Our hunger strike for Free Burma and Daw Aung San Suu Kyi begins September 18th.

The Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi will be outside the UN everyday till September 27th from 9AM - 6PM. 
Our 9 day hunger strike will begin on September 18th, the 21st anniversary of the bloody military coup in Burma.
“Never doubt that a small group of thoughtful, committed citizens can change the world. Indeed, it is the only thing that ever has.”
-Margaret Mead

Thursday, June 11, 2009

မိုင် ၉၀၀ ခရီးစဉ်၏ ၁၄ ရက်မြောက်နေ့ 14th day of 900 miles for Long March

Attica ကိုကျော်ဖြတ်ပြီ
ဇွန်လ ၁ဝ၊ ၂ဝဝ၉ (၁၄ရက်မြောက်ခရီး)



South County Road 23 မှ စထွက်ကတည်းက မိုးဖွဲများရွာနေသည်။ ရေစိုနေသောမြက်ပင်များအကြား လမ်းလျှောက်နေကြရသည်မှာ အလွန်ခက်၏။ ဘေးလမ်းမရှိသောနေရာတွင် ကားလာလျှင် ရေမြောင်းဘက်ဆင်း၍ ရပ်ပေးနေရသဖြင့် ခရီးမတွင်ပါ။ မိုးရေထဲ သတင်းဓာတ်ပုံယူရသည်မှာလည်း ကင်မရာရေစိုသဖြင့်အခက်တွေ့ရပြန်၏။

ဒီကနေ့ စတင်လမ်းလျှောက်ပြီး ၂ နာရီခန့်အကြာတွင် ခြံဝင်းအကြီးကြီး အိမ်အကြီးကြီးထဲမှ အိမ်ရှင်အမျိုးသားတဦးထွက်လာပြီး ကျွန်ုပ်တို့ ၆ ဦးစလုံးကို သောက်ရေသန့်ဗူးများပေး၏။ ၎င်းသိလိုသောအကြောင်းအရာများကို ကျွန်ုပ်တို့စိတ်ရှည်ရှည်ဖြင့်ရှင်းပြရာ

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံတင်ပြမည့်စာတွင် လက်မှတ်ရေးထိုးလိုက်လေ၏။ ကံကောင်းပါစေ၊ အောင်မြင်ပါစေ၊ ကားတွေကိုသတိထားပြီးရှောင်ပါ စသည်ဖြင့် သတိလည်းပေး ဆုလည်းတောင်းရင်း လက်ပြနှုတ်ဆက်ခဲ့ကြ၏။

US 224 E သည် Attice မြို့ငယ်လေးသို့ဦးတည်သွားနေရာမှ Attica မြို့အဝတွင် မြို့တွင်းသို့မဝင်ဘဲ မြို့ကိုရှောင်၍ အပြင်ဘက်ကွေ့ထွက်ပြီး အရှေ့ဘက် Willard မြို့ဆီသို့ ဆက်လက်သွယ်တန်းသွားလေ၏။ မနက်ပိုင်းမှာပင် Attica မြို့ကိုဖြတ်ကျော်သွားခဲ့လေပြီ။

မွန်းလွဲပိုင်းတွင် ကျွန်ုပ်တို့၏သတင်းကားနောက်သို့ Truck ကားဖြူတစီး ကပ်၍လိုက်လာ၏။ ယာဉ်ကြော တခုတည်းမို့ လမ်းမပိတ်စေရန် ၅၅ မိုက်နှုန်းဖြင့် မောင်းနေရ၏။ ထိုကားလည်း ကပ်၍လိုက်လာပြန်၏။ လမ်းခွဲတခုထဲသို့ ကျွန်ုပ်တို့၏ သတင်းကားချိုးဝင်လိုက်သည်။ သူလည်းလိုက်ဝင်လာပြန်သည်။ သတင်းကားက အိမ်ရှေ့တခုတွင် လာရာလမ်းဘက်ဆီသို့ ဂငယ်ကွေ့ချိုးကွေ့လိုက်ရာ ထို Truck ကားက လမ်းပေါ်တွင် ရပ်စောင့်နေလိုက်၏။

Bill Smith ဆိုသူနှင့် အမှတ်တရ

သတင်းကားမောင်းသူ ရဲဘော်ကျော်ထွန်းလည်း ပြန်ကွေ့လာပြီး ထို Truck ကားဆရာကို နှုတ်ဆက်လိုက်သည်။ Truck ကားဆရာလည်းဖော်ရွေသောအပြုံးဖြင့် သူအကူအညီပေးလို၍လိုက်လာကြောင်းပြော၏။ သည်တော့မှ ရဲဘော်ကျော်ထွန်းလည်း ရင်ထဲမှာ ရယ်မိရလေတော့၏။ ကားဖြင့် အနောက်က လိုက်တွန်းနေသည်ထင်၍ ပြေးခဲ့ရသည်ကိုပြန်လည်တွေးရင်း ဖြစ်မှဖြစ်ရလေဟု ရင်ထဲပီတိတို့မွေးဖွားသွားလေ၏။

Willard မြို့နေ Truck ကားမောင်းသူ Bill Smith ဆိုသူက ကျွန်ုပ်တို့လမ်းလျှောက်နေကြသည်ကို လွန်ခဲ့သော ၂ ရက် ကတည်းက တွေ့ရှိနေခဲ့ကြောင်း၊ သတင်းစာများမှာလည်း ဖတ်ရကြောင်း၊ ဒီကနေ့တွင် အစားအသောက်များဖြင့် ဧည့်ခံလိုကြောင်း၊ ဖြစ်နိုင်လျှင် ဒီနေ့ညနေစီစဉ်ပေးလိုကြောင်း ရှင်းပြပါ၏။ ကျွန်ုပ်တို့လည်း ဒီကနေ့လျှောက်ရမည့်ခရီးစဉ်ပြီးလျှင် လာခဲ့မည်ဖြစ်ကြောင်း ကတိပေးလိုက်လေ၏။ ထိုအချိန်သည် မွန်းလွဲ ၂ နာရီခွဲ၍ ဒီနေ့ခရီးစဉ်၏တဝက်ပင်ကျော်နေပြီဖြစ်၏။

ဒီကနေ့ခရီးစဉ်၏ US 224 E လမ်းတနေရာတွင် ဆိုင်ကယ်စီးခရီးသွားတဦးလည်း ဆိုင်ကယ်ရပ်စောင့်ပြီး မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ကျွန်ုပ်တို့လမ်းလျှောက်နေကြသည့် ရည်ရွယ်ချက်၊ ဦးတည်ချက်များကိုမေးပါ၏။ စိတ်ဝင်စားသူ အခြားအမျိုးသမီးတဦးလည်း ကားဖြင့်လိုက်လာပြီး အစုံအလင်မေးလာ၏။ ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံပေးပို့မည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးပေးသွားလေ၏။

ညနေပိုင်းသည် မိုးသားအုပ်မှိုင်းနေ၏။ ရံဖန်ရံခါ မိုးမှုန်တချို့ကျ၏။ လေအေးများတိုက်နေ၏။ ထို့ကြောင့် ညနေပိုင်းသည် လမ်းလျှောက်ရ ကောင်းသည်။ သွက်၏။ US 224 E လမ်းသည် ကျေးလက်ဒေသကို ဖြတ်ဖောက်ထားသော်လည်း နေ့စဉ်အားပေးသူများကို တွေ့နေရ၏။ ကားဟွန်းသံဖြင့်အားပေးသူများကတော့ နေ့စဉ်ရိုးလွန်းနေပေပြီ။ ရေတိုက်သူ၊ မုန့်ကျွေးသူ၊ ကျွန်ုပ်တို့နှင့် ဂုဏ်ယူစွာ ဓာတ်ပုံအမှတ်တရတွဲရိုက်က်သူ၊ ဆုတောင်းမေတ္တာပို့သသူ၊ လက်မထောင်ပြသူ၊ လက်ခုပ်တီးသူ၊ စက်ဘီးဖြင့်လိုက်ကြည့်သူ၊ ကားဖြင့် လိုက်ကြည့်သူများကို မြင်တွေ့နေရ၏။ သတင်းမီဒီယာတို့ကလည်း တနယ်ဝင်လျှင်တယောက်လာ၍ သတင်းဦးဦးဖျားဖျားယူကြ၏။ ယခင်က တောလမ်းဖြစ်၍ အားပေးသူရှိပါ့မလားဟု စိုးရိမ်ခဲ့မိသည်မှာ ယခုတက်တက်စင်လွဲခဲ့လေတော့၏။ နေ့စဉ်အားပေးနေသော အမေရိကန်ပြည်သူတို့ကို ကျွန်ုပ်တို့ဂုဏ်ယူမဆုံးတော့ပါ။

ဒီကနေ့ညနေမှာ လန်းဆန်းသွက်လက်နေသည့် ကျွန်ုပ်တို့၏ခြေလှမ်းများသည် ရပ်နားရန်သတ်မှတ်ထားသော US 224 E နှင့် Paul Road တို့တွေ့ဆုံရာ လမ်းခွသို့ ညနေ ၄ နာရီတွင်ဆိုက်ရောက်ခဲ့ကြလေတော့၏။

သို့သော် အားပေးနေသူများက ရှိနေဆဲ။ လက်မှတ်ထိုးသူများကရှိနေဆဲ။ ကျွန်ုပ်တို့သယ်ဆောင်နေသော ကြယ်ငါးပွင့်မြန်မာနိုင်ငံအလံ၊ သာသနာ့အလံ၊ NLD ခွပ်ဒေါင်းအလံနှင့် ကျောင်းသားခွပ်ဒေါင်းအလံတို့ကို သိမ်းဆည်းနေစဉ် အမျိုးသမီးတဦး ကားဖြင့်ရောက်လာ ပြန်၏။ Tiffin မြို့ထုတ်သတင်းစာမှာ ဖတ်ရလို့အကြောင်းးစုံသိရှိပြီးဖြစ်ကြောင်း ယခုလာခဲ့သည်မှာ မစ္စတာဘန်ကီမွန်းထံ တင်ပြမည့်စာတွင် ထောက်ခံလက်မှတ်ရေးထိုးဖို့လာခဲ့ခြင်းဖြစ်ကြောင်း လိုရင်းတိုရှင်းပြောပြီး ရပ်ထားလျက်ရှိသော ၎င်း၏ ကားပေါ်မှာပင် လက်မှတ်ထိုးပေးလေတော့၏။ ကံကောင်းပါစေ၊ ဂုဏ်ယူပါတယ်၊ လေးစားပါတယ်၊ ဘုရားသခင်ကောင်းချီးပေးပါစေဟု ဆုတောင်းပေးပြီး နှုတ်ဆက်ထွက်ခွာသွားလေ၏။

ကျွန်ုပ်တို့၏ ဒီကနေ့တာဝန်ကမပြီးဆုံးသေး Willard မြို့က Bill Smith ဖိတ်ထားရာနေရာသို့သွားခဲ့ရပြန်ပါ၏။ အာလူးကြော်၊ ဟမ်ဘာဂါ၊ အချိုရည်၊ သောက်ရေသန့်ဗူးများ၊ ပန်းသီး၊ငှက်ပျောသီးနှင့် ထမင်းကြော်စသည်တို့ဖြင့် ဧည့်ခံပြီး

မြန်မာပြည်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ကျွန်ုပ်တို့လမ်းလျှောက်ချီတက်နေသည့် မိုင်ပေါင်း ၉ဝဝ ခရီးစဉ်၏ ဦးတည်ချက်၊ ရည်ရွယ်ချက် များအပြင် ၎င်းသိလိုသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့်အချက်အလက်များကို အပြည့်အစုံမေးမြန်းပါ၏။ အမှတ်တရဓာတ်ပုံရိုက်က်ပြီး ၎င်းက ကျွန်ုပ်တို့မစ္စတာဘန်ကီမွန်းထံတင်ပြမည့်စာကို Ohio State ၏ Congressman သို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြောလေ၏။ ကျွန်ုပ်တို့ကိုလည်း များစွာဂုဏ်ယူကြောင်းနှင့် နှုတ်ဆက်စကားပြောရင်း ဒီကနေ့တွေ့ဆုံခဲ့ရသည့်အစီအစဉ်ကို ရပ်နား ပါရစေဟု။ ။


သတင်းဓာတ်ပုံနှင့် တင်ပြသူ။ ။ ရဲဘော်ကျော်ထွန်း

2 comments:

goldentun said...

ကောင်းတာလုပ်၊ မှန်တာပြောသေကြောင့်
လူကောင်းသူကောင်း ကူညီသူအပေါင်းနဲ့ တွေ့တယ်လို့
ယုံကြည်ပါတယ်။ အားလုံးအဆင်ပြေ ချောမွေ့ပါစေဗျာ။
Heartmuseum

ကန said...

မင်းရွှေဦးရေ.... ဦးကျော်နိုင်ပါ. ဦးရှိန်၊ကိုစောငို၊ ကဘောယူ၊ ကိုမောင်မောင်တိတ်၊ ကိုကျော်ထွန်းနှင့် မင်းရွှေဦး တို.ကိုလေးစားလျှက်ပါ။

Followers

Blog Archive