တို့သည် တာဝန်တရပ်ကို ထမ်းဆောင်နေသူများပါ။ ဒီတော့ နေ့လည်စာကို စားပြီးသည်နှင့် State Route 528 N ပေါ်သို့ ပြန်လည်ချီတက် ကြရတော့၏။

မွန်းလွဲ ၂ နာရီ၊ မိနစ် ၂ဝ တွင် Madison မြို့သို့ စတင်ဝင်ရောက်နိုင်လေ၏။ မြို့လယ်ခေါင် Main St တွင် လက်ျာဘက်သို့ ချိုးကွေ့ပြီးမှ မြောက်ဘက်သို့ ဆက်လက်ဦးတည်ထွက်သွာမည့် State Route 528 N သို့ ဘက်ကွေ့၍ ဆက်လျှောက်ကြရ၏။

Madison မြို့မှာ မြို့ငယ်လေးတမြို့သာဖြစ်၍ အဆောက်အဦမြင့်မြင့်ကြီးများ မတွေ့ရပါ။ မြို့အထွက်လမ်းတွင် ခြံတခြံမှ လင်မယား ၂ ယောက်က ကျွန်ုပ်တို့လမ်းလျှောက်ချီတက်လာသည်ကို စိတ်ဝင်တစားထွက်၍မေးပါ၏။ ကျွန်ုပ်တို့လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေအပါအဝင် မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတို့ကိုပါ ပေးဖတ်လိုက်ရာ ခင်ပွန်း ဖြစ်သူလည်း ထောက်ခံလက်မှတ် ရေးထိုးလာလေ၏။ မြို့အထွက်လမ်းသည် ခြံကျယ်ကြီးများဖြစ်၍ အချို့နေရာတွင် အိမ်ခြေစိပ်ကာ အချို့နေရာတွင် အိမ်ခြေက ခပ်ကျဲကျဲဖြစ်၍နေ၏။


ဒီကနေ့တွင် ဆိုင်ကယ်စီး၍ လျှောက်လည်သူ အလွန်များပြားစွာ တွေ့ရ၏။ ၎င်းတို့သည် ကျွန်ုပ်တို့အား ဟွန်းတီး၍အားပေးခြင်း၊ လက်မထောင်ပြ၍ အားပေးခြင်းများဖြင့် အားပေးကြပါ၏။ ညနေ ၃ နာရီခွဲတွင် State Route 528 N (Hubbard Rd) နှင့် US 20 E တို့တွေ့ဆုံရာနေရာသို့ရောက်ခဲ့ကြလေ၏။ ထိုနေရာတွင် ကျွန်ုပ်တို့ဒီကနေ့ ရပ်နားကြပေတော့မည်။



Photos and News by Kyaw Tun

Friday, June 26, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၇ ရက်မြောက်နေ့ ခရီးစဉ် 27th day of 900 miles for Long March

မျိုးဆက်သစ်များ၊ အမေရိကန် တက္ကသိုလ်ကျောင်းသူ နှင့်
ခရီးရှည်လမ်းကြောင်းပေါ်က ကျွန်ုပ်တို့

၂၇ ရက်မြောက်နေ့ (ဇွန်လ ၂၅ ရက်၊ ၂ဝဝ၉)

Chardon မြို့မှ အရှေမြောက်ဘက်သို့ထွက်သော S Hambdon St နှင့် Grand St တို့ ဆုံရာလမ်းခွမှ ဒီကနေ့စတင်ကြမည်။ State Route 44 N လမ်းကြောင်းပေါ်မှာ ကျွန်ုပ်တို့မရှိတော့ပါ။ US 6 E သို့မဟုတ် Gar ဟိုင်းဝေးပေါ်သို့ လမ်းကြောင်းပြောင်း သွားပြီဖြစ်၏။ အမေရိကန်တက္ကသိုလ်ကျောင်းသူ Rachel Burering နှင့် Akron မြို့မှ မျိုးဆက်သစ်လူငယ်များဖြစ်ကြသော မောင်ဝမ်ယု၊ မမာလင်း၊ မသန်းသန်းချို၊ မောင်ငြိမ်းချမ်း၊ မချောငြိမ်းကျော်တို့လည်း ဒီကနေ့အထိ ကျွန်ုပ်တို့နှင့် လမ်းလျှောက်ချီတက် နေကြဆဲပါ။ ယနေ့တွင် Akron မြို့မှ ရဲဘော်ဒေါင်းနီ၊ ဒေါ်ဝင်းတို့ကလည်း ကားတစီးဖြင့် လမ်းဘေးတလျှောက် ကျွန်ုပ်တို့နှင့် ကလေးများကို အားပေးကာ အင်အားဖြည့်ကူညီခဲ့ကြ၏။ ရဲဘော်ဒေါင်းနီ၊ ဒေါ်ဝင်းနှင့် ဒေါ်ဝင်းမာတို့သည် ရေ၊ ဖျော်ရည်၊ စားစရာမျိုးစုံ တို့ဖြင့်စီစဉ်ကြကာ အားပေးခဲ့ကြ၏။


မနက်ကတည်းက နေခြစ်ခြစ်တောက်ပူနေ၏။ မိုးသားတိမ်တောင်တို့လည်း အစိုင်အခဲလိုက် ကောင်းကင်တွင် အသင့်ပြင်နေကြ၏။ ရာသီဥတုပူ၏။ လေမလာပါ။ US 6 E ဟိုင်းဝေးသည် အရှေ့မြောက်သို့ဦးတည်နေရာမှ အရှေ့ဘက်စူးစူးသို့ Grand Army of the Republic Hwy လမ်းဆုံတွင်ချိုးကွေ့မည်ဖြစ်၏။ ထိုနေရာတွင် State Route 166 E နှင့်ဆုံတွေ့ကြရာ ကျွန်ုပ်တို့အားလုံး State Route 166 E လမ်းကြောင်းအတိုင်း အရှေ့မြောက်ဘက်ဆီသို့ ဦးတည်ကြရလေ၏။



မမာလင်း (၉ နှစ်)ကတော့ ရဲဘော်ကျော်ရှိန်အနောက်က ထပ်ချပ်မကွာလိုက်၍ ချီတက်နေဆဲ။ ၎င်း၏မောင်လေး မောင်ဝမ်ယုကလည်း သူ့နောက်က ပြေးပြေးလွှားလွှား။ မချောငြိမ်းကျော်ကတော့ အမေရိကန်သူနှင့် စကားတွေ ဘိုလိုပေါက်ပေါက်လှော်အောင်ပြောရင်း လိုက်နေလေရဲ့။ မောင်ငြိမ်းချမ်းကတော့ အားလုံးကိုကြည့်ပြီး ပြုံးဖြီးဖြီးလုပ်ပြသည်။ အစသန်သောမာင်ငြိမ်းချမ်းက အိနြေ္ဒကြီးသော မသန်းသန်းချိုကို ခဏခဏစသည်။ အမြဲတမ်းပြုံးနေတတ်သော မသန်းသန်းချိုတယောက် အစအနောက်တွေကြား မောရမှန်းပင် မသိခဲ့တော့။ သူတို့လေးတွေကိုကြည့်ပြီး ကျွန်ုပ်တို့၏ရင်ထဲ အနာဂတ်အတွက် အားရမိပါ၏။ ၎င်းတို့၏မိဘများကိုလည်း ဂုဏ်ယူ လေးစားရပါ၏။

လူငယ်ကလေးများပါလာသဖြင့် ၄၅ မိနစ်၊ ၁ နာရီ စသည်ဖြင့် အရိပ်ရှာပြီးနားကြရသည်။ ချွေးတဒီးဒီးကျနေကြ၏။ ဖြူဆွတ်သောအသား တွေလည်း နေလောင်ကုန်ကြပြီ။ လူကြီးများနှင့်အပြိုင် သူတို့လေးတွေ ချီတက်နေကြ၏။ စတင်ချီတက်ပြီး ၁ နာရီကျော်ကျော်တွင် State Route 166 E ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြ၏။ တောင်တက်တောင်ဆင်း ကားလမ်းမကြီးများဖြစ်သည်။


မွန်းလွဲ ၁ နာရီခွဲပြီ။ State Route 166 E လမ်းကြောင်းပေါ်မှာ လျှောက်နေကြဆဲပါ။ ယခုအထိ နေ့လည်စာ မစားကြရသေးပါ။ ပင်ပန်းနွမ်းနယ်သော သဏ္ဍာန်တချို့ကိုတွေ့ရ၏။ မနိုင်တဲ့ကလေးတွေနားလို့ရပါတယ် ပြောသော်လည်း မနားကြပါ။ ဇွဲရှိကြပါ၏။ မကြာမီ တောင်ကုန်းငယ်တခုကို စ၍ဆင်းကြပြီ။ ၂ မိုင်နီးပါး မျက်စိတဆုံးမြင့်တက်နေသော တောင်တက်ကားလမ်းမကြီးကိုလည်း တွေ့နေရ လေ၏။ အလွန်မြင့်၏။ မော်မကြည့်ဝံ့ပါ။ နေအပူရှိန်အလွန်မြင့်နေပြီး အပူချိန် ၉ဝ ဒီကရီဖာရင်ဟိုက်ကျော်နေသည်။ အရိပ်ခိုစရာ မရှိပါ။ တောင်ကုန်းငယ်မှအဆင်း ၂ မိုင်ခန့်အမြင့် တောင်ကြီးကို မတက်မီ အသက် ၆ဝ ခန့်လူကြီးတဦး လမ်းဘေးကားထိုးရပ်ပြီး ကျွန်ုပ်တို့ကို ရေခဲရေတိုက်ပါလေ၏။

“US 6 ဟိုင်းဝေးလမ်းပေါ် လျှောက်နေတာ မြင်တော့ ကျနော်အိမ်ပြန်ပြီး ရေခဲရေစီစဉ်တယ်။ ပြန်ထွက်လာပြီး US 6 ဟိုင်းဝေးလမ်းအတိုင်းလိုက်ရှာတော့ မတွေ့တော့ဘူး။ ကျနော်စဉ်းစားတယ် ကလေးတွေပါတော့ ဒီလောက် မမြန်နိုင်ဘူး။ ငါ လမ်းကြောင်းလွဲနေတာဖြစ်မယ်ဟုတွေးပြီး State Route 44 E ဘက်ကို လိုက်ရှာတော့မှ အခုတွေ့တယ်”ဟု အားပါးတရပြောပြီး ရေခဲတုံးငယ်များပါသည့် သောက်ရေအေးအေးများ တိုက်ကျွေးခဲ့ပါ၏။ ထို့အပြင် ကျွန်ုပ်တို့နှင့်စကားလက်ဆုံကျပြီး အကျိုးအကြောင်း နားလည်သွားသည့်အတွက် ထောက်ခံလက်မှတ်ကိုပါ ရေးထိုးသွားလေ၏။ အပူရှိန်အလွန်မြင့်ကြောင်း အရိပ်မှာ နားနားပြီးလျှောက်စေ လိုကြောင်း၊ ကားများကို သတိပြုစေလိုကြောင်း မှာကြားကာ နှုတ်ဆက်ထွက်ခွာသွားလေ၏။

၂ မိုင်ခန့် တောင်တက်လမ်းကို စတက်ကြပြီး ခြေလှမ်းများက နှေးလာကြပြီ။ အမေရိကန်တက္ကသိုလ် ကျောင်းသူကြီးလည်းမဟန်တော့။ အားလုံးပင်ပန်းနေကြပြီ။ မွန်းလွဲ ၂ နာရီထိုးတော့မည်။ တောင်ထိပ်ရောက်မှ ထမင်းစားကြမည်ဟု သန္နိဋ္ဌာန်ချလိုက်ကြသည်။ ကဲ ချီတက်ကြစို့။ ပူသည်။ အလွန်ပူသည်။ ဒီထက်ပို၍ပူသည်။ သွေးစိမ့်စိမ့်ယိုစီးမတတ်ပူ၏။ မီးလိုပူ၏။ ဒီတောင်ကိုမော်မကြည့်ဝံ့ပါ။ တလှမ်းချင်းလှမ်းနေကြ၏။ မွန်းလွဲနေက ကျုပ်တို့ကို ကမBာ့မီးလောင်တိုက်ထဲသို့ဆွဲခေါ်နေသကဲ့သို့ရှိ၏။ ဇွဲ၊ စိတ်ဓာတ်၊ ကြံ့ခိုင်မှု ဒါတွေကို အရင်းတည်ပြီးချီတက်နေကြသည်။ ကျုပ်တို့ပူတယ်ဆိုတာ မြန်မာနိုင်ငံပြည်သူတွေ စစ်ဖိနပ်အောက်မှာ ပူနေကြရတဲ့ အပူမီးဒုက္ခ တွေလောက် မပူပါဘူးဟုတွေးရင်း အံကိုတင်းတင်းကြိတ်ကာ ချီတက်နေကြ၏။


“မင်းဆွေဦးရေ တို့လူတွေ စိတ်ဓာတ်အခြေအနေဘယ်လိုရှိလဲ”ဟုစာရေးသူ တိုးတိုးကပ်မေးလိုက်သည်။ “ကောင်းတယ်ဦး ကျနော် ဖြည်းဖြည်းချင်းတွဲခေါ်လာခဲ့မယ်” ဟုပြန်ဖြေရင်း ကျွန်ုပ်တို့အားလုံးညီညီညာညာဖြင့် အလွန်မြင့်သော တောင်တက်ကားလမ်းမကြီးကို ကုန်း၍ရုန်း၍တက်ခဲ့ကြသည်။ မောဟိုက်နေပြီး ချွေးအလွန်ထွက်နေကြ၏။ ရေခဲရေကိုကူနေရ၏။ မွန်းလွဲ ၂ နာရီမှာ ကျွန်ုပ်တို့ ဒီတောင် ကိုကျော်နိုင်ပြီ။ အခုတော့တောင်ထိပ်ကိုရောက်ကြပြီ။ တောင်ထိပ်သစ်တောအုပ်ဘေးမှာ အနားယူရင်း နေ့လည်စာလို့ ခေါ်မလား မွန်းလွဲစာလို့ခေါ်မလား မသိသောအစားအစာကို ကျွန်ုပ်တို့စားကြပါစို့။



ရဲဘော်စောငိုတယောက် ပူလွန်းတော့အင်္ကျီချွတ်ပစ်ပြီ။ ရဲဘော်ကဘော်ယူက မြက်ခင်းပြင်ပေါ်မှာ ခြေပစ်လက်ပစ် အိပ်ချလိုက်သည်။ ဘယ်သူ့ကိုမျှ စကားမပြောနိုင်တော့ပါ။ မျိုးဆက်သစ်သမီးငယ် မချောငြိမ်းကျော်ကို စာရေးသူကလက်မထောင်ပြရင်း အခြေအနေကောင်းလား မေးလိုက်၏။ မချောငြိမ်းကျော်လည်း လက်မပြန်ထောင်ပြရင်း အခြေအနေကောင်းကြောင်း အကြောင်းပြန်၏။ အမေရိကန်သူ Rachel Burering ကတော့ ဒီနေ့တော်တော်ထိတယ်ဟုပြောရင်း ဘာမှမစားနိုင် မသောက်နိုင် သေးဘဲ မြက်ခင်းအရိပ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ အားလုံးပင်ပန်းနေကြပြီကိုသိသော ကျွန်ုပ်စာရေးသူက ပျော်ရွှင်နိုင်ကြစေဖို့ ဟာသတွေ ရွှန်းရွှန်းဝေအောင်ပြောရတော့၏။ ဒီတော့မှ မျိုးဆက်သစ်လူငယ်များလည်း မောဟိုက်နေသည့်ကြားက အားပါးတရ ပါးစပ်မပိတ်နိုင်အောင် ရယ်နိုင်ကြလေတော့၏။

၄၅ မိနစ်ကြာ အနားယူရင်းစားသောက်ကြလေ၏။ သို့သော် ကျွန်ုပ်တို.အများစုမှာ အစားအသောက်မဝင်ကြပါ။ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရှေ့ခရီးသို့ State Route 166 E အတိုင်း စတင်ချီတက်ခဲ့လေ၏။ ၄၅ မိနစ်၊ ၁ နာရီခန့်တွင်တကြိမ်အနားယူကြရင်း ချီတက်လာခဲ့ကြရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဒီကနေ့အနားယူကြမည့် ခရီးဆုံးမှတ်တိုင်ဖြစ်သော State Route 166 E နှင့် State Route 528 လမ်းမကြီးတို့တွေ့ဆုံကြရာနေရာသို့ ရောက်လာကြလေတော့၏။ ဤနေရာသည် Ohio State, Chardon မြို့မှ အရှေ့မြောက်ဘက် ၁၄ မိုင်ခန်ဝေးသောနေရာဖြစ်လေ၏။


ကဲ ရဲဘော်တို့ အားလုံးအနားယူလိုက်ကြစို့။ ကျွန်ုပ်တို့အားလုံး လမ်းခွသစ်ပင်ကြီးတပင်၏ အရိပ်အောက်မြက်ခင်းပြင်ပေါ်မှာ ပက်လက် လှန်ကာ အနားယူလိုက်ကြလေတော့၏။



Photos and News by Kyaw Tun

Thursday, June 25, 2009

မိုင် ၉၀၀ ခရီးရှည်၏ ၂၆ ရက်မြောက်နေ့ ခရီးစဉ် 26th day of 900 miles for Long March


အမေရိကန်သူတဦးနှင့် မျိုးဆက်သစ်တို့အားပေးလာပြီ
၂၆ ရက်မြောက်နေ့ (ဇွန်လ ၂၄ ရက်၊ ၂ဝဝ၉)


မနေ့ကရပ်နားခဲ့သော Burton HTS BLVD နှင့် State Route 44 N မှ ကျွန်ုပ်တို့စတင်ခဲ့ကြ၏။ ဒီကနေ့တွင် လေငြိမ်၍ နေအလွန်ပူနေ၏။ ကျွန်ုပ်တို့နှင့်အတူ မျိုးဆက်သစ်သမီးငယ် မသန်းသန်းချို (၁၁ နှစ်) လည်း ဒီကနေ့တွင် အားပေးလမ်းလျှောက်နေ၏။ Akron မြို့တွင်နေထိုင်သော အဖဦးခင်မောင်ချင်းနှင့် အမိဒေါ်ချိုတို့၏ သမီးကလေးဖြစ်၏။ မနက်ကတည်းက နေပူကျဲကျဲတွင်လျှောက် ကြရ၏။ တောင်ကုန်းအတက်လမ်းများ ကိုလည်း ဖြတ်ကျော်ကြရ၏။

State Route 44 N အတိုင်းမြောက်ဘက်သို့ဦးတည်နေကြရာ New Bury နှင့်Geauga ရွာတို့ကို ဖြတ်ကျော်ပြီး ချိန်၌ မွန်းတည့် ၁၂ နာရီခွဲ နေပေပြီ။ အရိပ်မရှိ ပူပြင်းနေသောဤလမ်းတွင် ဒီကနေ့ခရီးမတွင်ခဲ့။ ကျွန်ုပ်တို့၏ စိတ်ဓာတ်များကတော့ အားသစ်များဖြင့် ပြည့်နေဆဲပါ။ ရဲဘော်မင်းဆွေဦးတယောက် သီချင်းတအေးအေးဖြင့် ဒီနေ့မနက် လန်းဆန်းနေ၏။

မွန်းလွဲ ၁ နာရီထိုးခါနီးတွင် US 322 Highway လမ်းခွအနီးက သစ်တောအုပ်တခုထဲမှာ နေ့လည်စာ စားလိုက်ကြ၏။ ရဲဘော်တချို့ ထမင်းမစားနိုင်ကြပါ။ မောမောနှင့်စားလျှင် ထမင်းမစားနိုင် ကြသည်ကတကြောင်း၊ ရာသီဥတုအပူရှိန်ကြောင့် အစားအသောက်ပျက်နေ သည်ကတကြောင်းကြောင့် ထမင်းစားချင်စိတ်မရှိကြပါ။ ဒီရက်ပိုင်းအတွင်း ပါးစပ်ပျက်နေကြလေ၏။ ရေကိုသာ ဖိသောက်နေကြ၏။

ထမင်းစားပြီး ၅ မိနစ်ခန့်နားကြ၏။ ဆက်လျှောက်ချိန်၌ State Route 44 N သည် US 322 Highway လမ်းဆုံကို ဖြတ်ကျော်၏။ မွန်းလွဲ ၂ နာရီခွဲတွင် ၄၄ လမ်းဘေးက Walter C Best Preserve လို့ ဆိုင်းဘုတ်တပ်ထားတဲ့ လမ်းဘေးမြက်ခင်းပြင်အရိပ်မှာ ခေတ္တနားကြ၏။ ထိုစဉ် Chardon မြို့မှ သတင်းထောက်တဦး ရောက်လာ၏။ကျွန်ုပ်တို့မကြာမီ Chardon မြို့ကို ဖြတ်ကျော်တော့မည်။ ဤနေရာသည် မြို့အဝင်တွင်ရှိသော မြက်ခင်းဧရိယာတခုဖြစ်၏။

Chardon မြို့မှ သတင်းထောက် Glan Miller သည် ၎င်းသိလိုသော အချက်အလက်များအား ကျွန်ုပ်တို့နားနေရာနေရာတွင် အသေးစိတ် တွေ့ဆုံမေးမြန်းလာ၏။ ၎င်း၏အသံဖမ်းကက်ဆက်ငယ်ဖြင့် အသံဖမ်းလေ၏။ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေ၊ ကျွန်ုပ်တို့လမ်းလျှောက်နေရခြင်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက်နှင့် ခရီးအစအဆုံး လမ်းလျှောက်နေကြသည့် ရဲဘော်အရေအတွက်တို့ကိုပါ အသေးစိတ်မေးမြန်းသွား၏။ ထို့နောက် Chardon မြို့မှ ၎င်းဆီးကြိုနေမည် ဖြစ်ကြောင်း ပြောဆိုနှုတ်ဆက်ကာ ကျွန်ုပ်တို့ချီတက်ဝင်ကြတော့မည့် Chardon မြို့မှ ကြိုတင်စောင့်နေရန် ထွက်ခွာသွားလေ၏။

Chardon မြို့သို့အဝင်သည် လေတဖြူးဖြူးတိုက်ခတ်နေသဖြင့် အလံများကတလူလူလွင့်နေလေ၏။ ဒီကနေ့လမ်းတလျှောက် မည်သည့်ယာခင်း၊ မည်သည့်ပန်းခြံ၊ မည်သည့်ရေကန်မှ မတွေ့ခဲ့ရတော့ပါ။ နေအလွန်ပူနေပါ၏။ တလူလူလွင့်နေသောအလံများနှင့် ညီညီညာညာတန်းစီလျှောက်ဝင်လာသော ကျွန်ုပ်တို့အား မြို့နေလူတို့အလွန် စိတ်ဝင်စားနေကြလေ၏။ ပြေးပြေးလွှားလွှား ထွက်ကြည့် ကြ၏။ လက်ခုပ်လက်ဝါးတီး၍ အားပေးကြ၏။ ကျုပ်တို့ရင်ထဲက ပီတိနက်ရှိုင်းစွာရိုက်ခတ်တိုးဝင် ခံစားလိုက်ရပါလေ၏။

ဒီထက်ပို၍ အံ့သြစရာ၊ချီးကျူးစရာပြောရပေဦးမည်။ Chardon မြို့တွင်းသို့ဖြတ်လျှောက်ချီတက်တွင် အမေရိကန်တက္ကသိုလ်ကျောင်းသူ တဦး ကျွန်ုပ်တို့အားမိတ်ဆက်လာ၏။ အကျိုးအကြောင်း အသေးစိတ်ပြောဆိုဆွေးနွေးကြကာ မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ရေးထိုးရင်း ၎င်းလည်းပါဝင်လမ်းလျှောက်ချီတက်ချင်ပါသည်ဟု ကမ်းလှမ်းလာသည့်အတွက် ကျွန်ုပ်တို့ဝမ်းသာအားရ ကြိုဆို ခဲ့ပါ၏။ ကျွန်ုပ်တို့နှင့် ဒ်ီကနေ့ခရီးဆုံးအထိလမ်းလျှောက်ဖြစ်ခဲ့ကြ၏။

Ohio ပြည်နယ် Kent မြို့ Kent တက္ကသိုလ်တွင် Communication ဘာသာရပ်ဖြင့် ကျောင်းတက်နေသူ နောက်ဆုံးနှစ် ကျောင်းသူ Reachel Bruering သည် ဒီကနေ့ခရီးတွင် Chard မြို့တွင်းတနေရာမှစ၍ ခရီးအဆုံးအထိ ကျွန်ုပ်တို့နှင့်အတူ အားပေးချီတက် လမ်းလျှောက်ခဲ့လေ၏။ Akron မြို့မှ မျိုးဆက်သစ် မသန်းသန်းချို (၁၁ နှစ်)၊ Chardon မြို့မှ Kent တက္ကသိုလ်ကျောင်းသူ Reachel Bruering တို့အား ကျွန်ုပ်တို့၏ မိုင်ပေါင်း ၉ဝဝ ခရီးရှည်ချီတက်နေသည့်အဖွဲ့မှ ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါ၏။

State Route 44 N အတိုင်း Chardon မြို့တွင်းသို့ဖြတ်ဝင်ကာ မြို့လယ်ရောက်သောအခါ S Hambdon St ရှိရာ လက်ျာဘက်သို့ ကွေ့ချိုးဝင်ပြီ ဆက်လက်ချီတက်ခဲ့ကြလေ၏။ မကြာမီမှာပင် S Hambdon St နှင့် Grand St အ တို့ဆုံရာ လမ်းခွသို့ရောက်ကြလေ၏။ ထိုနေရာလမ်းထောင့်တွင် ကျွန်ုပ်တို့ယနေ့ခရီးစဉ် အဆုံးသတ်ခဲ့လေတော့၏။ အမေရိကန်တက္ကသိုလ်ကျောင်းသူကတော့ ကျွန်ုပ်တို့နှင့် မနက်ဖြန်ဆက်လျှောက်ရင်း အားပေးလိုကြောင်းပြောလာသည့်အတွက် လှိုက်လှိုက်လှဲလှဲကြိုဆိုရင်း နှုတ်ဆက်ခဲ့ကြလေတော့၏။

Phots and News by Kyaw Tun

Tuesday, June 23, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၅ ရက်မြောက်နေ့ ခရီး 25th day of 900 miles for Long March

State Route 44 N လမ်းကြောင်းပေါ်ရောက်ပြီ

၂၅ ရက်မြောက်နေ့ (ဇွန်လ ၂၃ ရက်၊ ၂ဝဝ၉)

Akron မြို့၏အရှေ့မြောက်ဘက် မိုင် ၃ဝ ကျော်ဝေးသည့် Munn Rd လမ်းကြောင်းပေါ်မှာ ဒီကနေ့ စချီတက်ကြသည်။ မနေ့က အဆုံးသတ်ခဲ့သည့်နေရာသည် ဒီကနေ့ခရီး၏ အစဖြစ်သည်။ မနက်ပိုင်းတွင် နေပူနေသော်လည်း အပူရှိန်က မမြင့်ပါ။

မနေ့က ကိုယ်လက်ကိုက်ခဲသဖြင့်အနားယူခဲ့ရသော ရဲဘော်ကျော်ရှိန်လည်း သက်သာသွားပြီဖြစ်၍ ဒီကနေ့ ဆက်လက်ချီတက်နိုင်ပြီ ဖြစ်သည်။ ဒီကနေ့တွင်လည်း မောင်ငြိမ်းချမ်းတယောက်ပါလာပြန်၏။ သို့ဖြစ်၍ ချီတက်ရဲဘော် ၆ ယောက်နှင့်စာရေးသူအပါအဝင် အာလုံး ၇ ယောက် ဖြစ်သွား၏။


မြောက်ဘက်သို့ဦးတည်နေသော Munn Rd တွင် မိနစ် ၃ဝ ခန့်လျှောက်ပြီးကြသောအခါ အရှေ့ဘက်သို့ ဦးတည်သွားမည့် Bartholomeow Rd ထဲသို့ချိုးကွေ့ပြီး ဆက်လက်ချီတက်ခဲ့ကြ၏။ Bartholomeow Rd သည်လည်း တောင်ကုန်းအတက်အဆင်းလမ်း ဖြစ်လေ၏။ ထိုလမ်းသည် Oak Valley ကိုဖြတ်ဖေါက်ထားသော လမ်းကြောင်းဖြစ်၏။ State Route ဟုအမည်တပ်ထားသော အမေရိကားလမ်းများသည် ကျေးလက်ဒေသများ ကို ဖြတ် ဖေါက်ထားသော လမ်းကြောင်းများဖြစ်သည်ကို ကျွန်ုပ်တို့ဗဟုသုတအဖြစ် သိရှိရ၏။ Bartholomeowလမ်းဘေးတွင် မြင်းများမွေးထားသောခြံများကို နေရာတချို့တွင်တွေ့ရ၏။

ခြံကျယ်ကြီးများဖြစ်ပြီး အိမ်ရှေ့ပိုင်းတွင် ရေကန်၊ ပန်းခြံများဖြင့် အလှတန်ဆာဆင်ထားသည်ကို မြင်တွေ့ခဲ့ကြ၏။ ထိုလမ်းသည် ကျွန်ုပ်တို့ဦးတည်နေရာ အရှေ့ဘက်သို့ ကြည့်လိုက်လျှင် ရေလှိုင်းများပမာ အလိပ်အလိပ် တောင်ကုန်းများက ဖြည်းဖြည်းချင်းမြင့်တက်သွားသည်ကို တွေ့ကြရ၏။ ၂ မိုင်ခွဲခန့် လျှောက်ရသည့် Bartholomeow ပေါ်ရှိ Oak Valley ကျေးလက်ရွာငယ်ကလေးသည် ပန်းပင်၊အရိပ်ရပင်တို့ အပြင် ရံဖန်ရံခါ အာလူးစိုက်ခင်းနှင့် ပြောင်းစိုက်ခင်းတချို့ ကိုလည်း တွေ့ရလေ၏။

အထက်ပါလမ်းအတိုင်း ချီတက်ကြပြီး State Route 44 နှင့်ဆုံတွေ့ချိန်၌ မြောက်ဘက်သို့ဦးတည်သွားမည့် State Route 44 N လမ်းသို့ ကူးပြောင်းချီတက် ကြလေ၏။ State Route 44 N လမ်းတွင် ပထမဦးဆုံး Ladue ရွာကိုဖြတ်လျှောက်ရသည်။ ထိုလမ်းကြောင်းတွင် Ladue ရေကန်ကို မြင်တွေ့ ကြရ၏။ စတင်လျှောက်ချိန်မှ ၁ နာရီ ၄၅ မိနစ်ခန့်အကြာတွင် ရောက်ခဲ့ကြသော Ladude Lake ရေကန်ဘေးတွင် ခေတ္တနားကြ၏။ ယခုအချိန် တွင် ကားပေါ်ပါလာသောသောက်ရေပင် ကုန်နေပြီဖြစ်ရာ လက်ဆေးရန်ယူလာသောရေကိုပင် သောက်ဖြစ် ခဲ့ကြလေ၏။ ယခုအချိန်အထိ ဓာတ်ဆီဆိုင်မတွေ့၊ ဈေးဆိုင်မတွေ့ကြရသေးပါ။


ကြာပန်းများနှင့်အတူ အစိမ်းရောင်တို့ဖြင့် လှပနေသော ရေဝမ်းဘဲများက ထိုရေကန်တွင်မြူးပျော်နေကြ၏။ ကျွန်ုပ်တို့လည်း ရှိတဲ့ရေကို သောက်၊ ခေတ္တနား၊ ရေကန်မှာခြေလက်ဆေး၊ အပေါ့အပါးသွားကြ၊၊ ပြီးတော့ ရှေ့ခရီးဆက်ရလေ၏။ မောင်ငြိမ်းချမ်းကတော့ ကလေးပီပီ ရေကူးဖို့ပူဆာလေ၏။ နောက်မှလာကြတာပေါ့ဟု ဖြေသိမ့်ရင်း ညီညာစဉ်ကာစီပြီး အလံများတလူလူလွင့်ရင်း State Route 44 N လမ်းအတိုင်း ခရီးဆက်ကြ လေတော့၏။ နေပူရှိန်မြင့်လာပေပြီ။ ယခုအခါမှာတော့ ကျွန်ုပ်တို့၏အရေပြားတွေက ခြောက်သွေ့ပြီးအရေခွံ တချို့ ကွာနေလေပြီ။

လမ်းဘေးတလျှောက်အလေ့ကျပေါက်နေသော ပန်းခင်းမျိုးစုံကိုတွေ့ရ၏။ ထိုပန်းများသည် မြန်မာပြည်တွင်စီးပွားဖြစ်အလှစိုက်ရောင်း ချ၍ရသော ပန်းများဖြစ်၏။ အမေရိကားတွင်လည်း ဈေးကွက်ထဲ၌ တွေ့နိုင်သည့်ပန်းများဖြစ်လေ၏။ သို့သော် ယခုလမ်းဘေးတွင် အလေ့ကျပေါက်နေသည်ကို တွေ့နေရ၏။

ယနေ့ဖြတ်လျှောက်ခဲ့သောရွာများတွင် Munn ရွာနှင့် Oak Valley ရွာတို့သည် Bartholomeow လမ်းဘေးတွင်ရှိပြီး၊ Lude ရွာ၊ Sun Valley နှင့် Oak Valley ရွာတို့မှာ State Route 44 N လမ်းဘေးတွင်ရှိ ကြ၏။ ယနေ့တွင် အလွန်ရေငတ်နေကြ၏။ ကျွန်ုပ်တို့ ရေလိုနေကြပြီ။ ယခုအချိန် ရေအေးအေးတခွက်လောက် တိုက်လျှင် နိဗ္ဗာန်ဘုံရောက်သွားသကဲ့သို့ ခံစားကြရမည်လားဟု အတွေးရောက်မိ၏။

Lude ရွာကိုကျော်ပြီး မိနစ် ၃ဝ လျှောက်လျှင် အရှေ့နှင့်အနောက်သွယ်တန်းထားသော US 422 အဝေးပြေး လမ်းမကြီး၏ တံတားကို တွေ့ရမည်။ ထိုတံတားအောက်မှ State Route 44 N လမ်းကြောင်းအတိုင်း ဖြတ်သန်း ပြီးချိန်၌ ကျွန်ုပ်တို့အား စိတ်ဝင်စားသူတဦး ကားဖြင့် ရောက်လာလေ၏။ ၎င်း၏အမည်မှာ Ryan Lind ဖြစ်ပြီး၊ ကိုယ်ပိုင် Blog ရှိသူဖြစ်၏။ မြန်မာပြည်တွင် နာဂစ်မုန်တိုင်း မိစဉ်က ၎င်းတို့လည်း အလှူငွေများကောက်ခံပြီး လှူခဲ့၏။မြန်မာနိုင်ငံအကြောင်း နှိုက်နှိုက်ချွတ်ချွတ်သိသူဖြစ်၏။ Burma နှင့် Myanmar ဆိုသော အသုံးအနှုန်း ကွဲပုံကိုပါ သိသူဖြစ်၏။ ၎င်းက ကျွန်ုပ်တို့အား သိလိုသမျှမေးမြန်းကာ မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာ တွင်လည်း လက်မှတ်ရေးထိုးသွားလေ၏။ ၎င်း၏ Blog http://reametpaper.blogspot.com တွင်တင်ရန် ဓာတ်ပုံအမှတ်တရ ရိုက်သွား၏။


နေ့လည် ၁၂ နာရီကျော်ကျော်တွင် နေ့လည်စာကို လမ်းဘေးတနေရာ၌ စားကြ၏။ သို့သော် အချို့သောရဲဘော်များ နေ့လည်စာ မစားကြပါ။ သောက်ရေကိုသာ တောင့်တနေခဲ့ကြပါ၏။ ကျွန်ုပ်တို့အရေးတကြီး ရေလိုနေပါပြီ။ Little Punderson Lake ရောက်ခါနီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် State Route 44 N လမ်းဘေးက ရှားရှားပါးပါးဈေးဆိုင်တခုကို တွေ့လိုက်ရ၏။ ‘ရေ ရေ သောက်ရေ’ ထိုဆိုင်တွင် ဝင်ဝယ်၏။ အကပ်လိုက်မရပါ။ တဂါလံဝင် ပလပ်စတစ်ပုံးနှင့် ရေပုလင်းတချို့သာတွေ့လေ၏။ ရေခဲသေတ္တာထဲထည့်ထားသော သောက်ရေ ဂါလံဗူးဝယ်ပြီး ထိုဆိုင်၏အရှေ့ဘက် လမ်းတဘက်ခြမ်း အရိပ်တွင်ထိုင်ကာ အငမ်းမရသောက်ဖြစ်ကြလေတော့၏။ ထိုအချိန် သည်ကား မှတ်မှတ်ရရ မွန်းလွဲ ၁ နာရီခွဲပါ။

တအောင့်တနားထိုင်ပြီးနားကြစဉ် ဆိုင်ရှင်အမျိုးသားကြီးတဦးနှင့် ၎င်း၏သားဖြစ်သူတို့ထွက်လာကြပြီး ကျွန်ုပ်တို့အား နှုတ်ဆက်စကား ပြောကြလေ၏။ဆိုင်ရှင်အမျိုးသားကြီးမှာ မြန်မာနိုင်ငံအကြောင်း သိရှိပြီးသူဖြစ်နေပြန်၏။ကျွန်ုပ်တို့လမ်းလျှောက်နေကြသည့် ဦးတည်ချက် ရည်ရွယ်ချက်နှင့် လက်ရှိဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို ရှင်းပြပြီးသောအခါ၌ ကျွန်ုပ် တို့၏ မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာအား ထောက်ခံသောလက်မှတ်ကို ရေးထိုးလေတော့၏။


ဒီကနေ့လျှောက်နေသည့် State Route 44 N တွင် ဓာတ်ဆီဆိုင်လည်းမရှိပါ။ အထက်တွင်ဖေါ်ပြလိုက်ရသော ဆိုင်ငယ် တဆိုင်မှလွဲ၍ အခြားသော မည်သည့်ဈေးဆိုင်ကိုမျှ မတွေ့ရပါ။ ယခုရောက်နေသော State Route 44 N ၏ညာဘက် (East Side) တွင် Little Punderson Lake ရှိပြီး၊ ဘယ်ဘက် (West Side) တွင် Punderson Lake ရှိ၏။ ရေကန်ကြီးနှင့် ရေကန်အသေးဟုဆိုကြပါစို့။ ကျွန်ုပ်တို့လည်း ရေကန်ကြီး ဖြစ်သောPunderson Lake ကို State Route 44 N အတိုင်းဖြတ်ကျော်ကြရပြန်လေ၏။ ဝေ့ဝိုက်သောလမ်း၊ ကုန်းတက်ကုန်းဆင်းလမ်းတချို့ကိုကျော်ပြီး ရေကန်ကြီးကိုလွန်မြောက်ချိန်၌ State Route 44 N မှခွဲထွက်သော Burton HTS BLVD လမ်းခွဲကို တွေ့ကြရလေ၏။ ဒီကနေ့တော့ မှတ်မှတ်ရရ ဤနေရာတွင်သာ နားလိုက်ကြပါစို့။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

မိုင် ၉၀၀ ခရီးစဉ်၏ ၂၄ ရက်မြောက်နေ့ ခရီးစဉ် 24th day of 900 miles for Long March


Akron မြို့မှ အရှေ့မြောက်သို့ဦးတည်နေပြီ

၂၄ ရက်မြောက်နေ့ (ဇွန်လ ၂၂ ရက်၊ ၂ဝဝ၉)

ဒီကနေ့ US 43 N နှင့် Ethan Ave တို့ဆုံရာလမ်းဆုံမှ စတင်ကာ US 43 N လမ်းကြောင်းအတိုင်း လျှောက်ကြ ၏။ ၁ နာရီခန့် လျှောက်ပြီးချိန်၌ Aurora Valley ကိုဖြတ်ကျော်ကြ၏။ လှပအောင်ပြင်ဆင်ထားသော ရွာငယ်လေးတရွာဖြစ်၏။ တောင်ကုန်းအတက် အဆင်းများက ယခုအထိရှိနေဆဲပါ။ US 43 N သည် N Chillicothe Rd အဖြစ်ပြောင်းလဲသွားပြီး Aurora Valley ကို ကျော်ဖြတ်၏။ မြို့ပြင်အထွက် E Garfield Rd လမ်းဆုံတွင် ကျွန်ုပ်တို့ E Garfield Rd ဘက်သို့ဦးတည်ချီတက်ကြလေ၏။

ဒီကနေ့တွင် နံနက်ပိုင်းကတည်းက နေပူနေ၏။ ရဲဘော်ကျော်ရှိန်သည် တကိုယ်လုံးကိုက်ခဲနေသည်ဖြစ်၍ ဒီကနေ့အနားယူနေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ ၅ ဦးသာထွက်ခဲ့ကြလေ၏။ ကျွန်ုပ်တို့နှင့်အတူ မျိုးဆက်သစ်လူငယ်မောင်နှမ ၂ ဦးလည်းပါလာပြန်၏။ တဦးမှာ မောင်ငြိမ်းချမ်းဖြစ်ပြီး၊ နောက်တဦးမှာ ၎င်း၏အမဖြစ်သူ မချောငြိမ်းကျော် (၁၄ နှစ်) ဖြစ်၏။ ဒီကနေ့တွင် မချော (မချောငြိမ်းကျော်)က အသွက်ဆုံးဖြစ်နေ၏။ ဖြည်းဖြည်းမှန်မှန်လျှောက်ဖို့သတိပေးနေရ၏။

E Garfield Rd သို့ ချိုးဝင်ပြီး ၁ ဖာလုံခန့်အရောက်တွင် ကျွန်ုပ်တို့ အရိပ်ရှာ၍ ရေသောက်ရင်းခေတ္တနားကြ၏။ စိတ်ဝင်စားသူ တဦးသည် ကားဖြင့်ရောက်လာ၏။ ကျွန်ုပ်တို့ကိုင်ဆောင်နေသောအလံများအားလုံးကို စိတ်ဝင်တစားမေး၏။ အထူးသဖြင့် ခွပ်ဒေါင်းပုံ ပါသော NLD အလံနှင့် ကျောင်းသားအလံတို့ကို ပိုမိုစိတ်ဝင်စား လေ၏။ အလွန်အာဝဇ္ဇန်းရွှင်သူဖြစ်၏။ စကားပြော သွက်လက်၏။ ကျွန်ုပ်တို့ နှင့် စကားပြောဆိုပြီးနောက် မစ္စတာဘန်ကီမွန်းထံပေးပို့မည့်စာအား ထောက်ခံကြောင်းလက်မှတ်ရေးထိုးပေးလေ၏။ ၎င်း လက်မှတ်ရေးထိုးအပြီးတွင် ရုံးတရုံးမှ ကျွန်ုပ်တို့အား စိတ်ဝင်တစားကြည့်နေသူတချို့ထွက်လာပြီး အကျိုးအကြောင်းမေးမြန်းကာ လက်မှတ် ရေးထိုးကြပြန်လေ၏။





E Garfield Rd မှတဆင့် Eggleston Rd သို့ရောက်ချိန်တွင် နေပူရှိန်သည် အလွန်ပြင်းနေပေ၏။ ကျွန်ုပ်တို့နှင့်အတူချီတက်နေသော မောင်ငြိမ်းချမ်းနှင့် မချောတို့လည်း ပင်ပန်းနေကြသည်ကို တွေ့ရလေ၏။ သစ်ပင်ရိပ်တချို့ရှိသော်လည်း ကျွန်ုပ်တို့လျှောက်သောလမ်း ဘက်တွင် အပင်ရိပ်ကိုမရသဖြင့် အပူဒဏ်ကိုအပြည့်အဝ ခံကြရ၏။ ယခုအချိန်တွင် ကားလမ်းသည် တဘက်တွင်တလမ်းသာရှိပြီး ဘေးဘက်တွင် ကားရပ်ရန်မြေပို မရှိသလောက်ဖြစ်၏။ မောပန်းလွန်းနေကြသည့်အပြင် လူငယ်များလည်းဆာနေကြပြီဖြစ်၍ အရိပ် တခုကိုရှာဖွေကာ မွန်းလွဲ ၁ နာရီခွဲတွင် နေ့လည်စာကို Eggleston လမ်းဘေးတနေရာ၌စားဖြစ်ခဲ့ကြ၏။


Eggleston သည် တောလမ်းဟုဆိုရပေမည်။ ကားအသွားအလာကျဲ၏။ လမ်းကျဉ်း၏။ ဤသို့သော လူရှင်း၊ ကားပြတ်သည့် တောလမ်းကျဉ်းတွင် အမျိုးသမီးတဦးသည် ကျွန်ုပ်တို့ထံ ကားဖြင့်စိတ်ဝင်တစားလိုက်လာပြီး စေ့စေ့စပ်စပ်မေးမြန်းပါလေ၏။ နိုင်ငံ အကြောင်း၊ နိုင်ငံရေးအကြောင်း၊ ကျွန်ုပ်တို့အကြောင်း၊ လမ်းလျှောက်နေကြသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များအပြင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုပါ မိနစ် ၃ဝ ခန့်မေးမြန်းခဲ့ပြီးနောက် မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင် လက်မှတ်ရေးထိုး ပါလေ၏။

ကားလမ်းမှအပူပြန်သော နေပူဒဏ်သည် မျက်နှာကိုတရှိန်းရှိန်းဖြစ်၍နေလေ၏။ ထမင်းစားပြီးချိန်တွင် Eggleston အတိုင်း ဆက်လျှောက်၍ Crackel Rd အရောက်တွင် အရှေ့ဘက်သို့ဦးတည်ကာ ထိုမှ Munn Rd ထဲသို့ဝင်ကြရလေ၏။ ဒီကနေ့တွင် မျိုးဆက်သစ်လူငယ်၂ ဦးဖြစ်သော မချောငြိမ်းကျော်နှင့် မောင်ငြိမ်းချမ်းတို့လည်းနေပူရှိန်ကြောင့် အလွန်ပင်ပန်းနေကြလေ၏။ စိတ်ဓာတ် များကတော့ မာန်မချကြသေး။ ကျွန်ုပ်တို့လည်းပင်ပန်းနေကြပြီဖြစ်ရာ Munn Rd တွင် မိနစ် ၃ဝ ခန့် လျှောက်ကြပြီးနောက် ဒီကနေ့ ခရီးကို ရပ်နားရန်ဆုံးဖြတ်လိုက်ကြလေတော့၏။

သို့ဖြစ်၍ ဒီကနေ့ခရီးသည် Crackel Rd နှင့် Munn Rd တို့တွေ့ဆုံရာနေရာမှ ၂ ဖာလုံခန့်ဝေးသည့်Munn Rd လမ်း၏ လမ်းဘေး တနေရာတွင် အဆုံးသတ်လိုက်ကြလေတော့၏။



သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

Monday, June 22, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၂၃ ရက်မြောက်နေ့ ခရီး 23rd day of 900 miles for Long March

US 43 N လမ်းကြောင်းပေါ်မှာ

၂၃ ရက်မြောက်နေ့ (ဇွန်လ ၂၁၊ ၂ဝဝ၉) တနင်္ဂနွေနေ့


မနေ့က ရပ်နားခဲ့သော Cherry St က စကြပါစို့။ မောင်ငြိမ်းချမ်း (၁၁ နှစ်) လည်းပါလာပြန်၏။ တကယ့်မျိုးဆက်သစ်။ တကယ့်နိုင်ငံရေး သွေး။ ကျွန်ုပ်တို့လက်ဖျားခါလောက်သည်။ ဆက်လက်ပြီး Cherry St နှင့် Mogadore Rd တို့ဆုံရာနေရာအရောက်တွင် မြောက်ဘက် သို့ ဦးတည်သောMogadore Rd သို့ကူးပြောင်းချီတက်ကြ၏။ စတင်ချီတက်ပြီး ၁ နာရီခန့်တွင် Kent မြို့တွင်းကိုဖြတ်ကျော်၏။

Franklin Ave လမ်းအတိုင်း မြို့တွင်းကိုဝင်ကာ W Main St မှတဆင့် US 43 N သို့ချိုးဝင်ပြီး မြောက်ဘက်သို့ဦးတည်ကြရလေ၏။ US 43 N သည် Kent မြို့ကို ဖြတ်သန်းစဉ်၌ Gougler Ave လမ်း၊ N Mantua St လမ်း၊State Route 43 စသည်ဖြင့် ပြောင်းလဲ သုံးနှုန်းထားသော်လည်း US 43 N နှင့် အတူတူပင်ဖြစ်သည်။ Kent မြို့သည် ကားလမ်း၊ ရထားလမ်းတို့ပေါင်းဆုံထားရာ မြို့ငယ်တမြို့ ဖြစ်ပြီး အလွန်သာယာ၏။ ထင်ရှားသော Oak Knolls Golf ကွင်းရှိ၏။ တောင်ကုန်းအတက်အဆင်းလမ်းကြောင်း အတိုင်းမြို့ကို လှပအောင်တန်ဆာဆင်ထား၏။ အရိပ်ရအပင်ကြီးများဖြင့် လှပနေ၏။ ခဲနှင့်သဲအကြီးအကျယ်ထုတ်လုပ်ရောင်းချသောHugo Sanf Company သည် Kent မြို့အထွက်တွင် ရှိလေ၏။ Kent မြို့မှ State Rpute 43 အတိုင်းသွားလျှင် Sugar Bush Knolls ဆိုသော ရွာငယ်လေးကို မြင်တွေ့ရ၏။ တောင်ကုန်းပတ်လမ်းအတိုင်း ဖောက်လုပ်ထားသောကားလမ်းသည် ကြည့်ရသူရင်ကို သာယာကြည်နူးစေ၏။


ဒီခရီး ဒီလမ်း ကျုပ်တို့မမောပန်းပါ။ ဒေါင်းအလံတလူလူလွင့်ရင်း ချီတက်နေကြဆဲပါ။ Sugar Bush Knolls ရွာအဝင် လမ်းဘေးဝဲယာ၌ ရေကန်ကြီး ၂ ကန်ကို မြင်ကြရ၏။ Shore West Twin Lake နှင့် Shore East Twin Lake ဟုအမည်မှည့်ခေါ်ထား၏။ ဂေါက်ကွင်း ကြီးတခုကိုလည်း လမ်း၏ညာဘက် (Eastside) တွင် တွေ့ကြရ၏။ အရိပ်ကောင်းတခုကိုရှာရင်း Shore West Twin Lake ရေကန် ဘေးတနေရာ၌ နေ့လည်စာ စားဖြစ်ကြ၏။ မောင်ငြိမ်းချမ်း၏အမေ ဒေါ်ဝင်းမာထည့်ပေးလိုက်သော ဟင်မျိုးစုံဖြင့် ဒီကနေ့ ဗိုက်ဖြည့် လိုက်ကြရပေဦးမည်။ မနေ့က နေ့လည်စာမစားရသဖြင့် ခွန်အားနည်းသလိုတွေ့လိုက်ရသော မောင်ငြိမ်းချမ်းတယောက် ဒီကနေ့ နေ့လည်စာ ကို မွန်းလွဲ ၁ နာရီခွဲတွင် ကျွန်ုပ်တို့နှင့်အတူ မြိန်ရှက်စွာ စားဖြစ်သွားလေတော့၏။


ထမင်းစားပြီးပြန်အထွက် Sugar Bush Knolls သို့အဝင်တွင် အိမ်တအိမ်မှ ရေဗူးများထွက်၍ပေးလေ၏။ ၁ နာရီခန့် US 43 N အတိုင်း ကုန်းတက်ကုန်းဆင်းလျှောက်ကြပြီး နေပူဒဏ်ကြောင့်မောပန်းလွန်းသဖြင့် လမ်းဘေးသင်္ချိုင်းကုန်းတခုတွင် နားကြပြန်၏။ ကျွန်ုပ်တို့၏အတွေ့အကြုံအရ ကားရပ်လွယ်ကူသောနေရာ၊ အရိပ်ကောင်းသောနေရာ၊ တိတ်ဆိတ်ငြိမ်းချမ်းသောနေရာသည် ဤခရီး ဤလမ်း၏ဘေးတွင်ရှိသော သင်္ချိုင်းကုန်းများသာဖြစ်လေ၏။

တပါးသူ၏ အိမ်ရှေ့အရိပ်တွင် ရပ်နားခဲ့ပါက အိမ်ရှင်၏ညိုညင်မှုကိုခံရမှာ စိုးရိမ်ရ၏။ လမ်းဘေးတွင်ကားရပ်ခဲ့ပါကလည်း ကားကို ရဲက Ticket ပေးမည်စိုးရိမ်ရပြန်၏။ သို့သော် သင်္ချိုင်းကုန်းသည်ကား ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းရာ၊ အန္တရာယ်ကင်းရာ၊ နားခိုရာ နေရာကောင်းတခုဖြစ်၍ နေလေ၏။

ဒီကနေ့ ရပ်နားရာနေရာမရောက်ခင် ၂ ဖာလုံခန့်အလိုတွင် အိမ်တအိမ်မှ ရေခဲစိမ်ရေဗူးအေးအေးများ ကျွန်ုပ်တို့ကို ပေးပါ၏။ ထို့အပြင် မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာတွင်လည်း ထောက်ခံလက်မှတ်ရေးထိုးပေးခဲ့ပါ၏။ အားပါးတရရေခဲရေအေးအေးသောက်ကြရင်း ကျွန်ုပ်တို့ ရပ်နားကြမည့် US 43 N (State Route 43) နှင့် Ethan Ave လမ်းဆုံသို့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရောက်ခဲ့ကြလေတော့၏။

သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

Followers

Blog Archive